Latest News

Friday, March 10, 2017

သင်္ကြန်ရုံးပိတ်ရက်တွင် အတင်းအကျပ် အချိန်ပိုခေါ်သည့် အလုပ်ရှင်များအား အရေးယူမည်

သင်္ကြန်ရုံးပိတ်ရက်တွင် အတင်းအကျပ် အချိန်ပိုခေါ်သည့် အလုပ်ရှင်များအား အရေးယူမည်

သင်္ကြန်ကာလ အများပြည်သူရုံးပိတ်ရက်အတွင်း ၀န်ထမ်းများ၏သဘောတူညီချက်မရရှိဘဲ အတင်းအကျပ်အချိန်ပိုခေါ်ယူသည့်အလုပ်ရှင်များအား အရေးယူသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောသည်။

အချိန်ပိုခေါ်ယူလိုပါက ၀န်ထမ်း၏ သဘောတူညီချက်နှင့်အတူ သက်ဆိုင်ရာမြို့နယ်ရှိ အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာနရုံးသို့ တရားဝင်စာတင်ရမည်ဖြစ်ပြီး ထိုသို့ခွင့်ပြုချက်မရရှိဘဲ အချိန် ပိုခေါ်ယူသည်ဟု တိုင်ကြားလာပါက စုံစမ်းစစ်ဆေး၍ ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

''တချို့က တရားဝင်စာတင်ပြီးလုပ်တယ်။ တချို့ကျတော့ အလုပ်သမားနဲ့ အလုပ်ရှင်ညှိပြီး ခေါ်ကျတယ်ပေါ့။ အလုပ်သမားက သဘောမတူဘဲခေါ်ရင်တော့ မြို့နယ်အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနကို လာတိုင်လို့ရပါတယ်။ အလုပ်ရှင် ဒါမှမဟုတ် မန်နေဂျာကို အရေးယူပါမယ်''ဟု ဦးညွန့်ဝင်းက ပြောကြားသည်။

၁၉၅၁ အလုပ်ရုံများအက်ဥပဒေကို ပြင်ဆင်သော ဥပဒေ၊ အခန်း ၉၊ ပုဒ်မ ၈၅ အရ ၀န်ထမ်း၏ သဘောတူညီ ချက်မရရှိဘဲ အချိန်ပိုခေါ်ယူပါက အမြင့်ဆုံး ထောင်ဒဏ် ၃ လဖြစ်စေ၊ ငွေဒဏ်သိန်း ၂၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

''အလုပ်သမားတွေက သဘောမတူဘဲ အချိန်ပိုခေါ်ခံရလို့ ကျွန်မတို့ကို လာပြောရင် ကျွန်မတို့က သက်ဆိုင်ရာ ရုံးတွေမှာ သွားပြောတယ်။ အဲဒီမှာ သူတို့က စာတင်ခိုင်းတယ်။ အလုပ်သမားတွေက စာတင်ရမယ်။ လက်မှတ်ထိုးရမယ်ဆို မတိုင်ရဲတော့ဘူး။ သူတို့နာမည်နဲ့တိုင်ရင် အလုပ်ဖြုတ်ခံရမှာကိုး။ ဒီနေရာမှာ အလုပ် သမားတွေကို သေချာအကာအကွယ်မပေးနိုင်သေးဘူး။ ဒီလို အချိန်ပိုခေါ်နေတယ် ဆိုတာသိတာနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက သွားစစ်ဆေးပြီး အရေးယူပေးရင် ကောင်းမယ်''ဟု အလုပ်သမားအဖွဲ့ချုပ် (ယာယီ)အဖွဲ့ဝင် ဒေါ်မျိုးအေးက ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလများအတွင်း ၀န်ထမ်း၏ သဘောတူညီချက်မရရှိဘဲ အချိန်ပိုခေါ်ယူသဖြင့် တိုင်ကြားလာခြင်းများရှိခဲ့ပြီး ၁၉၅၁ အလုပ်ရုံများ အက် ဥပဒေကို ပြင်ဆင်သည့်ဥပဒေပုဒ်မ ၇၃ အရ အချိန်ပိုလုပ်ကိုင်ရသော အလုပ်သမားများအား အချိန်ပိုလုပ်ခအဖြစ် မည်သည့်စရိတ်မျှမပါသော မူရင်းအခြေခံလစာ၏ နှစ်ဆကို ခံစားခွင့်ပြုရမည်ဟု ပြဋ္ဌာန်းထားသည်။
နောင်နောင်
ဓါတ်ပုံ-ရွှေဖီး
News Watch

No comments:

Post a Comment