Latest News

Monday, March 6, 2017

စိတ်ဓာတ်တော်လှန်ရေးလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

စိတ်ဓာတ်တော်လှန်ရေးလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

စိတ်ဓာတ်တွေကို ပြောင်းလဲနိုင်မှ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေးကို ပြောင်းလဲနိုင်မယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့မနက် နေပြည်တော်မှာကျင်းပတဲ့ ၂၀၁၇ မြန်မာနိုင်ငံရဲ့ အမျိုးသမီးလှုပ်ရှားမှုဆိုင်ရာ ရက်သတ္တပတ် အခမ်းအနား အဖွင့်မိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။

“ကျမတို့အနေနဲ့ ဒီမိုကရေစီတော်လှန်ရေး၊ ဒီမိုကရေစီလှုပ်ရှားရေး ဆိုပြီးတော့မှ စပြီးတော့ လုပ်လာကတည်းက ကျမ ပြောခဲ့ပါတယ်။ ကျမတို့ရဲ့ အဓိကတော်လှန်ရေးဟာ စိတ်ဓာတ်တော်လှန်ရေးပဲ ဖြစ်တယ်။ နိုင်ငံရေးတော်လှန်ရေးလည်း မဟုတ်ဘူး၊  လူမှုရေးတော်လှန်ရေးလည်း မဟုတ်ဘူး၊ စိတ်ဓာတ်တော်လှန်ရေးပဲဖြစ်တယ်။ စိတ်ဓာတ်ကို ပြောင်းနိုင်မှ လူမှုရေး၊ နိုင်ငံရေးကို ပြောင်းနိုင်မှာပါ။ ကျမတို့ စိတ်ဓာတ်တွေကို မပြောင်းနိုင်ဘူးဆိုရင် လူမှုရေး၊ နိုင်ငံရေးကိုလည်း ပြောင်းနိုင်မှာ မဟုတ်ပါဘူး။”

ဒ့ါအပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဆွေးနွေးပွဲ စကားဝိုင်းတခုကိုလည်း စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကနေ နိုင်ငံငြိမ်းချမ်းရေးအတွက် ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ် ကျင်းပသွားပါတယ်။

အစိုးရက အစိုးရတာဝန် လုပ်ရမှာဖြစ်သလို ပြည်သူပြည်သားတွေကလည်း ကိုယ့်တာဝန် ကိုယ်ကျေပွန်ရမယ်၊ စီးပွားရေးအသိုင်းအဝိုင်းကလည်း ကိုယ်လုပ်နိုင်သမျှ လုပ်ရမယ်လို့လည်း  ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ကျမတို့ရဲ့ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာ လက်ခံတယ်။ တာဝန်ဆိုတာ ဒွန်တွဲပြီးသွားရမယ်။ ကိုယ့်တာဝန်၊ သူ့တာဝန်၊ တဘက်ချည်းပဲ လုပ်ပေးပါ လုပ်ပေးပါဆိုလို့ရှိရင် ကျမ အမြဲပဲပြောတယ်၊ အစိုးရ အားလုံးလုပ်ပေးပါဆိုရင် ဘာဖြစ်လို့ ဒီမိုကရေစီလိုချင်သေးလဲ၊ အာဏာရှင်အစိုးရပဲ ထားလိုက်၊ အားလုံး လုပ်လိမ့်မယ် အစိုးရက၊ အဲလိုဆိုရင် ပြီးသွားတာပဲ။ ဒါတွေ ကျမတို့ မလိုချင်လို့ ဒီမိုကရေစီဘက်သွားတာပဲ။ လူတိုင်း လူတိုင်းမှာ ကိုယ့်လုပ်ပိုင်ခွင့်နဲ့ ကိုယ့်တာဝန်ကို သိသွားစေချင်လို့ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ဘာလုပ်ပေးနေပါတယ်ဆိုတာလည်း ထည့်ပြောသွားစေချင်ပါတယ်။”

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ အမျိုးသားများနဲ့ တန်းတူ အခွင့်အရေးရှိတယ်ဆိုပြီး ကြွားဝါပြီးပြောတာ မှန်ကန်မှုမရှိတဲ့အကြောင်းနဲ့ တရားဥပဒေစိုးမိုးမှုမရှိဘဲ အမျိုးသမီးတွေ တန်းတူရည်တူ အခွင့်အရေးရရှိရေး မဖြစ်နိုင်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

စကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေကတော့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေ၊ ရင်ဆိုင်ကြုံတွေ့နေရတဲ့  အခက်အခဲ စိန်ခေါ်မှုတွေ၊ လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပေး တိုက်တွန်းချက်တွေကို ဆွေးနွေးသွားပါတယ်။

DVB

No comments:

Post a Comment