Latest News

Saturday, March 11, 2017

ငရဲစကားတို့ လွတ်နေသည်

ငရဲစကားတို့ လွတ်နေသည်



လူမှုဝန်းကျင်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေရန် တွန်းအားဖြစ်စေသည့် ရေးသား ပြောဆိုမှုမှုများကို အစိုးရအနေနှင့် မျက်ကွယ်ပြုထားဆဲ ဖြစ်ပါသည်။

အထူးသဖြင့် လူလယ်ကောင်တွင် သေနတ်ဖြင့် အနီးကပ် ပစ်ခတ် သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သူကို ကျေးဇူးတင်ကြောင်း ကျယ်ကျယ်လောင်လောင် ပြောဆိုမှုအပေါ် တစ်စုံတရာ အရေး မယူခဲ့ပေ။

အကြမ်းဖက်မှုသည် မည်သည့်ဘာသာတရား၊ မည်သည့်လူမျိုးကမှ ခွင့်မပြုသော လုပ်ရပ်ဖြစ်သည်။

သို့သော် ထိုသို့သော လုပ်ရပ်အတွက် ဝမ်းမြောက်နေသည့် စကားသံ တနည်းအားဖြင့် ငရဲကျစေမည့် စကားသံတို့က မြန်မာလူမှု ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်မှာ ရက်သတ္တနှစ်ပတ် ဝန်းကျင်ရှိနေပြီဖြစ်သည်။

“ကြည်လင်းကို ကျေးဇူးတင်တယ်..

အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်..

အောင်ဝင်းခိုင်ကို ကျေးဇူးတင်တယ်..

ဇေယျာဖြိုးကို ကျေးဇူးတင်တယ်..”

ယင်းစကားကို မန္တလေးမြို့၊ မစိုးရိမ် (တိုက်သစ်)မှ နာယကဆရာတော် တစ်ပါးဖြစ်သည့် ဦးဝီရသူက သူ၏လူမှုကွန်ရက်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရေးသားခဲ့သည်။

စာတွင်ပါဝင်သည့် နာမည်များသည် ပြီးခဲ့သည့် တစ်လကျော်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်စဉ်တွင် ကိုယ်တိုင် ကျူးလွန်ခဲ့သူနှင့် ပါဝင်ပတ်သက်သူများ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၏ ဥပဒေရေးရာ အကြံပေးဖြစ်သူ ဦးကိုနီကို ဦးကြည်လင်းဆိုသူက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။

ယင်းသို့ ရေးသားမှုသည် နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေရန် လှုံ့ဆော်သကဲ့သို့ ဖြစ်နေကြောင်း နိုင်ငံရေးသမားနှင့် ပြည်သူအချို့က ထောက်ပြပြောဆိုသလို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်လည်းဖြစ် သတင်းစာဆရာ တစ်ဦးလည်းဖြစ်သည့် ဦးမြင့်ကျော်ကလည်း အောက်ပါအတိုင်း ပြောဆိုသည်။

“ဒီလိုဟာတွေဟာ လူမှုအသိုင်းအဝိုင်းရဲ့ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုကို ထိပါးစေနိုင်တယ်”

ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ဦးအနေနှင့် ယင်းသို့ ရေးသားမှုအပေါ် ဝေဖန်ဆန့်ကျင်သည့် မှတ်ချက်များလည်း အဆိုပါ ရေးသားမှု၏အောက်တွင် များစွာ ပေါ်ထွက်ခဲ့သည်။

လေဆိပ်လုပ်ကြံမှုကြောင့် အနာဂတ် သာသနာရေးအတွက် စိုးရိမ်မှုများ ကင်းပျောက်သွားရကြောင်းလည်း ဦးဝီရသူက ဖြည့်စွက် ရေးသားထားသေးသည်။

ဦးဝီရသူသည် အမျိုးသားရေးဝါဒီ တစ်ဦးဖြစ်ပြီး ဖြစ်သည်။ သူ၏လူမှုကွန်ရက် စာမျက်နှသည် မိတ်ဆွေဖြစ်သူ(Friend)ပေါင်း လေးထောင်ကျော်နှင့် လက်ခံဖတ်ရှုရန် ချိတ်ဆက်ထားသူပေါင်း(Follower) နှစ်သိန်းကျော် ရှိနေသည့် စာမျက်နှာတစ်ခု ဖြစ်သည်။

ယင်းအပြင် လူသတ်မှုကို ကျူးလွန်သူနှင့် ပါဝင်ပတ်သက်နေသည့် တရားခံတို့အနေနှင့် ဘုရားလောင်းနှင့် ခိုင်းနိုင်းသည့် စာတစ်ပုဒ်ကိုလည်း ယခုလဆန်းပိုင်းတွင် ထပ်မံ ရေးသားခဲ့သည်။

ဆရာတော် သံဃာတော်များ လက်လှမ်းမမီသည့် ကိစ္စတစ်ရပ်ကို ၎င်းတို့က ဝင်ရောက် လုပ်ကိုင်ပေးခြင်းဖြစ်ပြီး အနာဂတ်တွင် ကျရောက်လာနိုင်သည့် အန္တရာယ်အတွင်းမှ မြန်မာနိုင်ငံကို အနစ်နာခံ ကယ်တင်လိုက်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရသည့် စာဖြစ်သည်။

“ဘုရားလောင်းထုံး နှလုံးမူလေသလား ... တပည့်လိမ္မာ ဆရာအာပတ်လွတ် ဟူဘိသို့ ဆရာတော် သံဃာတော်များ လက်လှမ်းမမီသော ဘာသာရပ် တစ်ခုကို လက်တွေ့အကောင်အထည် ဖော်သောအားဖြင့် အနာဂတ်မှာ ကျရောက်လတံ့သော အန္တရာယ်ကြီး အတွင်းမှ အမိမြန်မာပြည်ကြီးကို စွန့်လွှတ်အနစ်နာခံ ကယ်တင်လိုက်နိုင်သော အဆက်အသွယ် လုံးဝ မရှိခဲ့သော မိတ်ဆွေကြီးလေးဦးအား အထူး ကျေးဇူးတင်ပါသည်။

ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်၊ ဇေယျာဖြိုး မိတ်ဆွေကြီး လေးဦးတို့ ဘုရားလောင်းထုံး နှလုံးမူကာ စွန့်လွှတ်အနစ်နာခံ ပေးဆပ်ခြင်းကို ထာဝရတန်ဖိုးထား လေးစားနေပါမည်။

ဦးပဉ္စင်း

ဝီရသူ(မစိုးရိမ်)...” ဟူ၍ဖြစ်သည်။

ဦးဝီရသူအနေနှင့် နာမည်ကျော် ရဟန်းတစ်ပါး ဖြစ်သည်နှင့်အညီ သူ့ကို ထောက်ခံသူများ ရှိမည်ဖြစ်သလို သူနှင့်ပတ်သက်သမျှ ပြောဆိုမှုများ၊ လုပ်ဆောင်မှုများကို စောင့်ကြည့်နေမည့်သူ များစွာ ရှိနေသဖြင့် ယင်းကဲ့သို့သော ရေးသားမှုမျိုးသည် လှုံ့ဆော်မှုသဖွယ် သက်ရောက်ကြောင်း ဦးမြင့်ကျော်က ဆိုသည်။

ဦးဝီရသူသည် သံဃာတော်များနှင့် လူပုဂ္ဂိုလ်အချို့ ပါဝင်သည့် အမျိုးဘာသာသာနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ရာ ယင်းသို့ ရေးသားမှုနှင့်ပတ်သက်၍ မဘသအဖွဲ့ကြီးက နောက်ကွယ်တွင် ပါဝင်ပတ်သက်နေသလော ဟူသည့် မေးခွန်းများနှင့် သံသယများကလည်း ထွက်ပေါ်လျက် ရှိသည်။

ဦးဝီရသူ ကိုယ်တိုင်ကမူ ယင်းရေးသားမှုများသည် မိမိတစ်ဦးတည်း သဘောထားဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုထားသလို မဘသအဖွဲ့ကြီး၏ ပြောရေးဆိုခွင့်ရ ဆရာတော် ဒေါက်တာ အရှင်သောပါက ကလည်း အဖွဲ့၏သဘောထား မဟုတ်ကြောင်း The Voice သို့ ပြောဆိုသည်။

“သူ့ဘာသူ သူ့ Facebook မှာတင်တာ သူ့ကိစ္စပဲ” ဟု ဆရာတော်က မိန့်ဆိုသည်။

အဖွဲ့က အခါအားလျော်စွာ ထုတ်ပြန်သည့် ထုတ်ပြန်ချက်များသည်သာ မဘသအဖွဲ့ကြီး၏ သဘောထားဖြစ်ကြောင်း ဆရာတော်က ထပ်မံ မိန့်ကြားသည်။

၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ အစိုးရသစ် တက်လာပြီး မကြာခင်မှာပင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မဘသအဖွဲ့ကြီး ရှိနေရန် မလိုအပ်ကြောင်း ပြောဆိုခဲ့ပြီး ရက်ပိုင်းအကြာတွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကလည်း “မဘသအဖွဲ့ကို သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်သည့် အဖွဲ့အစည်းကြီး ဖြစ်သည်ဟု ဖော်ပြခြင်းမှာလည်း လုံးဝ (လုံးဝ) မဟုတ်ပါ”ဟူ၍ ထုတ်ပြန် ကြေညာခဲ့သည်။

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါအဖွဲ့သည် တရားဝင် မှတ်ပုံတင် အဖွဲ့အစည်း မဟုတ်သော်လည်း မြန်မာ့နိုင်ငံရေး ကိစ္စများတွင် ပေါ်ပေါ်လွင်လွင် ပါဝင်ပတ်သက်လျက် ရှိသည့်အပြင် ဘာသာရေး အစွန်းရောက် ဟောပြော၊ လှုပ်ရှားမှုများ ရှိနေခြင်းနှင့် ယခင် တပ်မတော်ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ် ရှိနေခြင်းကြောင့် ဒီမိုကရက်တစ် နိုင်ငံရေးသမား အများစုက မနှစ်မြို့ကြပေ။

သိုသော် နောက်ကွယ်တွင် မဘသအဖွဲ့ကြီး၏ သဘောထားပါမပါကို အထောက်အထား မရှိသော်လည်း သံသယတော့ ဝင်မိကြောင်း ဦးမြင့်ကျော်က ဆိုသည်။

“တစ်ခါတလေမှာ တစ်ယောက်က ထွက်ပြီး သူ့ဟာသူ လှုပ်ရှားတာ ရှိတယ်၊ အဖွဲ့အစည်းကလည်း နောက်ကနေ ထောက်ခံတာမျိုး ရှိနိုင်တယ်၊ ဒါပေမဲ့ အဖွဲ့အစည်းကို မထိခိုက်အောင် အဲဒီတစ်ယောက်ပဲ ထွက်ပြီး လှုပ်ရှားတာ၊ ဒါမျိုးလည်း ရှိနိုင်တယ်။ အဲဒါမျိုးကတော့ အထောက်အထားတော့ မရှိဘူး သံသယတော့ ရှိတာပေါ့”ဟု ၎င်းက ဆိုသည်။

ယင်းသို့ ရေးသားမှုများကို လတ်တလော အချိန်အထိ အစိုးရ တစ်စုံတရာ အရေးယူခြင်း မပြုခဲ့ပေ။

လက်ရှိအချိန်တွင် အမုန်းစကား ရေးသား၊ ဖြန့်ဖြူးခြင်းများအပေါ် အရေးယူမည့် အမုန်းစကား ကာကွယ်တားဆီးရေး ဥပဒေကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ရေးဆွဲထားသော်လည်း မပြဋ္ဌာန်းနိုင်သေးရာ ယင်းသို့သော ရေးသားမှုကို အရေးယူနိုင်ရန်အတွက် တိကျသည့် ဥပဒေလည်း မရှိပေ။

သို့သော် ကျင့်သုံးဆဲဖြစ်သည့် ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ၊ ပုဒ်မ ၅၀၅(ခ) တွင် နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်စေရန်ဖြစ်စေ၊ တစ်စုံတစ်ဦးကို ယင်းသို့ ကျူးလွန်လာစေရန် ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ ထောင်ဒဏ် နှစ်နှစ်ထိဖြစ်စေ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ရန် ပြဋ္ဌာန်းထားသည်။

မဘသ အဖွဲ့အစည်းနှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက အောက်ပါအတိုင်း ပြောဆိုသည်။

“မဘသက ကျွန်တော်တို့ လက်အောက်မှာ မရှိပါဘူးခင်ဗျ” ဟု ဆိုသည်။

သံဃာတော်များ၏ အရေးကိစ္စကို သံဃာတော်များကသာ ဖြေရှင်း ဆောင်ရွက်ရန်အတွက် ၁၉၈၀ ပြည့်နှစ်တွင် ပြုလုပ်သည့် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးက ဆုံးဖြတ်ထားကြောင်း ၎င်းက ဆိုသည်။

ရဟန်းတော်တစ်ပါး၏ အကြမ်းဖက် လှုံ့ဆော်မှုအသွင် ရေးသားမှုများကို အရေး မယူသော်လည်း ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကမူ ဦးဝီရသူအပေါ် ပြစ်တင် ရေးသားမှုအတွက် သတင်းမီဒီယာသမားတစ်ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်လိုက်သည်။

ဦးဝီရသူအနေနှင့် ရဟန်းတော်များ စောင့်ထိန်းရမည့် ကိုယ်ကျင့်သီလ (ဝိနည်း) များအနက် ကြီးမားသည့်ပြစ်မှု (ပါရာဇိက)ကို ကျူးလွန်ထားသူဖြစ်ကြောင်း Myanmar Now သတင်းဌာန သတင်းထောက်ချုပ် ဦးဆွေဝင်းက ရေးသားခဲ့မှုအပေါ် မဘသအဖွဲ့ဝင်တစ်ဦးက ဦးဝီရသူကိုယ်စား အမှုဖွင့် တိုင်ကြားခြင်းဖြစ်သည်။

၆၆(ဃ) သည် မြန်မာနိုင်ငံတွင် လူပုဂ္ဂိုလ် တစ်စုံတစ်ဦးအပေါ် ဂုဏ်သိက္ခာ ထိပါးညှိုးနွမ်းစေမည့် ရေးသားပြောဆိုမှုများအတွက် အရေးယူနိုင်သည့် ပုဒ်များအနက် အလျင်အမြန် အရေးယူနိုင်ပြီး အာမခံမပေးဘဲ ဖမ်းဆီးထိန်းသိမ်းထားခွင့်လည်းရှိသည့် ပုဒ်မတစ်ခု ဖြစ်သည်။

ယင်းအပေါ် ပြည်သူလူထုအကြား အမြင်မတူမှုများ ရှိနေပြီး အများစုက ယင်းပုဒ်မကို ဖျက်သိမ်းရန် ပြီးခဲ့သည့် လများကတည်းက တောင်းဆိုလျက်ရှိသည်။

အစိုးရအနေနှင့် ယင်းသို့ လူပုဂ္ဂိုလ် တစ်စုံတစ်ဦး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည့် အမှုများနှင့်ပတ်သက်၍ အရေးယူမှုများ ရှိနေသော်လည်း နိုင်ငံ၏ ဂုဏ်သိက္ခာအပြင် တည်ငြိမ်အေးချမ်းရေးကိုပါ ထိပါးစေသည်ကိစ္စမျိုးတွင် လက်ပိုက်ကြည့်နေသည်မှာ ကြောင်းကျိုး မညီကြောင်း ဦးမြင့်ကျော်က ဆိုသည်။

“အဲဒီဟာက တကယ်တော့ အဓိပ္ပာယ် မရှိတဲ့ဟာမျိုး ဖြစ်နေတယ်”

ဦးဝီရသူသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို လူသိရှင်ကြား ရုန့်ရင်းစွာ ဆဲရေးခဲ့သူလည်း ဖြစ်သည်။

၎င်းကို ၂၀၁၃ ခုနှစ်က ကမ္ဘာကျော် Time မဂ္ဂဇင်းကလည်း ဗုဒ္ဓဘာသာ၏ အကြမ်းဖက်မှု မျက်နှာစာ (The Face of Buddhist Terror) ဟု သုံးနှုန်း ရေးသားခဲ့သေးသည်။

အမှုဖွင့်ခံရသူ ဦးဆွေဝင်းကလည်း ဦးဝီရသူ၏ ရေးသားမှုများနှင့်ပတ်သက်၍ ယခုလိုဆိုသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ရာဇဝတ်မှုတစ်ခုကို ပြောင်ပြောင်တင်းတင်း ထောက်ခံနေသူတွေကို ဥပဒေကြောင်းအရ အရေးမယူဘဲ မဆီမဆိုင် ကျွန်တော့်ကို လာအရေးယူမယ်ဆိုရင်တော့ ဒီတိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လာရင် အာဏာပိုင်တွေရဲ့ နည်းလမ်းမကျတဲ့ မူဝါဒတွေ ဘယ်လောက် အတိုင်းအတာထိ ဆက်ဖြစ်နေသလဲ ဆိုတာ ပေါ်လွင်မှာ ဖြစ်ပါတယ်”

အောင်မျိုးထက်


The Voice

No comments:

Post a Comment