Latest News

Friday, March 10, 2017

ဒဏ်ရာရခဲ့သည်မှာ ထိုက်တန်ကြောင်း အင်းနရစ် ဖွင့်ဟ

ဒဏ်ရာရခဲ့သည်မှာ ထိုက်တန်ကြောင်း အင်းနရစ် ဖွင့်ဟ

ဘာစီလိုနာ၊ မတ် ၉

ဘာစီလိုနာနည်းပြ အင်းနရစ်သည် ဘာစီလိုနာက ပီအက်စ်ဂျီကို ခြောက်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ် အပြီးတွင် အောင်ပွဲခံရာ၌ ဒူးအရွတ်များ ပျက်စီးသွားခဲပြီး အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိမှုမှာ ဘာစီလိုနာ၏ နိုင်ပွဲနှင့် နှိုင်းယှဉ်ပါက အသေးအဖွဲမျှသာ ဖြစ်သည်ဟု အင်းနရစ်က ပြောကြားသွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။

နည်းပြ အင်းနရစ်သည် ပွဲသိမ်းခရာမှုတ်လိုက်ပြီးချိန်တွင် ဘာစီလိုနာအသင်းပိုင် နျူးကမ့်ဘောလုံးကွင်း အတွင်းသို့ ဒူးထောက်လျှောထိုး ဝင်ရောက်၍ အောင်ပွဲခံခဲ့ပြီး ယင်းသို့ အောင်ပွဲခံခဲ့ရာတွင် အင်းနရစ်၏ဒူး၌ အရွတ်အချို့ ပျက်စီးသွားခဲ့ခြင်း ဖြစ်ကြောင်း ဘာစီလိုနာအသင်း ဆေးအဖွဲ့က အတည်ပြုထားပြီ ဖြစ်သည်။

ဘာစီလိုနာသည် ပွဲကစားချိန် နောက်ဆုံးခုနစ်မိနစ် အတွင်း၌ သွင်းဂိုး သုံးဂိုး ရယူ၍ နှစ်ကျော့ပေါင်းရလဒ် ခြောက်ဂိုး ငါးဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ နာကျင်အချိန်ပို နောက်ဆုံးမိနစ်တွင် ဆာဂျီရောဘတ်တိုက အသင်းအတွက် နောက်တစ်ဆင့် ဆက်လက်တက်လှမ်းနိုင်စေမည့် အဖိုးတန် အနိုင်ဂိုးကို သွင်းပေးလိုက်ချိန်၌ မည်သို့သော ခံစားချက်မျိုး ဖြစ်သွားသည် ဆိုခြင်းကို ၎င်းအနေနှင့် စကားလုံးဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာကြောင်းလည်း အင်းနရစ်က ပြောကြားသွားခဲ့သည်။

ဘာစီလိုနာသည် ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက်တွင် နှစ်ကျော့စနစ်ဖြင့် ကစားရသည့် ရှုံးထွက်အဆင့်များ၌ ပထမအကျော့ လေးဂိုးပြတ်အရှုံးကို ဒုတိယအကျော့တွင် ပြန်လည်ချေဖျက်ကာ နောက်တစ်ဆင့်သို့ ဆက်လက်တက်ရောက်သွားခဲ့သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီလည်း ဖြစ်ပြီး ယင်းနိုင်ပွဲမှာ နည်းပြအင်းနရစ် လက်အောက်၌ ဘာစီလိုနာအသင်း ကစားခဲ့သည့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ် ၁၅ ပွဲတွင် ၁၅ ပွဲ လုံး အနိုင်ရသည့် စံချိန်တစ်ရပ်ကိုပါ ဖြစ်တည်သွားစေခဲ့သည်။

နည်းပြ အင်းနရစ်သည် လွန်ခဲ့သည့် သီတင်းပတ်၌ ၎င်းအနေနှင့် လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်တွင် ဘာစီလိုနာကို ကျောခိုင်းစွန့်ခွာတော့မည်ဟု ထုတ်ဖော်အသိပေးခဲ့ပြီး ဖြစ်ကာ အင်းနရစ်နေရာကို အစားဝင်၍ ဘာစီလိုနာ နည်းပြသစ် ဖြစ်လာရန် အဲဗာတန်နည်းပြ ရော်နယ်ကိုးမန်း၊ ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီ၊ ဆီဗီလာနည်းပြ ဆမ်ပါအိုလီနှင့် ဘီလ်ဘာအိုနည်းပြ ဗယ်လ်ဗာဒီတို့က ထိပ်ဆုံးနေရာများတွင် ရေပန်းစားနေကြသည်။

The Voice

No comments:

Post a Comment