Latest News

Tuesday, March 7, 2017

ဒါရိုက်တာ ဦးနှင်းမိုးနဲ့ တွေ့ဆုံခြင်း

ဒါရိုက်တာ ဦးနှင်းမိုးနဲ့ တွေ့ဆုံခြင်း

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို မတ်လ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပသွားတော့မှာပါ။ အကယ်ဒမီ ဆုရွေးချယ်ရေး အကဲဖြတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ရုပ်ရှင် အစည်းအရုံး နာယက၊ ဒါရိုက်တာ ဦးနှင်းမိုးနဲ့ တွေ့ဆုံပြီး ဆုရွေးချယ်ရေး စည်းမျဉ်း စည်းကမ်းအချို့ကို အပြောင်းအလဲ ပြုလုပ်ရတဲ့အကြောင်း၊ ဇာတ်ဆောင်နဲ့ ဇာတ်ပို့ဆု ရွေးချယ်မှု ပြဿနာနဲ့ မှီငြမ်း ရုပ်ရှင်ကားတွေနဲ့ ပတ်သက်တဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ဒီနှစ် အကယ်ဒမီ ဆုပေးပွဲအတွက် ဆုရွေးချယ်တဲ့ စည်းမျဉ်းစည်းကမ်း အချို့ကို အပြောင်းအလဲတွေ လုပ်ထားတာလည်း တွေ့ရပါတယ်။ အဲ့ဒီအကြောင်းကနေ စပြီး ပြောပြပေးပါဦး။
HM : အကယ်ဒမီ ဆုပေးပွဲကို ဘဘတို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကနေစပြီး တာဝန်ယူ လုပ်တယ် ဆိုကတည်းက အမှားအယွင်းတွေ ဘာတွေရှိခဲ့ရင် ပြုပြင် သွားရမယ်ဆိုတာ နှစ်စဉ်လည်း ပြောခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စပြီးတော့ လုပ်ရတယ် ဆိုကတည်းက အမှားကတော့ အနည်းနဲ့အများ ရှိကောင်း ရှိနိုင်တာပေါ့နော်။ မှားတာက ဘယ်လောက် အတိုင်းအတာအထိ မှားသလဲ။ ဘယ်လောက် အတိုင်းအတာအထိ ပြုပြင်လို့ ရမလဲဆိုတာကို ကြည့်ပြီး နှစ်စဉ်ကတော့ ပြင်သွားတာပါပဲ။

Voice : ဒီနှစ်မှာ အကဲဖြတ်အဖွဲ့တွေက ဇာတ်ကားတွေကို ဘယ်လို စံချိန်စံနှုန်းတွေနဲ့ ကြည့်ရှု ရွေးချယ်ပေးကြတာလဲ။
HM : မနှစ်ကဆိုရင် အကဲဖြတ် အဖွဲ့ဝင်တစ်ယောက်ကို ဆုနှစ်ဆုအတွက်ပဲ မဲပေးခွင့် ရှိတဲ့အခါကျတော့ ဘောင်နည်းနည်း ကျဉ်းတာပေါ့နော်။ ပြဿနာက ဘယ်လိုဖြစ်နိုင်လဲဆိုတော့ ဆန်ခါတင် စာရင်းဝင် ဇာတ်ကား ၁၇ ကား ရှိတယ်ဆိုကြပါဖို့။ ဒါရိုက်တာ တစ်ယောက်က ဇာတ်ကားတွေ အကုန်လုံးကို  တစ်ကြိမ် ကြည့်ပြီးပြီဆိုရင် ဘယ်သူ့ကို ဆုပေးထိုက်တယ်၊ ဆုရော ရထိုက်လား ဆိုတာကို သိသွားပြီလေ။ နောက်ပိုင်း ဆက်ကြည့်မယ့် ဟာတွေကို သိပ်စိတ်မဝင်စားချင်တော့ဘူး။ သရုပ်ဆောင်တွေကျတော့ ဆုငါးဆုအတွက် ရွေးချယ်ပေးရတယ်ဆိုတော့ မမျှဘူးပေါ့နော်။ ဒီနှစ်မှာကျတော့ သရုပ်ဆောင်တွေကလည်း ဇာတ်ကားတွေကို ငါးခါပြရင် ငါးခါစလုံး ကြည့်ရမယ်။ မကြည့်လို့ကို မရဘူး။ ဘယ်နေရာမှာ ဘယ်လို သရုပ်ဆောင်သွားတယ်၊ ဘယ်လောက်အထိ ကောင်းတယ်ဆိုတာကို အသေးစိတ် ကြည့်ရမယ်။ အသေးစိတ် မှတ်ရမယ်။ ဒီနှစ်မှာ ဆုရွေးချယ်တဲ့ ပုံစံတွေက ပိုပြီးတော့ ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Voice : ဒီနှစ်မှာ ဇာတ်ဆောင်နဲ့ ဇာတ်ပို့ဆုအတွက် ထုတ်လုပ်သူနဲ့ ဒါရိုက်တာ တင်ပြတဲ့ စာရင်းအတိုင်း အကဲဖြတ် ကြည့်ရှုမယ် ဆိုပေမယ့် အငြင်းပွားမှုတွေ ရှိလာရင် အကဲဖြတ်အဖွဲ့က စဉ်းစားဆုံးဖြတ်မယ်လို့ ကြေညာထားတာလည်း တွေ့ရပါတယ်။ မနှစ်က ဆုပေးပွဲမှာ ဇာတ်ဆောင်နဲ့ ဇာတ်ပို့ဆုအတွက် အငြင်းပွားမှုတွေ ရှိခဲ့လို့ ဒီလို ပြင်ဆင်လိုက်တာလား။
HM : ဇာတ်ဆောင်နဲ့ ဇာတ်ပို့ဆု ရွေးချယ်ရတဲ့ ပြဿနာက နှစ်စဉ်နှစ်တိုင်း ကြုံနေရတာပါပဲ။ တကယ်တမ်းပြောရင် ဇာတ်ကားတစ်ကားမှာ ထုတ်လုပ်သူက ငွေစိုက်ထုတ်တယ်။ ဒါရိုက်တာကလည်း တစ်ကားလုံးကို ဦးဆောင်ပြီး ရိုက်ရတယ်။ သူတို့နှစ်ဦးကနေ ပြီးတော့မှ ဒီလူဟာတော့ ဇာတ်ပို့၊ ဒီဇာတ်ကောင်ကတော့ ဇာတ်ဆောင်ဆိုပြီး ခွဲခြားပေးပြီး စာရင်း တင်လာတဲ့အပေါ်မှာ မူတည်ပြီး ဘဘတို့က အကဲဖြတ် ကြည့်ရှုပေးတာပါ။ ဒီအပေါ်မှာ တချို့ကကျတော့ ဇာတ်ဆောင်ကြီး ဖြစ်ရဲ့သားနဲ့ ဘာလို့ ဇာတ်ပို့ဆု ပေးတာလဲ။ ဇာတ်ပို့ကို ဘာလို့ ဇာတ်ဆောင်ဆုပေးတာလဲဆိုပြီး ဝေဖန်ကြတယ်။ ဒါက ဘဘတို့ လုပ်တာ မဟုတ်ဘူးလေ။ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေက စာရင်းတင်တဲ့အတိုင်း ကြည့်ပေးတာပါ။ ဒီနှစ်မှာ အဲ့ဒီအချက်ကို ပြင်တယ်ဆိုတာက တစ်ခါတလေကျရင် မရိုးမသား တင်ပြတာလေးတွေ ရှိတယ်။ ကားတစ်ကားမှာ မင်းသား နှစ်လက်ဖြစ်ဖြစ်၊ မင်းသမီး နှစ်လက်ဖြစ်ဖြစ် နှစ်ယောက်စလုံးကို ဇာတ်ဆောင်အနေနဲ့ ရိုက်ထားပြီးပြီ။ နှစ်ယောက်စလုံးကလည်း ကောင်းနေတော့ ဇာတ်ဆောင်အနေနဲ့ တင်လိုက်ရင် တစ်ယောက်ပဲ ရမှာလေ။ အဲ့ဒီလိုအခါမျိုးမှာ ဘယ်လို မရိုးမသား လုပ်နိုင်လဲဆိုတော့ တစ်ယောက်ကို ဇာတ်ပို့လုပ်ပြီး၊ တစ်ယောက်ကို ဇာတ်ဆောင် လုပ်လိုက်ရင် နှစ်ယောက်လုံး ဆုရဖို့ အခွင့်အလမ်း များသွားပြီ။ အဲ့ဒီလို လုပ်လာရင် ဘဘတို့က ကိုယ့်ဟာကိုယ် ကြည့်ပြီး ဇာတ်ဆောင် ဟုတ်ရဲ့လား၊ ဇာတ်ပို့ ဟုတ်ရဲ့လားဆိုတာကို ကြည့်ပြီး စဉ်းစားမယ်ဆိုပြီး လုပ်လိုက်ရတာ။ သံသယ ဖြစ်ဖွယ်ရာရှိမှ လုပ်မှာပါ။ နှင့်မို့ကတော့ သူတို့တင်တဲ့ စာရင်းအတိုင်း အကဲဖြတ်ကြည့်ရှုမှာပါ။

Voice : ဒီနှစ်မှာ မှီငြမ်း ရုပ်ရှင်ဇာတ်ကားဖြစ်ရင် ဒါရိုက်တာနဲ့ ဇာတ်ကားဆုအတွက် မပေးဘူးလို့ ကြေညာထားသေးတယ်နော်။ အရင်ခေတ်တုန်းက မှီငြမ်း ရုပ်ရှင်ကားတွေကို ဆုတွေပေးခဲ့တာ ရှိတာပဲလို့ အနုပညာရှင်အချို့က ဝေဖန်ကြတဲ့အပေါ်ရော ဘယ်လို ဖြေရှင်းချင်လဲ။
HM : ဘဘတို့ မြင်တာကတော့ အရင်အစိုးရ လက်ထက်ကတည်းက ဘာသာပြန်ရုပ်ရှင်တွေ ပြန်ရိုက်တာတို့၊ ဘာသာပြန် ဝတ္ထုတွေကို ပြန်ရိုက်တာတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေ သတ်မှတ်ထားတာ ရှိပါတယ်။ တချို့က မှီးပြီး ရိုက်တယ်ဆိုပေမယ့် လုံးဝကို နိုင်ငံခြား အငွေ့အသက် ပျောက်ပြီးတော့ မြန်မာ့ရနံ့သင်းအောင် ရိုက်နိုင်ကြတာတွေ အများကြီး ရှိတယ်။ ဒါမျိုး ရိုက်ရင်တော့ ဟိုတုန်းက ခွင့်ပြုခဲ့တယ်။ ဒီဘက်ခေတ်မှာလည်း ကိုရီးယား၊ တရုတ်ကားတွေ မှီးရိုက်ပေမယ့် မြန်မာနည်း မြန်မာ့ဟန်နဲ့ ပြုပြင်ပြီး ရိုက်တယ်ဆိုရင် အကဲဖြတ်အဖွဲ့တွေက မသိလိုက်တဲ့အခါမှာ ဆုပေးတဲ့အထဲ ပါချင်ပါသွားမှာပဲ။ မြန်မာ့ရနံ့သင်းပြီး၊ မြန်မာ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲပြီး ရိုက်ထားရင် အကဲဖြတ်အဖွဲ့ကလည်း အကုန်လုံး မသိနိုင်ဘူးလေ။ မှီငြမ်းကားတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်း ထုတ်ထားပေမယ့် အကဲဖြတ်အဖွဲ့တွေ အမှတ်တမဲ့ဖြစ်ပြီး မသိလိုက်တဲ့အခါမျိုးမှာ ဆုရတဲ့အထဲ ပါသွားနိုင်တာပဲ။

Voice : နိုင်ငံခြားက ပညာရှင်တွေကို စက်မှုပိုင်းဆိုင်ရာ ဆုတွေ၊ မပေးဘူးလို့ သတ်မှတ်ထားတာလည်း ရှိတယ်နော်။ ဒီနောက်ပိုင်းမှာ ပြည်ပနဲ့ ဖက်စပ်ရိုက်ကူးတဲ့ မြန်မာရုပ်ရှင်ကားတွေလည်း ရှိလာပြီဆိုတော့ ဒီအချက်ကိုရော နောက်ပိုင်းမှာ ပြင်ဆင်ပေးသွားဖို့ရှိမလား။
HM : ဘဘတို့ အကယ်ဒမီ ချီးမြှင့်တယ်ဆိုတာက မြန်မာ့ရုပ်ရှင် ထူးချွန်ဆုဆိုတဲ့ အမည်နဲ့ ချီးမြှင့်တာပါ။ မြန်မာ အနုပညာသည်တွေ အတွက်ပဲ စဉ်းစားနိုင်မယ်။ ဘဘတို့ မြန်မာ့ရုပ်ရှင်တွေက ကမ္ဘာမပြောနဲ့။ အရှေ့တောင် အာရှတောင် မပျံ့နှံ့နိုင်သေးဘူး။ ဟိုတို့ထိ ဒီတို့ထိ ဖက်စပ်ရိုက်တာလေးတွေပဲ ရှိသေးတာ။ နိုင်ငံခြားက ပညာရှင်တွေကို ဘဘတို့ဆီက လူတွေက အနုပညာပိုင်းဆိုင်ရာမှာ ယှဉ်နိုင်ပေမယ့် အတတ်ပညာပိုင်းဆိုင်ရာ၊ စက်မှုပစ္စည်းပိုင်းဆိုင်ရာတွေမှာကျတော့ ကွာတယ်လေ။ အကယ်၍ ပြည်ပ ပညာရှင်တွေကိုသာ အကယ်ဒမီ ပေးရမယ်ဆိုရင် မြန်မာနိုင်ငံက အနုပညာရှင်တွေ နာသွားမှာပေါ့။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ဆိုကတည်းက မြန်မာ အနုပညာသည်တွေ အတွက်ပဲ တို့က ပေးနိုင်မှာပါ။ နိုင်ငံတကာက ပညာရှင်တွေကို ဆုပေးလိုက်မယ်ဆိုရင် မြန်မာ အနုပညာရှင်တွေရဲ့ အကယ်ဒမီကို ခွဲပေးရသလို ဖြစ်နေမယ်။ နောက်ပိုင်း ပြည်ပ ဈေးကွက်ကို တကယ် ထိုးဖောက်နိုင်တဲ့ အချိန်ကျရင်တော့ တစ်မျိုး ဖြစ်သွားမှာပေါ့။ စပ်ကူးမတ်ကူး ကာလမှာတော့ ဆုလုံးဝ မပေးနိုင်သေးပါဘူး။

သန့်ဇင်ဦး

The Voice

No comments:

Post a Comment