Latest News

Monday, March 27, 2017

ပအိုဝ်းတိုင်းရင်းသားများ၏ ရဟန်းခံရှင်ပြုပွဲကို ဆင် ၊ မြင်း အကောင်ရေ ၁၀၀ ခန့်ဖြင့်ကျင်းပ

ပအိုဝ်းတိုင်းရင်းသားများ၏ ရဟန်းခံရှင်ပြုပွဲကို ဆင် ၊ မြင်း အကောင်ရေ ၁၀၀ ခန့်ဖြင့်ကျင်းပ


သထုံ ၊ ၂၈-၃-၂၀၁၇

မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလား ရှမ်းရွာ၌ ပအိုဝ်းတိုင်းရင်းသား များ၏ ရိုးရာမပျက် စုပေါင်းရဟန်းခံ ရှင်ပြုပွဲကို မတ် ၂၆ ရက်က ဆင်၊ မြင်း အကောင်ရေ ၁ဝဝ ခန့်ဖြင့် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

စုပေါင်းရဟန်းခံ ရှင်ပြုပွဲတွင် ရဟန်းအပါး ၃ဝ ၊ ရှင်သာမဏေ ၈၅ ပါး စုစုပေါင်း ၁၁၅ ပါးပါဝင်ပြီး အလှူပွဲ လှည့်လည်ရန် ဆင် ၁ဝ ကောင်နှင့် မြင်းအကောင်ရေ ၉ဝ ခန့် အသုံးပြု ထားကြောင်း သိရသည်။

”ရွာရဲ့ စုပေါင်းရဟန်းခံ ရှင်ပြုပွဲကို သုံးနှစ်တစ်ကြိမ် ရွာမှာစုပေါင်း လုပ်တယ်။ ခုဆို (၆)ကြိမ်မြောက်ပါ။ လုပ်တဲ့နေရာ မှာလဲ ပအိုဝ်းတိုင်းရင်းသား တွေရဲ့ ရိုးရာအမွေအနှစ်လဲ မပျောက်ပျက်အောင် လှည့်လည် တဲ့နေရာမှာ ရိုးရာဝတ်စုံကိုပဲ ဝတ်ဆင်ပြီး ဆင်တွေ၊မြင်းတွေကို အသုံးပြုထား ပါတယ်။ အရင်နှစ်တွေထက် ဒီနှစ်က ပိုစည်ကားတယ်။ အလှူဒါန ပြုတဲ့နေရာမှာလဲ တတ်နိုင်တဲ့သူပဲ ဖြစ်ဖြစ်၊ မတတ်နိုင်တဲ့ သူပဲဖြစ်ဖြစ် ခွဲခြားတာမရှိဘဲ ရှင်ရဟန်းပြု ချင်တဲ့သူ အားလုံးကို သာသနာ့ဘောင် အရောက်ချီးမြှင့် ပေးတာပါ။ အလှူပွဲအတွက် ကုန်ကျစရိတ် ကိုတော့ တတ်နိုင်သူက ထည့်ဝင်ကြ ပါတယ်” ဟု နောင်ကုလား ရှမ်းရွာတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တသူရိယ က မြွက်ကြားသည်။

နောင်ကုလားရှမ်းရွာ အတွင်းရှိ ပအိုဝ်း တိုင်းရင်းသား များနှင့် အဝေးရောက် ပအိုဝ်း တိုင်းရင်းသားများ စုစည်းပြီး စုပေါင်းသာသနာပြု နိုင်ရေးအပြင် ပအိုဝ်း တိုင်းရင်းသား များ၏ ရှေးအစဉ်အလာ တိုင်းရင်းသားရိုးရာ
အမွေအနှစ်များ မပျောက်ပျက်ဘဲ အစဉ်အမြဲ အမှတ်ရစေရန် ဖော်ထုတ်ခြင်း၊ ဘာသာ၊ သာသနာကို ပအိုဝ်းတိုင်းရင်းသား များက အစဉ်အမြဲ ချီးမြှောက်နိုင်စေရန် ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း အဆိုပါ ဆရာတော်က ဆက်လက် မြွတ်ကြားသည်။

နောင်ကုလားရှမ်းရွာ ရှိပအိုဝ်းတိုင်းရင်းသား များ၏ စုပေါင်းရဟန်းခံ ရှင်ပြုမင်္ဂလာပွဲကို ၁၉၉၈ ခုနှစ်မှစတင်ကာ သုံးနှစ်တစ်ကြိမ် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၀)

No comments:

Post a Comment