Latest News

Wednesday, March 29, 2017

မြန်မာ့ရွှေဈေး စံချိန်တင်မြင့်တက်သော်လည်း အရောင်းအဝယ်စည်

မြန်မာ့ရွှေဈေး စံချိန်တင်မြင့်တက်သော်လည်း အရောင်းအဝယ်စည်


ရန်ကုန် မတ် ၂၉

မြန်မာ့ရွှေအရောင်းအဝယ် ဈေးကွက်အတွင်း မတ် ၂၂ ရက်က အခေါက်ရွှေ (မီးလင်းရွှေ)တစ်ကျပ်သားလျှင် ငွေကျပ် ၉ဝ၁၅ဝဝ အထိ စံချိန်တင်မြင့်တက် လာစဉ် ရွှေအရောင်းအဝယ်ပြုသူများက ''ဒါ မြန်မာ့ရွှေအရောင်းအဝယ်ဈေးကွက်မှာ အမြင့်ဆုံးစံချိန်တင်လာတာပဲ'' ဟု သုံးသပ်ပြောကြားမှုကို မတ် ၂၈ ရက်က ထပ်မံမြင့်တက်လာသော ရွှေဈေးက ဖြတ်ကျော်ဖုံးအုပ်သွားခဲ့ပြန်သည်။

မြန်မာ့ရွှေဈေးမှာ အမြင့်ဆုံးစံချိန်ဖြစ်ခဲ့သည့် ငွေကျပ် ၉ဝ၁၅ဝဝ မှ နောက်ရက်များအတွင်း အကျဘက်သို့ ဦးတည်လာခဲ့ပြီး မတ် ၂၇ ရက်က ငွေကျပ် ၈၉၉ဝဝဝ အထိ လျော့ကျလာခဲ့သည်။

သို့သော် မတ် ၂၈ ရက်တွင် တစ်မုဟုတ်ချင်း ပြောင်းလဲသွားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းစည်းရုံးရေးမှူး ဦးအေးချို က ''မနေ့က (မတ် ၂၈ ရက်) မနက်ပိုင်းဈေးအဖွင့်မှာ ငွေကျပ် ၉ဝ၄ဝဝဝ နဲ့ စခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာ ငွေကျပ် ၉ဝ၆ဝဝဝ  အထိ  မြင့်လာပါ သေးတယ်။ ညနေဈေးကွက်အပိတ်မှာတော့ ငွေကျပ် ၉ဝ၄၅ဝဝ နဲ့ပဲ ပိတ်ခဲ့ ပါတယ်။ ကမ္ဘာ့ရွှေဈေးအနေနဲ့ အဖွင့်မှာ အမေရိကန်ဒေါ်လာ ၁၂၅၄ ရှိပြီး အပိတ်မှာ ၁၂၅၃ ရှိနေပါတယ်'' ဟု ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပေး ခဲ့သည်။

မြန်မာ့ရွှေဈေး ယခုကဲ့သို့ မြင့်တက်ရခြင်းမှာ အမေရိကန်နိုင်ငံ ဘဏ္ဍာ ရေးဈေးကွက်အတွင်း အပြောင်းအလဲများကြောင့် ဒေါ်လာဈေး အပြောင်း အလဲပေါ်မူတည်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာသကဲ့သို့ မြန်မာ့ရွှေဈေး ကပါ လိုက်မီတက်လာခြင်းဖြစ်ကြောင်း  ရွှေအရောင်းပြုလုပ်သူများက သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွှေဈေးနှုန်းမြင့်တက်လာသော်လည်း  ရွှေဆိုင်များ၌  အရောင်းအဝယ် စည်ကားလျက်ရှိနေသည်ဟု လသာမြို့နယ်ရှိ ဆန်းသစ်စံရွှေဆိုင်မှ အရောင်း မန်နေဂျာ ဒေါ်ပပစံက ပြောကြားသည်။

ဧပြီ ၁ ရက်မှ စတင်ကာ လက်ဝတ်ရတနာရွှေထည်ပစ္စည်းဝယ်ယူသူများထဲမှ ကုန်သွယ်ခွန် တစ် ရာခိုင်နှုန်းကောက်ခံမည်ဟု ကြေညာထားမှု ကြောင့် ရွှေဝယ်ယူသူများက ဧပြီ ၁ ရက်မတိုင်မီ ဝယ်ယူမှုများပြုနေသော ကြောင့် ဖြစ်သည်ဟု သိရသည်။

မတ် ၂၉ ရက်  နံနက်ပိုင်းသည်  ကမ္ဘာ့ရွှေဈေးတစ်အောင်စ ၁၂၄၈ ဒေါ်လာ စဖွင့်ပြီး မြန်မာ့ရွှေဈေးက တစ်ကျပ်သား ငွေကျပ် ၉ဝ၃ဝဝဝ ဖြစ်ကာ ညပိုင်းဈေးပိတ်ချိန်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁၂၅၃ ဒေါ်လာဖြစ်ပြီး မြန်မာ့ရွှေဈေးတစ်ကျပ်သား ငွေကျပ် ၉ဝ၃၉ဝဝ ဖြင့်  ပိတ်သွားခဲ့ကြောင်း သိရသည်။
တင်ဝင်းလေး(ကြည့်မြင်တိုင်)မြန်မာ့အလင်း

No comments:

Post a Comment