Latest News

Wednesday, March 15, 2017

စစ်ပွဲအပြီး ဘဝသစ်ပြန်လည်တည်ဆောက်ရတဲ့ လေးကေ့ကော် မြို့သစ်က ပြည်သူတွေရဲ့ ဘဝအခက်အခဲ အကျပ်အတည်းများ

စစ်ပွဲအပြီး ဘဝသစ်ပြန်လည်တည်ဆောက်ရတဲ့ လေးကေ့ကော် မြို့သစ်က ပြည်သူတွေရဲ့ ဘဝအခက်အခဲ အကျပ်အတည်းများ

ထိုင်း မြန်မာ နယ်စပ်ကနေ အဲသည်မြို့လေးကို ပြန်လာပြီး နေထိုင်ကြတဲ့ ကရင်လူမျိုးတွေ၊ တိုင်းရင်းသားလူမျိုးတွေ ရှိပါတယ်။

ရန်ကုန်၊ မတ် ၁၁ - တောင်တွေပတ်လည် ဝိုင်းနေတဲ့ ချိုင့်ခွက်ထဲမှာ ခေါင်မိုးဖြူဖြူ အိမ်အပြာရောင်တွေ သေသေသပ်သပ်စီတန်းလို့ နေပါတယ်။ ပူနွေးနေတဲ့နေရောင်ခြည်အောက်မှာ အဲသည်အိမ်လေးတွေဟာ တိတ်ဆိတ် ငြိမ်သက်ကာ အိပ်ပျော်နေသယောင်ရှိပါတယ်။ ဒီမှာက နေ့ဘက်ဆိုလူသိပ် မရှိကြဘူး၊ အကုန်လုံးကအပြင်ထွက်အလုပ်လုပ်နေကြတာ၊ မိန်းကလေးရော ယောကျာ်းလေးရောလို့ ရပ်ကွက်(၁)ရဲ့ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

မြဝတီမြို့ကနေ တောင်ဘက် ကိုးမိုင်အကွာမှာ လေးကေ့ကော်မြို့သစ်ကလေး ပေါ်ပေါက်လာတာ တစ်နှစ်ကျော်ကြာမြင့်ပြီ ဖြစ်ပါတယ်။ အဲသည်မြို့မှာ ကရင်၊ ဗမာနဲ့ ရှမ်းလူမျိုးတို့ နေထိုင်ကြပြီး အများစုကတော့ ကရင်တိုင်းရင်းသား လူမျိုး များဖြစ်ပါတယ်။

အစိုးရနဲ့ကရင်အမျိုးသားအစည်းအရုံးတို့ကြား အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ် ဆိုပြီးနောက် နှစ်ဦးသဘောတူညီချက်နဲ့ နေရပ်ကနေ စွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ပြည်သူများ ပြန်လည်အခြေစိုက်ဖို့ ၂၀၁၅ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ထိုင်း – မြန်မာ နယ်စပ်ကနေ အဲသည်မြို့လေးကို ပြန်လာပြီးနေထိုင်ကြတဲ့ ကရင် လူမျိုးတွေ၊ တိုင်းရင်းသားလူမျိုးတွေဟာ စားဝတ်နေရေးအတွက် ပင်ပန်း ကြီးစွာရှာဖွေစားသောက်နေကြရပါတယ်။ စက်ရုံတည်ဆောက်ရင်တော့ အလုပ် အကိုင်တွေရမယ်လို့ အစိုးရနဲ့ ကေအင်န်ယူက ကတိပေးခဲ့ပေမဲ့အဲသည်မြို့ကလေး မှာတစ်နှစ်ကျော်ကြာ နေထိုင်နေရင်းအလုပ်အကိုင်အခွင့်အလမ်းစောင့်စားနေ တဲ့ ပြည်သူတွေအတွက်တော့ မျှော်လင့်ချက်တွေကအလှမ်းဝေးနေဆဲဖြစ်ပါ တယ်။
အဲသည်မြို့သစ်မှာ နေထိုင်တဲ့ ပြည်သူတွေဟာ အလုပ်အကိုင်ရှားပါးလွန်း တာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း၊ မြဝတီ မြို့အနီးတစ်ဝိုက်ရွာတွေမှ နေ့စားလုပ် ကိုင်ကြရတဲ့အပြင် အချို့ဟာလည်း ကေင်န်ယူနဲ့ အစိုးရဖောက်လုပ်နေတဲ့ လမ်း စီမံကိန်းတွေမှာ နေ့စားအဖြစ်နဲ့ ကျောက်ရွက်၊ အုတ်ထမ်း၊ မဆလာသယ် စတဲ့ အလုပ်ကြမ်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။

မိုးလင်း၊ မိုးချုပ်‘မနက်ဆိုရင် အစောကြီးထရတယ်၊ ဒီကနေ သူတို့ခေါ်တဲ့ကားနဲ့ လိုက်သွားရတယ်၊ သုံးနာရီလောက်စီးရတယ်၊ ညဆိုရင် ၈း၃၀ နာရီ၊ ၉းဝ၀နာရီလောက်မှ ပြန်ကြရ တယ်၊ အရမ်းပင်ပန်းတယ်၊ ပိုက်ဆံက တစ်နေ့ကို ၄၀ဝ၀ ရတယ်၊ တစ် ခါတလေ အရမ်းနောက်ကျရင်လဲ ပိုပေးတဲ့အခါမျိုးရှိပါတယ်လို့ မမိုးသိင်္ဂီဝင်း က ပြောပါတယ်။

စစ်ဘေးရှောင်ရင်း ထိုင်းနယ်စပ်ကနေ ပြန်ဝင်လာတဲ့ မမိုးသိင်္ဂီဝင်းက အဲသည့်မြို့ သစ်မှာအခြေချနေထိုင်ဖို့ခွင့်တောင်းခဲ့ရာမှ နေထိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်ပါတယ်။ သူ့မှာ သုံးနှစ်အရွယ်သမီး လေးတစ်ယောက် နဲ့ ခင်ပွန်းရှိပါတယ်။ ‘နှစ်ယောက်လုံး အလုပ်ထွက်လုပ်ရ တော့ ကလေးကိုပါခေါ်သွားရတယ်၊ လုပ်နိုင်ရင်တော့ စားပေါ့၊ မလုပ်နိုင်ရင်ရှိတာ လုပ်ကိုင်စားရတာပဲလို့ သူက ဆက်ပြောပါတယ်။

အရင်က တောင်ပေါ်မြေဒေသ ကလေးဖြစ်ခဲ့ပေမဲ့ မြို့သစ်စီမံကိန်းအတွက် သစ်ပင်ခုတ်လှဲမှုတွေကြောင့် မြို့ ကလေးမှာ သစ်ပင်ပန်းမန်တစ်ပင်မှမရှိ တော့ပါဘူး။ လူနေအိမ်တွေနဲ့ ခပ်လှမ်းလှမ်းမှာရှိတတ်တဲ့ မုန့်ဆိုင်လေးတွေ၊ အကြော်ဆိုင်လေးတွေအပြင် ဆိုင်ကြီး၊ ဆိုင်ခန်းကြီးကြီးမားမားမရှိပါဘူး။ အိမ်တွင်းမွေးမြူရေးဖြစ်တဲ့ ကြက်၊ ဆိတ် စတဲ့ တိရစ္ဆာန်လေးတွေကိုသာ မွေးမြူကြတဲ့ အဲသည်မြို့က လူတွေမှာတောင်ယာလုပ်ကိုင်တဲ့လုပ်ငန်းအပြင် အခြားအလုပ်အကိုင်အခွင့်အလမ်းဆိုတာ မရှိကြပါဘူး။

‘နေ့စားကလဲ ပုံမှန်မရှိပါဘူး၊ ရှိတဲ့ အခါကျတော့လဲ ခေါ်တာပေါ့၊ မရှိတဲ့အခါ ကျတော့လဲ လမ်းခင်းတဲ့ဆီလိုက်လုပ်ရတာပေါ့၊ အရမ်းပင်ပန်းတယ်၊ ခေါင်းတေါကိုက်တယ်၊ မခံနိုင်ဘူးလို့ အသက် ၅၅ နှစ်အရွယ် ဒေါ်မြကပြောပါ တယ်။ ဒေါ်မြက ထိုင်းနိုင်ငံတစ်ဖက်ကမ်းမှာ ဆယ်နှစ်ကြာအလုပ်လုပ်ပြီး မြို့သစ်မှာ အခြေချနေထိုင်ဖို့တောင်းဆိုခဲ့ပြီး မြေနေရာရရှိတဲ့အတွက် လာရောက်နေထိုင်သူတစ်ဦးဖြစ်ပါတယ်။

အရင်က ကေအင်န်ယူတပ်မဟာ (၆)ရဲ့နယ်မြေဖြစ်တဲ့ အဲသည်မြို့ကိုကေအင်န် ယူမှ တပ်ဖွဲ့ဝင်မိသားစုတွေအတွက် တည်ဆောက်ခဲ့တယ်ဆိုပေမဲ့နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့်နေရပ်စွန့်ခွာနေရတဲ့ ရွှေ့ပြောင်းအလုပ်သမားအများ
စုက နေရေးအတွက် အခက်အခဲရှိတာကြောင့် တောင်းဆိုလာတဲ့ အတွက် အဆောက်အအုံမပါဘဲ မြေနေရာနဲ့ ကေအင်န်ယူက မြို့သစ်မှာ နေထိုင်ခွင့်ပေးခဲ့ပါတယ်။

ရရာလုပ်ကိုင်ကြရ‘အဘွားလေးတို့ ဟိုဘက်မှာနေတော့ အရမ်းဒုက္ခရောက်တယ်၊ နောက်ပြီးအဘွားလေးတို့က အသက်ကြီးပြီဆိုတော့ ဘယ်သူကမှ မခိုင်းချင်ကြတော့ဘူး၊ အဲဒါနဲ့နောက်ဆုံး မြဝတီဘက်မှာ အခုလိုနေရာပေးမယ်ကြားတော့ ဥက္ကဋ္ဌကိုအကူအညီတောင်းပြီး ဒီမှာလာနေတာလို့ ဒေါ်မြက ဆက်ပြောပါတယ်။

စားဝတ်နေရေးအတွက် တစ်ထောင့်တစ်နေရာက ပြေလည်အောင် အသက်ကို ရှာကြံမွေးပြီး ကိုယ်ထူကိုယ်ထလုပ်ကိုင်ရှာဖွေနေကြရတဲ့ အထဲမှာ အမျိုးသား၊ အမျိုးသမီး ကြီးငယ်ပါမကျန်ရရာအလုပ်ကြမ်း တွေကို ဝင်ရောက်လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။

‘အဘွားလေးဆိုရင် အခုအဲဒီနေ့စားအလုပ်က ထွက်လိုက်တာ ကိုးရက်ရှိသွားပြီ၊ သားသမီးလဲမရှိတော့ ဒုက္ခရောက်ရတယ်၊ အဘွားလေးတို့မှာ လင်မယားနှစ်ယောက်ပဲရှိတာ၊ သူကလဲအလုပ် မလုပ်နိုင်တော့ဘူးဆိုတော့ အဘွားလေးပဲ လုပ်ရတာလို့ ဒေါ်မြက ပြောပါတယ်။
မြို့ကလေးရဲ့အဝင်မှာ အသစ်ဆောက်လုပ်ထားတဲ့ ခြောက်ခန်းတွဲ ကျောင်းဆောင်ကလေးတစ်ဆောင်ဟာ တည်ခါစမြို့ကလေးရဲ့ လိုအပ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ အဲသည်ကျောင်းကို ၂၀၁၆ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး အလယ်တန်းနဲ့ အထက်တန်းကျောင်းသူကျောင်းသားများတက်ရောက်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

အဲသည်မြို့မှာ ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးဆေးခန်း တစ်ခုသာရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများလည်း လိုအပ်နေပါ တယ်။ လေးကေ့ ကော်မြို့ကို ရပ်ကွက်ငါးခု ခွဲခြားထားပေမဲ့ မြို့ တစ်မြို့လုံးမှာ ကျန်းမာရေးဆေးခန်းတစ်ခုသာရှိပါတယ်။ မတ်လအတွင်း ကျန်းမာရေးစစ်တမ်းကောက်ယူရာမှာ ဒေသခံတွေ မှာ သွေးတိုး၊ ဆီးချိုအများဆုံးဖြစ်ပြီး ကလေးသူငယ်တွေမှာဆိုရင် ချောင်းဆိုးရင်ကျပ်တာတွေ အများဆုံးအဖြစ်များတယ်လို့ သိရပါတယ်။

‘ဆေးခန်းကတော့ တစ်ခုပဲရှိသေးတယ်၊ သာမန်ရောဂါလောက် ဆိုရင်တော့ ဒီမှာပဲ ကုသလိုက်တယ်၊ အသည်းအသန်ဖြစ်ရင်တော့ မြဝတီဘက်ကို သွားရတာပေါ့လို့ အဲသည်မြို့ရဲ့ကျန်းမာရေးကော်မတီ မှ အတွင်းရေးမှူး ဦးဟန်မြင့်ကျော်က ပြောပါတယ်။လူဦးရေ ၂၀ဝ၀ ကျော်အတွက် ဆေးခန်းတစ်ခုပဲရှိတာဟာ အသည်းအသန်ဖြစ်တဲ့ လူနာတွေရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေပါတယ်။

‘ဒီမှာက အရမ်းကြီးမဖြစ်ဘူးဆိုရင်တော့ ဒီကဆေးခန်းမှာပဲ ဆေး ကုလိုကတယ်၊ ဆေးထိုးရင် အလကားထိုးပေးတယ်၊ သောက်ဆေး ရောပဲ၊ ပြီးမှအလှူခံပုံးထဲ ကြိုက်သလောက်ထည့်လိုက်ရင်ရပြီ၊ အသည်းအသန်ဖြစ်တဲ့ လူတွေအတွက်က မကောင်းဘူးလေ၊ အချိန်မမီရင်သေဆုံးနိုင်တယ်၊ ကျန်းမာရေးဆေးခန်းတွေရော၊ ကျောင်းရောလိုနေပါသေးတယ်၊ အခုက တစ်မြို့လုံးမှဆေးခန်း တစ်ခုနဲ့ ကျောင်းတစ်ခုတည်းရှိတာလို့ အဲသည်မြို့မှာနေထိုင်တဲ့ မစန္ဒာဦးက သူတို့ရဲ့လိုအပ်ချက်တွေကို ပြောပြပါတယ်။

သောက်သုံးရေအဲသည်မြို့လေးအတွက် ရေကိုတော့ မြို့နဲ့သုံးမိုင်လောက်လှမ်းတဲ့ တောင်ပေါ်စိမ့်စမ်းရေမှ သွယ်ယူထားတာဖြစ်ပါတယ်။ အဆက်မပြတ်စီးဆင်းနေတဲ့ အဲသည်တောင်ကျစမ်းရေမှ သွယ်တန်းပြီး ရေကန်ပြုလုပ်ကာ အိမ်ခြေ ၈၅၈ လုံးခန့်ကို ဖြန့်ကြက်ဝေငှထားတာဖြစ်ပါတယ်။ ရေကို အိမ်အရောက် သွယ်တန်းပေးတဲ့ စနစ်နဲ့အိမ်ထောင်စုတစ်စုကို ရေသွယ်ခ ဘတ် ၁၁၀ဝ၊ မြန်မာငွေ ကျပ် ၄၃,၇၀ဝ ပေးဆောင်ရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

‘ရေကတော့ ၂၄ နာရီလာတယ်၊ သောက်ရေအတွက်တော့ အခက် အခဲဖြစ်တယ်၊ ဒီကရေက ထုံးဓာတ်တွေပါတော့သောက်တာများ လာရင် ကလေးတွေ အန္တရာယ်ဖြစ်မှာစိုးလို့ သောက်ရေကိုတော့ ဝယ်သောက်ရတယ်လို့ မစန္ဒာဦးက ပြောပါတယ်။

အဲသည် မြို့သစ်တည်ဆောက်မှုကို အစိုးရနဲ့ကရင်အမျိုးသားအစည်း အရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်မှူးကြီး မူတူးစေးဖိုးတို့ သဘောတူညီ တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ အိမ်ဆောက်လုပ်မှု ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲသည်မြို့မှာ ကျောင်း၊ ဆေးရုံအပြင် လျှပ်စစ်မီးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ အဲသည်မြို့ကလေးမှာ ပြည်နယ် အစိုးရနဲ့ကေအင်န်ယူတို့မှ ပူးပေါင်းကာ အသေးစားသင်တန်းဖြစ်တဲ့ စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်းစတဲ့ သင်တန်းတွေကိသင် တန်းပို့ချမှုတွေ ပြုလုပ်နေတယ်လို့ အဲသည်မြို့ရဲ့အုပ်ချုပ်ရေးမှူးဖြစ် တဲ့ ဦးမြင့်နိုင်က ပြောပါတယ်။

‘ရှေ့လျှောက်လုပ်သွားဖို့ကတော့ အများကြီးပါပဲ၊ မီးရရငလုပ်မယ့် လုပ်ငန်းလေးတွေရှိပါတယ်၊ အလုပ်ရုံအသေးစား၊ စက်ချုပ်ရုံ လေးတွေ၊ စက်ရုံအသေးစားလေးတွေ၊ ဒါမျိုးလေးတွေဆိုရင် လူ ၂၀၊ ၃၀ ဆံ့တယ်၊ နောက်ပြီး ကားဝပ်ရှော့ရုံလေးတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဒါမျိုးလေးတွေဖွင့်သွားဖို့ အစီအစဉ်ရှိပါတယ်လို့ သူက ဆက်ပြောပါတယ်။

လျှပ်စစ်မီးရရှိဖို့အတွက် ပြည်နယ်အစိုးရနဲ့ ကေအင်န်ယူနဲ့ ညှိနှိုင်း ဆောင်ရွက်မှုတွေ ပြုလုပ်ထားတယ်လို့ လေးကေ့ကော်ဥက္ကဋ္ဌ ဦးစောပတရက ပြောပါတယ်။ မီးက မြဝတီကယူဖို့ရှိတယ်၊ ပြည် နယ်အစိုးရနဲ့ ကေအင်န်ယူနဲ့ ညှိနှိုင်းထားတာ၊ ဒီမတ်လအကုန် လောက်မှာလို့ ခန့် မှန်းရတာပဲလို့ သူက ပြောပါတယ်။

ရုန်းကန်ရှာဖွေအဲသည်မြို့ကလေးမှာ စစ်ဘေးရှောင်ပြည်သူတွေ၊ ရွှေ့ပြောင်း ဒုက္ခသည်တွေအပြင် ထိုင်းနိုင်ငံတစ်ဖက်ကူးပြီး စားဝတ်နေရေး အတွက် ရုန်းကန်ကာ တစ်ဖက်မှာရှိတဲ့ အိမ်သားတွေကို ထောက်ပံ့ရှာဖွေနေတဲ့သူတွေလည်း နေထိုင်ကြပါတယ်။ လေးကေ့ကော် မြို့မှာ အခုဆိုရင် အိမ်ခြေပေါင်း ၈၅၈လုံးရှိပြီး အခြေချနေထိုင်သူ လူဦးရေ ၂၉၆၃ဦး ကျော်ရှိလာပြီဖြစ်ပါတယ်။

နှစ်ပေါင်း ၅၀ ကျော်ကြာ မငြိမ်းနိုင်တဲ့စစ်မီးတွေကြောင့် ဘဝတွေက ပျက်စီးခဲ့ရ၊ နေရပ်ကနေ စွန့်ခွာခဲ့ရတဲ့ ပြည်သူတွေက သည်မြို့ လေးမှာဘဝကို ပြန်လည်စတင်ကြတဲ့အခါ အကျပ်အတည်းများစွာနဲ့ ကြုံနေရပေမဲ့ သူတို့အလိုရှိနေတာကတော့ အလုပ်အကိုင် အခွင့် အလမ်းပဲ ဖြစ်ပါတယ်လို့ မစန်းစန်းအေးက ညည်းတွားပါတယ်။

ဝင်းနန္ဒာ

Kumudra


No comments:

Post a Comment