Latest News

Tuesday, March 14, 2017

စကားလုံးတွေပြည့်နေတဲ့ကောင်းကင်

စကားလုံးတွေပြည့်နေတဲ့ကောင်းကင်

မိန်းမတယောက်ဟာ
ချက်ကျလက်ကျဆွေးနွေးနိုင်တဲ့။အသိပညာနဲ့ပြည့်စုံတယ်။
မဟုတ်ရင်မခံတဲ့စိတ်ရှိတယ်။ ဟုတ်ဟုတ်မဟုတ်ဟုတ်
ခေါင်းတညိတ်ညိတ်နဲ့မထောက်ခံတတ်ဘူးဆိုရင်-
သေချာတယ် ဒီမိန်းမဟာ-
 မိန်းမမပီသတဲ့မိန်းမအဖြစ်
 မိန်းမအချင်းချင်းကတောင်ကြည့်လို့မရတော့ဘူး။

ဒီလိုမိန်းမမျိုးဟာ ဘယ်လောက်ပဲအရည်အချင်းရှိရှိ -
ကိုယ်ပိုင်ဝင်ငွေကလည်းမရှိ၊
နောက်ကပံ့ပိုးကူညီပေးမယ့် နောက်ခံကနတ္ထိဆိုရင်တော့
တမင်တကာတိုက်ခိုက်ကြမယ့်သူတွေနဲ့
မကြာခဏထိုက်တိုက်တွေ့ရတော့မှာပါ။

အဲဒီလိုထိပ်တိုက်တွေ့ရတဲ့သူတွေထဲမှာ-
စိတ်ဓာတ်နဲ့ ဂုဏ်သိက္ခာကို
ဟိုးအောက်ဆုံးထိ ကျဆင်းအောင်
အဓိကလုပ်နိုင်တဲ့သူတွေကတော့
(ဒီနေ့အထိ လောကကြီးမှာနေရာရနေဆဲဖြစ်တဲ့)
ယောကျားနဲ့ယောကခမမိသားစုဝင်တွေပဲဖြစ်ပါတယ်။

-ကောင်မက ရုပ်ကိုကဆောင့်ကြွားကြွားနဲ့။
-ကံတော်တော်နိမ့်လို့ဒီလိုမိန်းမကိုယူခဲ့မိတာ။
-အိမ်ထောင်ကျလို့ပဲကလေးအမေဖြစ်နေပြီ အချိုးကမပြေသေးဘူး။
-ဒီအလုပ်တွေ နင်မလုပ်လို့ဘယ်သူလုပ်မလဲ။
-နင်အိမ်ထောင်မကျခင်က ဒါတွေမစဉ်းစားခဲ့ဘူးလား။
--------- အစရှိတဲ့စကားလုံးတွေက
ထက်မြက်တဲ့ဓားသွားတွေနဲ့ရင်ဘက်ထဲစိုက်တာထက်
နာကျင်ခံရခက်အောင် ပြစ်တင်ပြောဆိုတတ်ကြတယ်။

မိန်းမ မပီသတဲ့မိန်းမတဲ့။
တအိမ်လုံးရဲ့ထမင်းဟင်းချက်၊ အ၀တ်လျှော်မီးပူတိုက်၊
သန့်ရှင်းရေး ဖုန်သုတ်အမှိုက်သိမ်းအလုပ်တွေကို
ချွေးတလုံးလုံးနဲ့လုပ်နေရရင်း -
ကိုယ့်ကလေးရဲ့ပညာရေး၊ကျန်းမာရေး၊
အထွေထွေဗဟုသုတမှာလည်း သူများထက်
မကျန်ရစ်စေချင်တဲ့ မိခင်တယောက်ရဲ့လောဘတွေကို
မိန်းမ မပီသတဲ့ဆောင့်ကြွားကြွားမိန်းမဆိုတဲ့
အမြင်တစ်ခုတည်းနဲ့ တန်ဖိုးမဲ့ပစ်လိုက်တော့တာက
လက်ရှိလူတွေကျင့်သုံးနေတဲ့ လူ့သဘာဝတွေပါ။

ကျမတို့ရဲ့ပတ်ဝန်းကျင်မှာ ဒီလိုအမြင်တွေ၊
နှိမ်ချတဲ့ စကားလုံးတွေနဲ့-
မိန်းမတိုင်းကို  ငြိမ်ငြိမ်လေးနေရမယ့်သူတွေအဖြစ်
ပုံစံသွင်းထားကြပါတယ်။
ဘာမှအသုံးမကျရင်နေပါစေ၊
ဘာပြောပြော လိုက်လုပ်တဲ့သူကိုဆို
လူတွေကချစ်ကြပါတယ်။
ဒီလိုနဲ့ပဲ မိန်းမတွေကလည်း ရှေ့ကမထွက်ချင်ပါဘူး
နောက်လိုက်လုပ်ရတာ-
အနတရာယ်ကင်းပါတယ်ဆိုတဲ့ ပုံစံခွက်မှာ
စီးမျောနေကြတာတွေ့နေကြရပါတယ်။
ဒီလိုစီးမျောခြင်းက-
အတွေးအခေါ်နိမ့်ကျတဲ့ မျိုးဆက်တွေကိုသွန်သင်ရင်း
ကိုယ်တိုင်ကလည်း ဓားတုံးတလက်လို
လောကကြီးအတွက် အသုံးမ၀င်တဲ့ဘ၀ကို
မိန်းမတွေအတွက် ပို့ဆောင်ပေးနေကြပါတယ်။

ဒါဆိုရင် ကျမတို့ဘာလုပ်ရမှာလဲ။
ကောင်းကင်ကြီးတစ်ခုလုံးက ဒီလိုအုပ်စိုးထားမှတော့
ဒီပုံစံခွက်က ကျမတို့ဘယ်လိုရုန်းထွက်ရမှာလဲလို့
တွေးနေကြမယ်ထင်ပါတယ်။

မိမိကိုယ်ကိုယုံကြည်ခြင်း ဆိုတဲ့
ဦးထုပ်တစ်လုံးတော့ပိုင်ဆိုင်ထားရပါမယ်။
ငါလုပ်နိုင်မှာပါ၊ ငါလုပ်ကိုလုပ်ရတော့မယ့်အချိန်ပါလို့
ခိုင်မာစွဲမြဲထားလိုက်ပါ။
ကိုယ်ပိုင်ဝင်ငွေဆိုတဲ့ ထီးတစ်လက်က-
ကောင်းကင်ကြီးတစ်ခုလုံးမဟုတ်တောင်
မိမိအတွက်တော့ လုံခြုံမှု ပေးနိုင်ပါလိမ့်မယ်။
ကျမက ကိုယ်လွတ်ရုန်းရင် သားသမီးအတွက်
စိတ်မချရပါလားလို့သောကရောက်မနေပါနဲ့။

ကိုယ်အတွက်တောင် မရပ်တည်နိုင်တဲ့နေရာမှာ
သူများအတွက်ရပ်တည်ပေးနိုင်ဖို့မျှော်လင့်ချက်မရှိပါဘူး။

စကားလုံးတွေနဲ့ပြည့်နေတဲ့ ကောင်းကင်အောက်မှာရှိနေပေမယ့်
ဦးထုတ်တစ်လုံးနဲ့ထီးတစ်လက်ကိုတော့ပိုင်ဆိုင်နိုင်ကြပါစေ-
ကိုယ့်ဘ၀ကိုယ် အလင်းပြနိုင်တဲ့ အမျိုးသမီးများဖြစ်ကြပါစေ။

Credit - Kyi Kyi - ကြည်ကြည်

No comments:

Post a Comment