Latest News

Monday, March 20, 2017

ဆိုင်ကယ်ဦးထုပ်ဆောင်း၊ မဆောင်း စစ်ဆေးဖမ်းဆီးရာမှ ရဲနဲ့ဒေသခံတစ်ဦး ထိုးကြိတ်

ဆိုင်ကယ်ဦးထုပ်ဆောင်း၊ မဆောင်း စစ်ဆေးဖမ်းဆီးရာမှ ရဲနဲ့ဒေသခံတစ်ဦး ထိုးကြိတ်

ပြည်လမ်းမကြီးပေါ်မှာ နာရီဝက်ခန့် လူစုလူဝေးတွေ ဖြစ်ပွားကြောင်း မြို့ခံတစ်ဦးကပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းထားတဲ့ လူငယ်အမျိုးသားတစ်ဦးနဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တို့ ပြဿနာ ဖြစ်ပွားရာက အပြန်အလှန် ထိုးကြိတ်မှုဖြစ်ပွားခဲ့ပါတယ်။

မတ်လ ၁၉ ရက် နံနက်ပိုင်းက တောင်တွင်းကြီးမြို့ မြို့မဈေးကြီးတောင်ဘက် မကွေးလမ်းမကြီးပေါ်မှာယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဆိုင်ကယ်စီးနင်းသူတွေကို ဆိုင်ကယ်စီးဦးထုပ်တွေ ဆောင်းထားတာရှိ၊ မရှိ ကြပ်မတ်ဖမ်းဆီး နေစဉ် ဖြစ်ပွားခဲ့တာပါ။

 ဦးထုပ်မဆောင်းထားဘဲ ဆိုင်ကယ်စီးနင်းလာသူ အသက် (၁၆)နှစ်အရွယ် လူငယ်တစ်ဦးကို တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက တားဆီးရာမှ ပြဿနာစတင် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ တောင်တွင်းကြီးမြို့ ဒေသခံတစ်ဦးက ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

‘‘ကောင်လေးက ဆိုင်ကယ်စီးလာတာကို ဖမ်းတားတယ်။ ဆိုင်ကယ်လဲကျတော့ ပြဿနာစဖြစ်တာ။ ကောင်လေးက တားတဲ့ ရဲတစ်ဦးကို ပြေးထိုးတယ်။ အဲဒီနောက် တခြားရဲတပ်ဖွဲ့ဝင်တွေပါလာပြီး အပြန်အလှန်ထိုးကြိတ်ဖြစ်ကြတာ’’ လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ အဆိုပါပြဿနာဖြစ်ပွားမှုကြောင့် တောင်တွင်းကြီးမြို့ မြို့မဈေးကြီးအနီး ပြည်လမ်းမကြီးပေါ်မှာ နာရီဝက်ခန့် လူစုလူဝေးတွေ ဖြစ်ပွားကြောင်း မြို့ခံတစ်ဦးကပြောပါတယ်။

အထက်ပါကိစ္စနဲ့ပတ်သက်လို့ တောင်တွင်းကြီးမြို့မ ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်မေးမြန်းပေမယ့်လည်း ဖြေကြားနိုင်တဲ့အရာရှိ အပြင်သွားနေကြောင်းသာ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖြေကြားပါတယ်။

ရဲတပ်ဖွဲ့နဲ့ပြဿနာဖြစ်ပွားခဲ့သူဟာ တောင်တွင်းကြီးမြို့ ရွှေကြာအင်း (၁) အောင်ဇေယျ ရပ်ကွက်နေသူဖြစ်ပြီး မတ်လ ၁၉ ရက် ညနေက အဆိုပါပြဿနာဟာ နှစ်ဦးနှစ်ဖက်ပြေလည်သွားကြောင်း ဖြစ်စဉ်ကို လိုက်လံ ကူညီဆောင်ရွက်နေတဲ့ အောင်ဇေယျရပ်ကွက်နေ ရပ်မိရပ်ဖတစ်ဦးကပြောထားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

Source: 7Day Daily : Duwun

No comments:

Post a Comment