Latest News

Saturday, March 4, 2017

မတ် ၁၈ ရက်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ၏ အ၀င်မုခ်ဦးတွင် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ကို ဂုဏ်ပြုသောအားဖြင့် အကယ်ဒမီရုပ်တု ၁၀၀ အား ခင်းကျင်းပြသထားမည်

မတ် ၁၈ ရက်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ၏ အ၀င်မုခ်ဦးတွင် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ကို ဂုဏ်ပြုသောအားဖြင့် အကယ်ဒမီရုပ်တု ၁၀၀ အား ခင်းကျင်းပြသထားမည်


မတ် ၁၈ ရက်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ၏ အ၀င်မုခ်ဦးတွင် မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်ကို ဂုဏ်ပြုသောအားဖြင့် အကယ်ဒမီရုပ်တု ၁၀၀ အား ခင်းကျင်းပြသထားမည် ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ရွှေတိဂုံစေတီတော် နောက်ခံဖြင့် ပြည်သူ့ရင်ပြင်အတွင်း၌ ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိမည်ဖြစ်ပြီး လေဟာပြင်ဇာတ်ရုံ အခင်းအကျင်းဖြင့် ကျင်းပခွင့်ရရှိမည့် ထူးချွန်ဆုပေးပွဲလည်း ဖြစ်သည်။

“အခုနှစ်မှာ ကျင်းပမယ့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ရွှေတိဂုံဘုရား နောက်ခံနေရာမှာ ကျင်းပခွင့်ရရှိတာဖြစ်လို့ အင်မတန် ကျက်သရေခမ်းနားတယ်။ ဒါကြောင့် အခမ်းအနား စီစဉ်တင်ဆက်မှုတွေကိုလည်း ခမ်းနားစွာ တင်ဆက်သွားမှာပါ။ ဒီနေရာမှာ မေတ္တာရပ်ခံလိုတာကတော့ ပွဲကိုတက်ရောက်ကြမယ့် အနုပညာရှင်တွေ အနေနဲ့ မြန်မာ့ရိုးရာဝတ်စုံတွေကို လုံခြုံစွာ၊ ကျက်သရေရှိစွာ ၀တ်ဆင်ကြဖို့ပါပဲ။ ပွဲကိုတော့ ည ၇ နာရီအချိန်မှာ စတင်သွားမှာဖြစ်ပြီး ပွဲချိန် နှစ်နာရီအတွင်းမှာ ငြီးငွေ့ဖွယ်မရှိအောင် တင်ဆက်သွားမှာပါ။ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ဖို့ကလည်း သုံးနှစ်ပဲလိုတော့တယ်ဆိုတော့ နှစ်(၁၀၀) ပြည့် အကြိုအနေနဲ့ အကယ်ဒမီရုပ်တု ၁၀၀ ကို မုခ်ဦးအ၀မှာ အလှဆင် ထားရှိသွားမှာပါ” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဆိုသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ကျင်းပရာတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ပံ့ပိုးကူညီခွင့် ရရှိထားသည့် Bella Cosmetic တို့ ပူးပေါင်းတင်ဆက်မည်ဖြစ်ပြီး အခမ်းအနားကျင်းပပုံ အစအဆုံးအား Stars International Model Agency မှ ဂျွန်လွင်က တာဝန်ယူ စီစဉ်တင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် အနီရောင်ကော်ဇောထက်သို့ အနုပညာရှင်များ စတင်လျှောက်လှမ်းချိန်ကို ညနေ ၅ နာရီဟု သတ်မှတ်ထားပြီး အကယ်ဒမီပွဲကိုမူ ည ၇ နာရီအချိန်တွင် စတင်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

အကယ်ဒမီပွဲကျင်းပချိန် အစအဆုံးအား သတ်မှတ်ချိန် နှစ်နာရီအတွင်းသာ အပြီးသတ် ကျင်းပနိုင်ရန် စီစဉ်ထားပြီး ဖျော်ဖြေရေးအစီအစဉ် အနည်းငယ်လည်း ပါဝင်ရန် စီစဉ်ထားသည်ဟု သိရသည်။ ၂၀၁၆ ခုနှစ် အတွက် ပေးအပ်မည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် ၂၀၁၆ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် မြန်မာရုပ်ရှင်ဇာတ်ကား ၃၃ ကားအနက်မှ ဆုများအား ရွေးချယ်ပေးအပ်မည်ဖြစ်ပြီး ယခုနှစ်တွင် ပေးအပ်မည့် ဆုအရေအတွက် များပြားနိုင်မည်ဟုလည်း ကြိုတင်ခန့်မှန်းမှုများ ထွက်ပေါ်လျက်ရှိသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ မတူကွဲပြားသည့် နေရာအသီးသီး၌ ကျင်းပရန် စီစဉ်ခဲ့ရာတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်သူ့ရင်ပြင်၌ ကျင်းပခွင့်ရရှိခြင်းဖြစ်ပြီး လေဟာပြင်ဇာတ်ရုံ အနေအထားဖြင့် ကျင်းပမည်ဖြစ်သည်။


လင်းလင်းခိုင်


Eleven Media Group

No comments:

Post a Comment