Latest News

Monday, March 13, 2017

ယုံကြည်မှုအတွက် ကိုယ့်ကိုယ်ကို အားပေးပါ

ယုံကြည်မှုအတွက် ကိုယ့်ကိုယ်ကို အားပေးပါ

ကိုယ့်ကိုယ်ကို ယုံပါလို့ပြောပေမဲ့ တကယ်တမ်း ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ ဆိုတာလည်း လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လေ့ကျင့်ယူလို့တော့ရတယ်လို့ပြောပါရစေ။

တကယ်ပဲကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ ဆောင်ရွက်တဲ့အခါ
ကိုယ့်လုပ်ရပ်တွေ အဆင့်အတန်းမြင့်လာတာနဲ့အမျှ အောင်မြင်မှု ရလဒ်ကောင်းတွေ ရရှိလာတယ်ဆိုတာလည်း လက်တွေ့ပါပဲ။

ကျွန်မအနေနဲ့တော့ အတွေးအခေါ်ပိုင်းနဲ့ လုပ်ဆောင်ချက်တွေမှာ သေချာစဉ်းစားပြီး လေ့ကျင့်ရယူခဲ့ရတာတွေ ရှိပါတယ်။

လူမှန်းသိတတ်တဲ့အရွယ်နဲ့ကတည်းက ကျွန်မပတ်ဝန်းကျင်မှာ ရှိနေတဲ့ အများလေးစားတဲ့သူတွေ၊ အောင်မြင်နေတဲ့ သူတွေကို ငေးကြည့်ပြီး အားကျတဲ့စိတ်ရှိခဲ့ပါတယ်။

လေ့လာကြည့်တော့ အားလုံးလိုလိုမှာ တူညီတဲ့ အချက်တစ်ချက်ရှိတာ တွေ့ရပါတယ်။အဲဒါကတော့ သူတို့ဆီမှာ သူတို့နဲ့ အတူ အမြဲတွဲလျက်ရှိနေတာက ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပါပဲ။

ပြီးတော့  လူတွေအားကျအထင်ကြီးစေတဲ့ အချက်တစ်ချက်ကိုလည်း တွေ့ရပါတယ်။ အဲဒါကတော့ အတွေးအခေါ် အဆင့်မြင့်ကြတာပါ။ ကျွန်မက စိတ်ဓါတ် အဆင့်အတန်းမြင့်ပြီး လိမ်ညာခိုးဝှက်မှု ကင်းစွာနဲ့ဖြောင့်မှန်စွာနေထိုင်ပြောဆိုတဲ့သူကို အဆင့်အတန်းရှိတဲ့သူလို့ကျွန်မက နားလည်သတ်မှတ်ထားပါတယ်။

အဲလို တွေ့လာပြီးနောက်ပိုင်းမှာတော့ ပထမဆုံး သူတို့နဲ့တူအောင် သူတို့လို အောင်မြင်မှုရရှိအောင် ကျွန်မအနေနဲ့ ဘယ်လို လုပ်နိုင်မလဲ ဆိုတာ အရင်တွေးပါတယ်။

ဒဂုံတက္ကသိုလ်မှာ ပထမနှစ်တက်နေတဲ့ ကျောင်းသူ တစ်ဦးသာ ဖြစ်သေးတဲ့ကျွန်မ၊ မြန်မာ့စီးပွားရေးဂျာနယ်မှာ ဆောင်းပါးလေးတွေကို အမေ့အကူအညီနဲ့ ရေးနေတဲ့ကျွန်မ ဘာတွေများ ထူးထူးခြားခြား လုပ်နိုင်ပါ့မလဲ။

တကယ်ပဲ ကျွန်မအနေနဲ့  ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ အတွက် ဘာကို စဉ်းစားရမှန်းမသိအောင် ဖြစ်နေခဲ့တယ်။ ဒါကို ဖေဖေ့ကို ပြောတော့ ဖေဖေက ပြောတယ်။

“တစ်နေ့ကျရင် သမီးကလည်း သူတို့လို လူသိများတဲ့ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်ခွင့်ရတဲ့အောင်မြင်မှုမျိုး ရှိနေလိမ့်မယ်လို့ ယုံကြည်လိုက်ပေါ့သမီး“….တဲ့။

ဟာ.. ဟုတ်တာပေါ့ တစ်နေ့ကျရင် ကျွန်မဟာ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ခွင့်ရပြီး အဲဒီ အလုပ်နဲ့ပဲ လူသိများတဲ့အောင်မြင်တဲ့သူ ဖြစ်မယ်လို့ ယုံကြည်လို့ရတာပဲလေ။

အဲဒီအချိန်ကစပြီး ယုံတယ်။ တစ်နေ့မှာ ကျွန်မဟာ ကျွန်မရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်တဲ့ သူ ဖြစ်လာမယ်လေ။

အဲဒီနေ့ကစပြီး ကျွန်မကလည်း အောင်မြင်တဲ့သူတွေကို
အားကျစိတ်နဲ့ ဘာပဲလုပ်လုပ်သူတို့အကြောင်းစဉ်းစားရင်း နှိုင်းယှဉ်မိလာခဲ့တယ်။ တစ်ပြိုင်တည်းမှာလည်း ငါလည်း သူုတို့လို တစ်နေ့ အောင်မြင်မှာလို့ ယုံကြည်ထားပါတယ်။

ပြီးတော့ အောင်မြင်နေတဲ့သူတွေရဲ့အတ္တုပတ္တိတွေကိုလည်း ရှာဖတ်ပါတယ်။ ဒါမှ သူတို့ရဲ့လောကဓံကို သူတို့ဘယ်လိုရင်ဆိုင်ခဲ့သလဲ၊ သူတို့ရဲ့ အရှုံးတွေကိုရော ဘယ်လို လက်ခံပြီး ဘယ်လို ကျော်ဖြတ်ကြသလဲ ဆိုတာကို ဖတ်ပါတယ်။

နောက်  ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာစေဖို့ ရှင်းသန့်နေအောင် အမြဲနေထိုင်တယ်။ မြင်လိုက်တာနဲ့ ရှင်းသန့်ကြည်လင်နေတာပဲ ဆိုတဲ့အမြင်မျိုး ရှိစေဖို့ သန့်သန့်ရှင်းရှင်းနေထိုင်၊ ကြည်လင်စွာ ပြုံးပါတယ်။ ပြီးတော့အများအမြင်မှာ တည်ကြည်တဲ့သဏ္ဍာန်မျိုး ဖြစ်ပေါ်စေဖို့ အ၀တ်အစားကိုလည်း ဂရုတစိုက်နဲ့ဝတ်ပါတယ်။

ပြီးတော့မှန်ရှေ့ရပ်ပြီး  ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေရဲ့လဆိုတာကစပြီး တွေးမိလာတယ်။ ကိုယ့်အတွက် မလျော်ညီတဲ့ ၀တ်စားဆင်ယင်မှုဟာ ကိုယ့်ကို ထိခိုက်စေတာကိုလည်း နားလည်လာမိတယ်။

ပြီးတော့ ကိုယ့်ရဲ့ယုံကြည်စိတ်ကို ဖျက်ဆိးပစ်တတ်တဲ့
အပျက်စိတ်လေးတစ်ခုခုကို စဉ်းစားမိရင်တောင်မှ ဟာ …ဒါမျိုး အပျက်စိတ်ထား မရှိရဘူး ဆိုပြီးတော့အဲဒီစိတ်ကို ခေါင်းထဲကနေ ချက်ခြင်းထုတ်ပစ်ခဲ့တယ်။

ပြီးတော့ ကိုယ့်ကိုယ်ကို ယုံတယ်။
မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment