Latest News

Monday, March 20, 2017

ကိုရီးယား - မြန်မာချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေး စီမံကိန်း ဧပြီလကုန်တွင် စတင်ဆောင်ရွက်သွားမည်

ကိုရီးယား - မြန်မာချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေး စီမံကိန်း ဧပြီလကုန်တွင် စတင်ဆောင်ရွက်သွားမည်

ဒလ မတ် ၂၀

ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ) တံတားတည်ဆောက်ရေးစီမံကိန်းအား ၂၀၁၇ ခုနှစ် ဧပြီလတွင် စတင်နိုင်ရန် စီစဉ်ဆောင် ရွက်ထားကြောင်း၊ တံတားဧရိယာနှင့် မလွတ်ကင်းသော နေအိမ်နှင့် ဈေးဆိုင်ခန်းများ အပြီးသတ် မြေယာလျော်ကြေး ပေးအပ်ခြင်းကို  ကမာကဆစ်အနောက် ဘုန်းတော်ကြီးကျောင်း နွယ်နီဗ္ဗိမာန်တော်ကြီး၌ မတ်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့ထိ စီမံကိန်းဧရိယာ အတွင်း ပါဝင်သော ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမတစ်လျှောက်ရှိ ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရန် မလွတ်ကင်းသည့် နေအိမ်အဆောက်အဦးများ၊ ဈေးဆိုင်ခန်းများအတွက် မြေငှား၊ မြေယာလျော်ကြေးငွေ၊ ထောက်ပံ့ကြေးငွေး များ အပြီးသတ်ပေး အပ်ခဲ့ကြောင်း၊ တံတားတည်ဆောက်ရေး စီမံကိန်းစတင်နိုင်ရန်အတွက် သင်္ကြန်ကာလ အလွန်တွင် စီမံကိန်းရုံး ဆောက် လုပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်းတို့ကို စတင်ဆောင်ရွက်နိုင်ရေး စီစဉ်ထားကြောင်း တံတား တည်ဆောက်ရေး စီမံကိန်း အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးတင်ဦးက အဆိုပါနေ့က ပြောကြားခဲ့သည်။

ဒလတံတား စီမံကိန်းတည်ဆောက်ရေးအတွက် ပထမအကြိမ် မြေယာလျော်ကြေးငွေကို ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က ငွေကျပ်သိန်း ပေါင်းတစ်သောင်း အား လည်းကောင်း၊ ကျန်ရှိ နေအိမ်သုံးလုံးအတွက် ငွေကျပ်သိန်း ၃၉၇ ဒဿမ ၉၄သိန်း ကို လည်းကောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။ ၂၀၁၇ခုနှစ် မတ်လ ၁၆ ရက်နေ့ မှ ၁၇ ရက်နေ့တို့တွင် တံတားဧရိယာနှင့် မလွတ်ကင်းသည့်  နေအိမ်နှင့် ဈေးဆိုင်ခန်းများ အား အပြီးသတ်မြေ ယာလျော်ကြေး၊ မြေငှားထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၄၂၁၄ ဒဿမ ၉၄သိန်း ပေးအပ် ခဲ့ပြီး အဆိုပါ တံတားစီမံကိန်းနှင့် မလွတ်ကင်းသည့် နစ်နာကြေး ထောက်ပံ့ငွေ စုစုပေါင်း ၁၄၆၈၂ ဒဿမ ၈၈သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဒလ တံတားကို သံမဏိကြိုးဆိုင် လေးလမ်းသွား တံတားကြီးအဖြစ် မကြာခင် စတင်တည်ဆောက်မည်ဖြစ်ကာ အရှည်ပေအားဖြင့် ပင်မတံတားအရှည် ၁၉၃၆ပေ နှင့် တံတားအရှည် စုစုပေါင်း ၆၁၄၃ပေ ရှိမည်ဖြစ်သည်။ တန်ချိန် ၁၅၀၀၀ခန့်ရှိ သင်္ဘောကြီးများ ရေလမ်းကင်း လွတ်စွာ သွားလာနိုင်ရန် အမြင့်ပေ ၁၆၀ ခန့် နှင့် ရေလမ်းကင်းလွတ် အကျယ် ၅၂၅ပေ ထားရှိ ဆောက်လုပ်သွား မည်ဖြစ်ကာ ယာဉ်တစ်စင်းချင်း ခံနိုင်ဝန်အားဖြင့် ၇၅ တန်ထိ ဖြစ်ကြောင်း၊ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတားကို ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ (EDCFI Loan) ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒဿမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ ၃၀ ဒဿမ ၃၄၁ သန်း စုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၆၈ ဒဿမ ၁၇၄သန်း ကုန်ကျမည်ဖြစ်ပြီး၊ ကိုရီးယား ထုတ်ကုန်သွင်းကုန်ဘဏ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာန တို့မှ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ က ချေးငွေဆိုင်ရာ သဘောတူ စာချုပ်ရေးထိုးခဲ့ပြီး စီမံကိန်းကာလမှာ (၅)နှစ်ကြာမြင့်မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် အပြီးတည်ဆောက် မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ဒလတံတားတည်ဆောက်ရေး အသေးစိတ်ဒီဇိုင်းအတွက် ကိုရီးယားသမ္မတနိုင်ငံ Soosoog Co.Ltd ခေါင်းဆောင်သော J.V အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး စီမံကိန်းလုပ်ငန်းများ စတင်ဆောင် ရွက်နေပြီးဖြစ်ကြောင်းသိရသည်။

ဒလတံတားတည်ဆောက်ရာတွင် ဒလမြို့နယ်အတွက် ရေချိုပိုက်လိုင်းများပါ တပါတည်း ထည့်သွင်း တည်ဆောက်မည်ဖြစ်ပြီး တံတားပြီးစီးသွားပါက ဒေသတွင်း ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ၊ အခြေခံလူမှု အဆောက်အအုံများ ပိုမိုဖွံ့ဖြိုးလာနိုင်ပြီး ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းဒေသများပါ ယခင်ထက် ကုန်စည်ကူးသန်းသွားလာရေး လွယ်ကူလာမည်ဖြစ်ပြီး ဒေသခံပြည်သူများ ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။
                                                                                              နိုင်လင်းကျော်(ဒလ)ပြန်/ဆက်

No comments:

Post a Comment