ကဘူးလ်ရှိ စစ်ဆေးရုံတစ်ခုကို အိုင်အက်စ်များ ဝင်ရောက်တိုက်ခိုက်ပြီး လူ ၃၀ ကျော်သေဆုံ
း
ဆေးရုံခေါင်မိုးပေါ်တွင် နေရာယူထားသည့် အာဖဂန်စစ်တပ် ကွန်မန်ဒိုများ။
အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်ရှိ စစ်ဆေးရုံ တစ်ခုကို အိုင်အက်စ် စစ်သွေးကြွများက စီးနင်းတိုက်ခိုက်ခဲ့ရာ လူ ၃၀ ထက်မနည်း သေဆုံးသွားကြောင်း သိရသည်။
မြို့တော်ရှိ အကြီးဆုံး စစ်ဆေးရုံဖြစ်သော ဆာဒါးဒေါ့တွင် အကြမ်းဖက်သမား လေးဦးက ဆရာဝန်များသဖွယ် ဟန်ဆောင် ဝတ်ဆင်လာပြီးနောက် မြင်သမျှကို သေနတ်ဖြင့် မွှေ့ယမ်း ပစ်ခတ်ခဲ့ကြောင်း အသက်ရှင် လွတ်မြောက်လာသူများက ဆိုသည်။ နောက်ဆုံးတွင် စစ်တပ်၏ အထူးကွန်မန်ဒိုများက ဆေးရုံ ခေါင်မိုးပေါ်သို့ ရဟတ်ယာဉ်များပေါ်မှ ဆင်းသက်ကာ အတွင်းသို့ ဝင်ရောက်ပြီး အကြမ်းဖက်သမား လေးဦးလုံးကို သုတ်သင်နိုင်ခဲ့သည်။
မတ် ၈ ရက်နေ့ တိုက်ခိုက်မှုသည် နာရီပေါင်း အတော်များများ ကြာမြင့်ပြီးမှ အဆုံးသတ်သွားကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ၎င်းတို့ စီစဉ်ညွှန်ကြားခြင်းဟု အိုင်အက်စ် စစ်သွေးကြွများက ကြေညာသည်။ အာဖဂန် အစိုးရ၏ ရန်သူတော်ဖြစ်သည့် တာလီဘန် အုပ်စုများကမူ ယခုကိစ္စတွင် ၎င်းတို့ လုံးဝ ပါဝင်ခြင်း မရှိဟု အတည်ပြုထားသည်။
ကာကွယ်ရေး ဝန်ကြီးဌာနက စစ်ဆေးရုံ တိုက်ခိုက်ခံရမှုအတွင်း လူပေါင်း ၃၀ ကျော် သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကြေညာသည်။ အာဖဂန် သမ္မတ အက်ရှ်ရက်ဖ် ဂါနီက ဆေးရုံကို ယခုလို အောက်တန်းကျကျ တိုက်ခိုက်မှုသည် လူ့ဂုဏ်သိက္ခာ အားလုံး ကြွင်းကျန်မှု မရှိတော့သော လုပ်ရပ်မျိုးဟု ရှုတ်ချ ဝေဖန်ခဲ့သည်။
ဆေးရုံကို အကြမ်းဖက်သမားများက ဝင်ရောက်စီးနင်းချိန်တွင် ဝန်ထမ်းတစ်ဦးက “ဆေးရုံထဲကို အကြမ်းဖက်သမားတွေ ရောက်နေပြီ။ အားလုံးအတွက် ဆုတောင်းပေးကြပါ”ဟု Facebookပေါ်တွင် အသိပေး ရေးသားခဲ့သည်။ အိုင်အက်စ်တို့သည် အာဖဂန်တွင် စတင်၍ ခြေကုပ်ယူလာနိုင်ပြီ ဖြစ်သော်လည်း ကဘူးလ်မြို့တော်တွင် ယခုလို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုမျိုး ပြုလုပ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ယခင်ကမူ အာဖဂန် အခြေစိုက် အိုင်အက်စ်တို့သည် ရှီးဟိုက် မွတ်ဆလင် အသိုက်အဝန်းကို ပစ်မှတ်ထားသည့် အသေးစား အကြမ်းဖက် တိုက်ခိုက်မှုများသာ ပြုလုပ်နေခဲ့သည်။ ထို့အပြင် ဆေးရုံများကို အလစ်အငိုက် စီးနင်းသည့် လုပ်ထုံးလုပ်နည်းမျိုးသည် အိုင်အက်စ်တို့တွင် တွေ့ရခဲပြီး တာလီဘန်များ အသုံးပြုလေ့ရှိသည့် ပုံစံမျိုးဟုလည်း သတင်းများက ဖော်ပြသွားသည်။
Ref: Al Jazeera
7Day News Journal
Thursday, March 9, 2017
ကဘူးလ်ရှိ စစ်ဆေးရုံတစ်ခုကို အိုင်အက်စ်များ ဝင်ရောက်တိုက်ခိုက်ပြီး လူ ၃၀ ကျော်သေဆုံး
ကဘူးလ်ရှိ စစ်ဆေးရုံတစ်ခုကို အိုင်အက်စ်များ ဝင်ရောက်တိုက်ခိုက်ပြီး လူ ၃၀ ကျော်သေဆုံး
Reviewed by Ar Ti
on
12:04 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment