Latest News

Wednesday, March 8, 2017

ထောင်က ထွက်ပြေးတာ လူသားဆန်တယ်


မန္တလေးထောင်မှာ ထွက်ပြေးတဲ့အကျဉ်းသားပြန်မိတာကို ညှင်းပမ်းနှိပ်စက်တာနဲ့ပတ်သက်တဲ့ သတင်းကို ကိုနေမျိုးလင်းတင်လိုက်တော့ အတိတ်ကို ပြန်သတိရမိတယ်။ ကျနော် အင်းစိန်ထောင်မှာ ရှိနေတုံး ထောင်ဖောက်ပြေးတာတွေ ကြုံရတယ်။ ကြွယ်ကြီးပေါ့။ သူနဲ့အပေါင်းပါးတွေ အင်းစိန်ထောင် အုပ်ရိုးကို ကျော်ပြီး ထွက်ပြေးကြတယ်။ လွတ်သွားတယ်။ လွတ်ပြီး ၃ ပါတ်လောက်ကြာမှ ပြန်မိတယ်။ သူတို့လွတ်သွားတော့ ကျနော်တို့အားလုံးလည်း မသက်သာဖူးပေါ့။ သူတို့ကို စစ်ခွေးတိုက်မှာ ထားရင်း စစ်ခွေးတိုက်ကနေ လွတ်မြောက်သွားတာ။ ဒီနေရာမှာ ပြောချင်တာက သူတို့လွတ်မြောက်ဖို့ ကြိုးစားရတဲ့ အဓိက အကြောင်းက သူတို့ကို နှိပ်စက်လွန်းလို့ပါ။ သူတို့ညံ့တာက ပြန်မိတာပဲ။ နိုင်ငံရေးသမားလွတ်မြောက်သွားရင် ပြန်မိရိုးထုံးစံမရှိဖူး။ အင်းစိန်ထောင်ကနေ နိုင်ငံရေးသမားတစ်ယောက် ထောက်လှမ်းရေးယောင်ဆောင်ပြီး လွတ်သွားဖူးတယ်။ အခုထိ ပြန်မမိဖူး။နိုင်ငံရေးသမား နဲ့ ရာဇ၀တ်သားနဲ့ ကွာတာ အဲဒါဘဲ။ ရာဇ၀တ်သားတွေက လွတ်သွားရင်လည်း သူတို့ကို ပြန်ဖမ်းဖို့က သိပ်မခက်ဖူး။ ကြွယ်ကြီးလွတ်သွားတော့ ကျနော်တို့ ၀မ်းသာတယ်။ အင်းစိန်ထောင်ဆိုတာ အင်မတန်လုံခြုံပါတယ်ဆိုပြီး ၀န်ထမ်းတွေက ဂုဏ်ယူနေတာ။ သူတို့လွတ်မြောက်သွားပြီး ကျနော်တို့ သက်တောင့်သက်သာ မနေရဖူးပေါ့ဗျာ။ ပြောချင်တာက ထောင်ပိုင်တွေက သူတို့အားနည်းချက် ကို သူတို့ မသုံးသပ်ဘဲ ကျန်အကျဉ်းသားများကို မဲတာပဲ။ သေချာတာ က အကျဉ်းသားက အကျဉ်းသားဖက်ကပဲ ရပ်မှာဘဲ။ ကျနော်တို့က ခံနေရပေမဲ့ပျော်တယ်။ ဒါပေမဲ့ ပြန်မိတော့ ကျနော်တို့ ကြွယ်ကြီး ကို မကျေနပ်ဖူး အသုံးမကျဖူးလို့ ထင်တယ်။ ကျနော်တို့ခံရကျိုးမနပ်ဖူးလို့ထင်လို့ မကျေနပ်တာ။ကြွယ်ကြီးလွတ်မြောက်သွားပုံကို ရုပ်ရှင်မင်းသား အောင်ခိုင်နဲ့ အဖွဲ့ထင်တယ်၊ ရုပ်ရှင်လာရိုက်ထားတာရှိတယ်။

အင်းစိန်ထောင်မှာ ကြွယ်ကြီး ထွက်ပြေးပြီး ပြန်မိလာတော့ ကြွယ်ကြီးကို ကျပ်လုံးလောက်ရှိတဲ့ ဒေါက်နဲ့ ထိပ်တုံးပါ ခပ်ထားတဲ့အပြင် အဲဒီအချိန်က ထောင်ပိုင် ဗိုလ်ကြီးသာဥိး (စစ်တပ်က ခြေတစ်ဖက်ပြတ်ပြီး အကျဉ်းထောင်ကို ပြောင်းလာတဲ့သူ) က မင်းကြောင့် ငါတို့ ဒုက္ခရောက်ရတယ် ဆိုပြီး မင်းကိုသတ်ပြီး ငါထောင်ပြန်အကျခံမယ် ဆိုပြီး ဖြစ်ခဲ့ဖူးတယ်။ ကျန်ဝန်ထမ်းများ က မဖြစ်သင့်တာ မဖြစ်ရအောင် မနည်းဝိုင်းဖြောင်းဖြရတယ်။ သူတို့က အရမ်းအငြိုးကြီးတယ်။ ဂျာမနီ ထင်တယ်(နိုင်ငံကြီးတခုမှာ ဖတ်ဖူးတာ)မှာတော့ ထောင်က ထွက်ပြေးတာ လူသားဆန်တယ်ဆိုပြီး သတ်မှတ်ထားတယ်။ ထောင်ကထွက်ပြေးလို့ ပြန်အဖမ်းခံရရင် အပြစ်မဖြစ်ဖူး။ အကျဉ်းသားထွက်ပြေးရင် ၀န်ုထမ်းအရေးယူခံရမယ်။ ၀န်ထမ်းခန့်ထားတာ အဲဒီလို အကျဉ်းသားတွေ ထွက်မပြေးနိုင်အောင် ဖြစ်တယ်။ အကျဉ်းသားထွက်ပြေးတယ် ဆိုတာ လူသားဆန်တဲ့ ကိစ္စဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ သတ္တ၀ါမှန်ရင် ဘယ်သတ္တ၀ါ မှ အချုပ်အနှောင်ခံရတာ မကြိုက်လို့ဘဲ။ အချုပ်အနှောင် ခံရတဲ့ သတ္တ၀ါဟာ လွတ်မြောက်ဖို့ ကြိုးစားတာ သဘာဝ ကျတယ်။ ထွက်မပြေးအောင်နဲ့ မပြေးနိုင်အောင် လုပ်ဆောင်ထားရမှာ အကျဉ်းဦးစီးရဲ့ အလုပ်ပဲ။ ဖိနှိပ်မှုများလေလေ ထွက်ပြေးချင်စိတ်ကို လှုံ့ဆော်လေလေဘဲ ဆိုတာ သိထားဖို့လိုတယ်။ နှိပ်စက်ရင် နှိပ်စက်တဲ့ လူကို နှိပ်စက်ညှင်းပမ်းမှု ဥပဒေအရ အရေးယူရမယ်။ အဲဒါ တရားဥပဒေ စိုးမိုးမှုဘဲ။ ဒါကြောင့် အကျဉ်းထောင်ကို ပြုပြင်ပြောင်းလဲရမယ်လို့ ပြောပြောနေတာ။

အခု အကျဉ်းထောင်ဆိုတာ မာဖီးယားတွေအတွက် လူသစ်စုဆောင်းရေးလို ဖြစ်နေတယ်။ ဥပမာ - ဦးကိုနီ လုပ်ကြံခံရတဲ့အမှုကို ကြည့်လိုက်ရင် ထောင်ထွက်တွေ ဖြစ်နေတယ်ဆိုတာ တွေ့ရတယ်။ နောက် လက်ရှိအကျဉ်းထောင်ဆိုတာ သူခိုးလေး က သူခိုးကြီးဖြစ်စေတဲ့ နည်းပညာလေ့ကျင့်ရေးတက္ကသိုလ်ကြီးဖြစ်နေတယ်။ ဒါကြောင့် အကျဉ်းသားတွေကို လွှတ်တဲ့အခါမှာ သေသေချာချာ စီစစ်ပြီးလွှတ်သင့်တယ် ဆိုတာမျိုးကို ကျနော်တို့တိုက်တွန်းနေတာပါ။ ဒါပေမဲ့ ဦးသိန်းစိန် လက်ထက် မှာ နိုင်ငံရေးအကျဉ်းသားတွေကို အကုန်ကို ခြွင်းချက်မရှိလွှတ်ပေးမဲ့အစား ရာဇ၀တ်အကျဉ်းသား ၂၀၀၀၀ ကျော်ကို လွှတ်ပေးခဲ့တယ်။ အဲဒီအထဲမှာ အခု မြောက်ပိုင်းမဟာမိတ်အဖွဲ့ခေါင်းဆောင်ဖြစ်လာတဲ့ " ၀ " အဖွဲ့ က အဖမ်းခံထားရတဲ့ မူးယစ်ရာဇာတွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဆိုပြီး လွှတ်ပေးလို့ ကျနော်တို့နဲ့ ပြသနာတက်ခဲ့ရသေးတယ်။ အဲဒါတွေကြောင့် အခုမြန်မာနိုင်ငံမှာ ရာဇ၀တ်မှုတွေ တိုးပွားနေရတာပါ။

အကျဉ်းထောင်ကို တည်ဆောက်ထားရတာ လိုအပ်ချက်ကြောင့်ပါ။ အထူးသဖြင့်တော့ လူ့အဖွဲ့အစည်းကို ကာကွယ်ပေးဖို့ပါ။ လူ့အဖွဲ့အစည်းကလည်း ဘယ်လိုအကျဉ်းထောင်မျိုးဖြစ်စေချင်တာလဲ။ လူ့အဖွဲ့အစည်း ကို အကာအကွယ်ပေးတာမျိုးမဖြစ်ခဲ့ရင်လည်း ဘာကြောင့်မဖြစ်တာလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိတာလဲ။ ဘယ်လို ပြုပြင်ပြောင်းလဲမလဲ ဆိုတာ အစိုးရ နဲ့ ပြည်ထဲရေး ကို မေးးခွန်းထုတ်ဖို့ လိုပါမယ်။

အကျဉ်းထောင် ဆိုတာ သူ့ချည်း ကွက်ပြီး ပြောင်းလဲလို့ မရဖူး။ သူနဲ့ ဆက်စပ်နေတဲ့ ရဲ၊ တရားရေး၊ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေများ၊ အကျဉ်းထောင်ဥပဒေ အစရှိသဖြင့် လုံခြုံရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်များကို တပြိုင်နက်ဆက်စပ်ပြောင်းလဲမှ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု ဖြစ်နိုင်မှာပါ။
အဲဒါ အကုန်လုံးရဲ့ အချုပ် က တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြောင်းလဲရမှာပါ။

အကုန်လုံးကို မပြောင်းလဲနိုင်သေးရင်တောင် ဘယ်ပုဒ်မ ကို အရင် စဖြုတ်ရင် တရားဥပဒေ စိုးမိုးရေးအတွက် အထောက်အကူ ပြုမလဲဆိုတာကို လွှတ်တော်အမတ်များ အဖြေရှာသင့်ပါတယ်။ လိုအပ်ရင် ခေါ်လိုက်ပါ။
Ko Bo Kyi


No comments:

Post a Comment