Latest News

Thursday, March 16, 2017

တက္ကသိုလ်ဝင်တန်းကျောင်းသားမဟုတ်ဘဲ စာမေးပွဲဝင်ရောက်ဖြေဆိုသူကို စစ်ဆေးတွေ့ရှိ

တက္ကသိုလ်ဝင်တန်းကျောင်းသားမဟုတ်ဘဲ စာမေးပွဲဝင်ရောက်ဖြေဆိုသူကို စစ်ဆေးတွေ့ရှိ

မန္တလေး၊မတ်၁၆

တက္ကသိုလ်ဝင်တန်းကျောင်းသားမဟုတ်ဘဲ စာမေးပွဲဝင်ရောက်ဖြေဆိုသူတစ်ဦးကို မန္တလေးတိုင်း၊မိတ္ထီလာမြို့နယ်ရှိစာစစ်ဌာနတစ်ခုမှာ စစ်ဆေးတွေ့ရှိတယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
အခုလ၈ရက်(တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်ဖြေဆိုတဲ့ပထမရက်)က မိတ္ထီလာမြို့နယ်ရှိ အထက(၃)ကျောင်းစာစစ်ဌာနမှာ န၀မတန်းကျရှုံးတဲ့ ကျောင်းသားက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၀င်ရောက်ဖြေဆိုနေတာကို စစ်ဆေးတွေ့ရှိရတာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်း ကျောင်းသား မဟုတ်ဘဲ စာမေးပွဲဝင်ရောက်ဖြေဆိုတဲ့ကျောင်းသားရဲ့ ကျောင်းထွက်လက်မှတ်ကို ပြန်လည်စိစစ်ရာ အဲသည်ကျောင်းရဲ့ စာရေးအဆင့်(၂)ရှိအမျိုးသားက အထက်တန်းပြဆရာမတစ်ဦးရဲ့ ဖိအားပေးမှုကြောင့် ကျောင်းထွက်လက်မှတ်ပေါ်မှာ ပြုပြင်လိမ်လည်ရေးသားခဲ့တယ်လို့ ၀န်ခံထွက်ဆိုပါတယ်။

အထက(၃)ကျောင်း၊စာရေးအဆင့်(၂)ရှိ အမျိုးသားကို အထက်တန်းပြဆရာမတစ်ဦး (န၀မတန်းပြ)က အဲသည်ကျောင်းထွက် လက်မှတ်ပေါ်မှာ န၀မတန်းစာမေးပွဲအောင်မြင်ကြောင်း ပြင်ဆင်ရေးသားပေးဖို့ ပြောဆိုတာကြောင့် ပြင်ဆင်ရေးသားလက်မှတ်ထိုးပေးခဲ့တယ်လို့ သိရပါတယ်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ န၀မတန်းစာမေးပွဲကျရှုံးခဲ့လို့ ပြင်ပကျောင်းမှာ ဆက်လက်တက်ရောက်ဖို့အတွက် ကျောင်းထွက်လက်မှတ်မူရင်းကို ဖခင်ဖြစ်သူကိုယ်တိုင်က ကိုယ်ပိုင်ကျောင်းပြောင်းရွေ့မယ်လို့ အကြောင်းပြချက်နဲ့ ပြီခဲ့တဲ့နှစ်ဇူလိုင်လ၃ရက်က လက်မှတ်ရေးထိုးထုတ်ယူခဲ့တာဖြစ်ပါတယ်။

အဲသည်ပြင်ဆင်ရေးသားလက်မှတ်ထိုးထားတဲ့ကျောင်းထွက်လက်မှတ်နဲ့ မိတ္ထီလာမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ အထက်တန်းပြဆရာမကိုယ်တိုင်က ကျောင်းအပ်နှံ ပေးခဲ့ပြီး အဲသည်ကိုယ်ပိုင်အထက်တန်းကျောင်းကနေ (တက္ကသိုလ်ဝင်တန်း ကျောင်းသား မဟုတ်ဘဲ စာမေးပွဲဝင်ရောက်ဖြေဆိုသူက) တက္ကသိုလ်ဝင်စာမေးပွဲကို ၀င်ရောက်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

ယခုလို တက္ကသိုလ်ဝင်တန်းကျောင်းသားမဟုတ်ဘဲ စာမေးပွဲဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသားကို စာမေးပွဲဖြေဆိုတဲ့နေ့(မတ်လ၈ရက်ကနေ ၁၅ရက်နေ့အထိ)ကနေ စာမေးပွဲ ဖြေဆိုပြီးတဲ့နေ့အထိ မလိုလားအပ်တဲ့ကိစ္စရပ်တွေမဖြစ်ပွားဖို့ ဆက်လက်စာမေးပွဲဖြေဆိုခွင့်ပြုခဲ့ကာ စာမေးပွဲဖြေဆိုစာရင်းကနေ ပယ်ဖျက်တဲ့စာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

နန်းဟေမာထွေး( Kumudra )


No comments:

Post a Comment