Latest News

Wednesday, March 1, 2017

လာဘ်ငွေဆယ်သိန်းကျော် တောင်းတာကြောင့် တရားစွဲခံရတဲ့ ခရိုင် ပညာရေးမှူး ထွက်ပြေးနေ

လာဘ်ငွေဆယ်သိန်းကျော် တောင်းတာကြောင့် တရားစွဲခံရတဲ့ ခရိုင်

ပညာရေးမှူး ထွက်ပြေးနေ


နေ့စားလပေး ဆရာ တွေ ခန့်ထားရေးမှာ ကျပ် ၁၃ သိန်းကျော် ရယူခဲ့တဲ့ သရက်ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးဟာ ထောင်ဆယ်နှစ်ထိချမှတ်နိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆နဲ့ တရားစွဲဆိုခံရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေပါတယ်။

အဆိုပါလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အုန်းမြကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုထားတာဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ပညာရေးမှူးအဖြစ် ဒေါ်ခင်အုန်းမြတာဝန်ယူစဉ်က ဖြစ်စဉ်ကို တိုင်ကြားခံရတာဖြစ်ကာ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေတာလည်း ဖြစ်ပါတယ်။ ငွေကြေးပေးအပ်ရာမှာ ကူညီဆောင်ရွက်ခဲ့တဲ့ ဆရာနှစ်ဦးနဲ့ ဆရာမနှစ်ဦးကိုလည်း ၀န်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူဖို့ ပညာရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း ကော်မရှင်က ပြောထားတယ်လို့7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တိုင်ကြားလာတာကြောင့် အစိုးရအဖွဲ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းခဲ့တာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးပြီးနောက် ဒေါ်ခင်အုန်းမြဟာ ငွေရယူကြောင်း ပေါ်ပေါက်တာကြောင့် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

Source: 7Day Daily : Duwun

No comments:

Post a Comment