Latest News

Saturday, March 4, 2017

ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်ဖို့လည်း လိုတယ်

ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်ဖို့လည်း လိုတယ်

အမြဲတမ်း အခြားသူတွေအတွက်ပဲ ဦးစားပေးပြီး စဉ်းစားလေ့ရှိတဲ့သူတွေမှာ ပြင်းထန်တဲ့ စိတ်ဖိစီးမှုတစ်မျိုးရှိတတ်ကြတယ်။ အဲဒီ စိတ်ဖိစီးမှုအတွက် ကိုယ့်ကိုယ်ကို နှစိသိမ့် ပေးနိုင်မှ နေပျော်တဲ့ဘ၀တစ်ခု ဖြစ်လာရတာပါ။

အထူးသဖြင့် အသက် ၃၅ နှစ် အထက် အသက် ၄၀ ကျော်ဝန်းကျင် သတ်လတ်ပို်င်း အရွယ်ရောက်လာပြီ ဆိုရင် လျှို့ဝှက်တတ်တဲ့ အခက်အခဲရဲ့ဖိစီးမှုတွေက များလာတတ်တာ တွေ့ရပါတယ်။

ဒီအသက်အရွယ်မှာ အခက်အခဲလေးတစ်ခုခု ကြုံလာရင်တောင်မှ ငယ်စဉ်တုန်းကလို မိဘတွေနဲ့ ခင်ပွန်းတွေ၊ ညီကိုမောင်နှမ သားချင်းတွေကို ပြောပြပြီး ၀ိုင်းဝန်းဖြေရှင်းကူညီတောင်းတာမျိုးတွေလည်း မလုပ်ချင်ကြတော့ဘူး။ သူတို့တွေကို အပူတွေ မပေးချင်တာ၊ ကိုယ့်အပူ မကူးစက်စေချင်တဲ့စိတ်နဲ့ ဘယ်သူ့ကိုမှ မပြောချင်တော့တာပါ။

ကိုယ့်မိသားစုဝင်တွေနဲ့ပတ်ဝန်းကျင်က လူတွေအပေါ်မှာ ဘာမျှော်လင့်ချက်မှ မထားဘဲနဲ့ကိုယ့်အပေါ်ကို မှီခိုအားထားနေရတက သူတွေကိုပဲ  ပေးချင်တယ်၊ ကူညီချင်တယ်၊ တစ်နည်း ပြောရရင်တော့မေတ္တာပေးဝေချင်တဲ့စိတ်ပါ။

အဲဒီစိတ်နဲ့ ကိုယ့်ကိုေ ကျွးမွေးခဲ့တဲ့ မိဘတွေကိုလည်း ကိုယ်ကပဲ ပေးချင်တယ်၊ ကိုယ့်ရဲ့ညီကိုမောင်နှမတွေဆိုလည်းပေးချင်တာပဲ။ ကိုယ့်သားသမီး နဲ့တူ တူမတွေရဲ့လိုအပ်ချက်လေးတွေဆိုရင်လည်း ဖြည့်ဆည်းပေးချင်တာ။ နောက်ဆုံး ကိုယ့်ပတ်ဝန်းကျင်မှာ လိုအပ်နေတာလေးတွေ တွေ့ရင်လည်း ပေးချင်တယ်၊ လုပ်ပေးချင်တယ်။

ဒီအသက်အရွယ်ဟာ မေတ္တာပေးဝေချင်တဲ့အရွယ်လို့တောင် ဆိုနိုင်ပါသေးရဲ့။ အဲဒီ အရွယ်၊ အဲဒီစိတ်မှာ ဖြစ်တတ်တဲ့ စိတ်ဖိအားလည်း ရှိပါသေးတယ်။ ပေးချင်တာကို မပေးနိုင်တဲ့အခါ စိတ် ဖိအားဖြစ်ရပါတယ်။ ကိုယ့်အင်အားနဲ့မဖြည့် ဆည်းနိုင်တဲ့ကိစ္စမျိုး တွေ့ရင်လည်း စိတ်ဖိအားဖြစ်စေပြန်တယ်။

ဒါ့အပြင် ကိုယ့်ရဲ့အသက်အရွယ်၊ အတွေ့အကြုံနဲ့ကူညီပေးချင်တဲ့စိတ်ကြောင့်လာရောက်ကူညီတောင်းတဲ့အခါတိုင်း လုပ်ဆောင်ပေးချင်တဲ့ စိတ်ကလည်း တစ်ခါတစ်ရံမှာတော့ဖိစီးမှုဖြစ်စေပြန်တယ်။

အချို့ကျတော့လည်း
သူများရဲ့ပြဿနာတွေအတွက် စဉ်းစားပေးနေချိန်မှာ ကိုယ့်ပြဿနာကို မေ့ထားနိုင်အောင် ကြိုးစားအားထုတ်ရတာမျိုး၊ သူများရင်ထဲက အပူတွေကို နားထောင် နှစ်သိမ့်ပေးနေချိန်မှာ ကိုယ့်ရင်ထဲက အပူကို ဖွင့်မထုတ်နိုင်တာမျိုးတွေနဲ့ စိတ်ဖိအားဖြစ်ရပြန်တယ်။

ဒီလို အသက်အရွယ် ရှိလူတွေမှာ စိတ်ဖိစီးမှု ဆိုတာ အမျိုးအစား တစ်ခုအနေနဲ့လည်း သီးသန့်ရှိတတ်ပါတယ်။ ဒါကို ကိုယ့်ကိုယ်ကို ဖြေဖျောက်နိုင်ဖို့ကြိုးစားရပါသေးတယ်။

အဲဒါကတော့အခြေအနေပြန်ကို လက်ခံနားလည်နိုင်ခြင်းနဲ့ စိတ်နှလုံး သွင်းပြန်ဖို့ အားထုတ်ခြင်းပါပဲ။

ဥပမာ ကိုယ့်ကို အကူညီတောင်းထားတဲ့ ကိစ္စတစ်ခုမှာ ကိုယ့်အနေနဲ့  မလုပ်ပေးနိုင်တဲ့ကိစ္စဖြစ်နေတဲ့အတွက် စိတ်ဖိစိးမှုဖြစ်တတ်ပါတယ်။ ဒါကို ကိုယ်က အခြေနေမှန်ကို လက်ခံလိုက်တဲ့အနေနဲ့မလုပ်ပေးနိုင်တဲ့အကြောင်း ရိုးသားစွာ ပြောရဲဖို့၊ ကိုယ့်အနေနဲ့ ဆောင်ရွက်နိုင်စွမ်း မရှိပေမဲ့ ဆောင်ရွက်နိုင်မဲ့ သူတွေကို ဆက်သွယ်ကူညီပေးနိုင်ဖို့ လမ်းညွှန်ပေးတာမျိုး တွေနဲ့ဆောင်ရွက်ရင် ကိုယ့်စိတ်ကို အနည်းဆုံး နှစ်သိမ့်သလို ခံစားကြရပါတယ်။

သားတွေသမီးတွေရဲ့တောင်းဆိုမှုတိုင်းမှာလည်း မိဘအနေနဲ့မဆောင်ရွက်နိုင်တာကို ဇွတ်အတင်း ကြိတ်မှိတ်ကြွေးတင်ခံပြီး ဆောင်ရွက်စရာ မလိုပါဘူး၊ ကိုယ့်ရဲ့အခြေအနေမှန်ကို သေချာ နားလည်အောင် ပြောဆိုရှင်းလင်းပြရဲတဲ့ သတ္တိတစ်မျိုးပဲ လိုပါတယ်။

ဒီအသက်ရွယ်မှာ ကြုံရတတ်တဲ့အိမ်ထောင်ရေး ပြဿနာလည်း ရှိတတ်ပါသေးတယ်။ ဒီအသက် ၄၀ကျော်အ၇ွယ် အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ရေးကိစ္စမှာ ငြီးငွေ့လိုပဲဖြစ်ပစေ၊ စိတ်ဖိအားရှိနေလို့ပဲ ဖြစ်ဖြစ် အိမ်ထောင်ရေး သုခရရှိဖို့ ခက်ခဲတတ်ပြန်တယ်။

ခင်ပွန်းပဲ ဖြစ်ဖြစ် ဇနီးသည်ပဲဖြစ်ဖြစ် တငွေ့ငွေ့နဲ့ကျိတ်လောင်ရတာမျိုး မဖြစ်အောင် ပွင့်လင်းဖို့နဲ့ နားလည်ပေးဖို့အရေးကြီးပါတယ်။

ဇနီးသည်အနေနဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေချိန်မှာ ခင်ပွန်းဖြစ်သူက ဇနီးသည်ဆီက မရလို့ရတဲ့ဆီကို သွားတယ်ဆိုတာမျိုး ဆိုရင်တော့ဇနီးသည်အပေါ်မှာ ရက်စက်လွန်းရာ ကြပါတယ်။ ခင်ပွန်းဖြစ်သူကလည်း ဇနီးသည်ကို နားလည်စာနာပေးဖို့လိုပါတယ်။
ဒါ့အပြင် ဇနီးဖြစ်သူကလည်း ကိုယ့်ရဲ့အခြေအနေကို အမှန်အတိုင်း ခင်ပွန်းဖြစ်သူကို နားလည်အောင်ပြောပြ ထားဖို့လိုအပ်ပါတယ်။

အိမ်ထောင်ရှင်ဘ၀မှာ ပွင့်လင်းမှုနဲ့နားလည်မှု အပြန်အလှန် ရှိအောင် ကြိုးစားခြင်းက ဘယ်လိုကိစ္စ၊ ဘယ်လို ပြဿနာ မျိုးကိုမဆို ဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

ဒီအသက်အရွယ်မှာ ကိုယ့်ကိုယ်ကို နှစ်သိမ့်နိုင်ဖို့ကတော့အခြေအနေမှန်ကို လက်ခံနိုင်ခြင်းနဲ့ဘာသာရေးကို အာရုံစိုက်ခြင်း၊ အများကို မေတ္တာမျှဝေ နိုင်ခြင်းတွေကသာ အကောင်းဆုံး ကုစားချက်တွေ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။
မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment