Latest News

Monday, March 27, 2017

ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ငါးလကျော်အတွင်း ထပ်မံစံချိန်ချိုးခဲ့ပြီး ကျပ် ၉၀၅၅၀၀ အထိ ရောက်ရှိ

ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ငါးလကျော်အတွင်း ထပ်မံစံချိန်ချိုးခဲ့ပြီး ကျပ် ၉၀၅၅၀၀ အထိ ရောက်ရှိ


မတ် ၂၇ ရက်တွင် ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ငါးလကျော်အတွင်း ထပ်မံစံချိန်ချိုးခဲ့ပြီး ကျပ် ၉၀၅၅၀၀ အထိရောက်ရှိလာခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ရွှေဈေးသည် မတ် ၂၂ ရက်က ၁၂၅၁ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး မတ် ၂၃ ရက်တွင် ၁၂၄၆ ဒေါ်လာ အထိ၊ မတ် ၂၄ ရက် မွန်းလွဲ ၃ နာရီအထိ ၁၂၄၁ ဒေါ်လာအထိ ပြန်ကျလာသော်လည်း ညနေဈေးပိတ်ချိန်တွင် ၁၂၄၈ ဒေါ်လာအထိ ပြန်လည်မြင့်တက်ခဲ့သည်။ တစ်ပတ်တာ ဈေးကွက်ပြန်ဖွင့်ချိန်ဖြစ်သော မတ် ၂၇ ရက် ညနေ ၃ နာရီခန့်တွင် ၁၂၅၈ ဒေါ်လာနီးပါးအထိ ဆက်လက်မြင့် တက်လာခဲ့ခြင်း ဖြစ်သည်။                      

အမေရိကန်သမ္မတဟောင်း အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှု အာမခံစနစ်ကို သမ္မတသစ်ထရန့်က ဖျက်သိမ်းသည့် ကိစ္စရပ်အတွက် ရီပတ်ဘလစ်ကန် အမတ်များက ပယ်ချခဲ့ပြီးနောက် ဒေါ်လာဈေး အညွှန်းကိန်း အနည်းငယ် ပြန်လည်မြင့်တက်ခဲ့သော်လည်း အမေရိကန်၏ နိုင်ငံရေး မရေရာ မသေချာဖြစ်မှု မြင့်တက်လာခြင်းကြောင့် ဈေးကွက်တွင် ဒေါ်လာဈေးကျဆင်းခဲ့ပြီး ရွှေဈေးမြင့်တက်လာခဲ့သည်။ လာမည့်တစ်ပတ်တွင်လည်း အမေရိကန်၏ စားသုံးသူယုံကြည်စိတ်ချရမှု အချက်အလက်၊ အိမ်ရာဈေးကွက် အချက်အလက်၊ သုံးလပတ်စီးပွားရေးတိုးတက်မှု အချက်အလက်၊ တစ်ဦးချင်းဝင်ငွေ၊ ထွက်ငွေ အချက်အလက်များ ထုတ်ပြန်ရန်ရှိပြီး သမ္မတ ဒေါ်နယ်ထရန့်၏ အခွန်မူဝါဒ ပြုပြင်ပြောင်းလဲမှု သတင်းများထွက်ပေါ်ဖွယ်ရှိရာ ယင်းအခြေ အနေများပေါ်မူတည်ပြီး ရွှေဈေးနှုန်း အတက်အကျ ဖြစ်ပေါ်ဦးမည် ဖြစ်သည်။        

ကမ္ဘာ့ရွှေဈေးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တစ်အောင်စ ဒေါ်လာ ၁၁၂၀ ကျော်အထိ ထိုးဆင်းသွားခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်အထိ ၁၁၃၃ ဒေါ်လာဝန်းကျင်တွင် ရှိခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၂၇ မှစ၍ ဈေးပြန်တက်လာပြီး ဒီဇင်ဘာ ၂၇ ရက်တွင် ၁၁၄၅ ဒေါ်လာ၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၁၁၅၉ ဒေါ်လာ၊ ဇန်န၀ါရီ ၉ ရက်တွင် ၁၁၇၆ ဒေါ်လာ၊ ဇန်န၀ါရီ ၁၂ ရက်တွင် ဒေါ်လာ ၁၂၀၀ အထက်၊ ဖေဖော်ဝါရီ ၂၄ ရက်မှစတင်ကာ ဒေါ် လာ ၁၂၅၀ အထက်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ငါးရက်ကြာ ဒေါ်လာ ၁၂၅၀ အထက်ရောက်ရှိခဲ့ပြီး ပြန်လည်ကျဆင်းခဲ့ရာ မတ် ၁၀ ရက်တွင် ဒေါ်လာ ၁၂၀၀ အောက် အထိရောက်ရှိခဲ့ပြီး မတ် ၂၀ ရက်တွင် ဒေါ်လာ ၁၂၃၀ အထက်၊ မတ် ၂၂ ရက်တွင် ဒေါ်လာ ၁၂၅၀ အထက်သို့ ပြန်ရောက်ခဲ့ပြီး မတ် ၂၇ ရက်တွင် ၁၂၅၈ ဒေါ်လာခန့်သို့ ဆက်လက်မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီ တတိယပတ်အတွင်း ဈေးနှုန်းမြင့်မားခဲ့သော ပြည်တွင်းရွှေဈေးနှုန်းသည် မတ် ၁ ရက်မှစကာ ကျပ် ၉၀၀၀၀၀ အောက်ပြန်ဆင်းခဲ့ပြီး မတ် ၁၀ ရက်တွင် ကျပ် ၈၈၀၁၀၀ အထိ ဆက်လက်ကျဆင်းခဲ့သည်။ မတ် ၁၅ ရက်နောက်ပိုင်း ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် မတ် ၁၇ ရက်တွင် ကျပ် ၈၉၄၀၀၀ အထိ၊ မတ် ၁၈ ရက် တွင် ကျပ် ၈၉၅၇၀၀ အထိ၊ မတ် ၁၉ ရက်တွင် ကျပ် ၈၉၆၀၀၀ အထိ၊ မတ် ၂၀ ရက်တွင် ကျပ် ၈၉၈၁၀၀ အထိ ရောက်ရှိခဲ့ပြီး မတ် ၂၁ ရက် တွင် ကျပ် ၈၉၆၈၀၀ ၀န်းကျင် ဖြစ်ပေါ်ခဲ့သည်။ မတ် ၂၂ ရက်တွင် ကမ္ဘာ့ရွှေဈေး ထပ်မံမြင့်တက်မှုကြောင့် စံချိန်တင် ဈေးနှုန်းနီးပါးအဖြစ် ကျပ် ၉၀၃၀၀၀ အထိ မြင့်တက်ခဲ့ပြီး မတ် ၂၃ ရက်တွင် ကျပ် ၉၀၀၃၀၀ အထိ၊ မတ် ၂၄ ရက် မွန်းလွဲပိုင်းတွင် ကျပ် ၈၉၈၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။ ထို့နောက် မတ် ၂၅ ရက်တွင် ကျပ် ၉၀၁၃၀၀၊ မတ် ၂၆ ရက်တွင် ကျပ် ၉၀၁၆၀၀ အထိ ပြန်ရောက်လာခဲ့ပြီး မတ် ၂၇ ရက်၌ ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၀ ဂဏန်းထပ်မံမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်က ဖြစ်ပေါ်ခဲ့ဖူးသော အမြင့်ဆုံးဈေးနှုန်းစံချိန်ကို ကျော်ဖြတ်ကာ ကျပ် ၉၀၅၅၀၀ ဖြင့် ဈေးနှုန်းစံချိန်သစ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment