Latest News

Monday, March 20, 2017

ရှေးဟောင်းဗုဒ္ဓရုပ်တုတော် ကဘူးပြတိုက်တွင် ပြောင်းရွှေ့ပြသ

ရှေးဟောင်းဗုဒ္ဓရုပ်တုတော် ကဘူးပြတိုက်တွင် ပြောင်းရွှေ့ပြသ


စစ်ပွဲများ၊ တိုက်ပွဲများ ဖြစ်ပွားနေသည့် အာဖဂန်နစ္စတန်ဒေသမှ ဗုဒ္ဓရုပ်ပွားတော်များကို ကဘူးမြို့ရှိ အမျိုးသားပြတိုက်သို့ ရွှေ့ပြောင်းပြီး အများပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန် ပြသထားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ကောင်းကင်ကို လက်ညှိုးထိုးထားသည့် ခရမ်းရောင်များ ဆေးခြယ်ထားသော ၃ ရာစုမှ ၅ ရာစုခန့်က ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကိုလည်း အကောင်းပကတိအတိုင်း ပြတိုက်တွင် ပြသထားနိုင်ခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

၂၀၁၂ ခုနှစ်ကတည်းက ရှာဖွေတွေ့ရှိခဲ့သည့် အချို့သော ဗုဒ္ဓရုပ်ပွားတော်များသည် ခြယ်သထားသည့် ဆေးရောင်များမှာ အကောင်းပကတိအတိုင်း ရှိနေပြီး ကဘူးမြို့မှ အရှေ့တောင်ဘက် ၂၅ မိုင်အကွာ မက်စ် အိုင်းနက်ဒေသမှ တူးဖော်ရရှိခဲ့ခြင်း ဖြစ်သည်။

ယခုအခါ မက်စ်အေးနက်ဒေသသည် တာလီဘန်သူပုန်များ စိုးမိုးသောင်းကျန်းနေသည့် ဒေသများ ဖြစ်နေသောကြောင့် ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓရုပ်တုများကို ကဘူးသို့ ပြောင်းရွှေ့သိမ်းဆည်းကာ အများပြည်သူများ လေ့လာနိုင်စေရန် အမျိုးသားပြတိုက်တွင် ပြသခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံမှ ရှေးဟောင်းသုတေသနအဖွဲ့ဝင်များနှင့် အာဖဂန်နစ္စတန် အစိုးရတို့ ပူးပေါင်းကာ ကြေးနီသတ္တုမိုင်းတွင်းဟောင်းကြီး တစ်ခုကို ခြေရာခံမိရာက ဧက ၁၀၀၀ ပတ်လည်ခန့် ရှိမည့် ရှေးဟောင်းဗုဒ္ဓဘာသာ ကျောင်းတော်ကြီးတစ်ခုကို တူးဖော်တွေ့ရှိခဲ့ကြောင်း AFP တွင် ရေးသားထားသည်။

အလွန်ကြီးမားသည့် ဗုဒ္ဓရုပ်တုတော်ကြီးတစ်ခုကို အကောင်းပကတိအတိုင်း ဦးခေါင်းတော်ကိုပါ ပြည့်စုံစွာ ရှာဖွေတွေ့ရှိခဲ့ရခြင်းမှာ ရှားပါးစွာ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း အီတလီနိုင်ငံမှ ရှေးဟောင်းပစ္စည်းများ ပြန်လည်ထိန်းသိမ်းရေး ပညာရှင်တစ်ဦးဖြစ်သူ အာမာနို ကာဘိုနာရာက ပြောကြားသည်။

ဗုဒ္ဓရုပ်တုတော်ကြီးကို တွေ့ရှိခဲ့သည့် နေရာသည် ကျောင်းတော်ကြီး၏ ဗဟိုကျသည့် နေရာဖြစ်ပြီး၊ ပန်းများ ခြယ်သထားသောကြောင့် ထိုနေရာသည် ရှိခိုးဆုတောင်းရာ အဓိကကျသည့် ခန်းမကြီးတစ်ခု ဖြစ်နိုင်ကြောင်း ယင်းက ဆိုသည်။

ရွှံ့နှင့်ပြုလုပ်ထားသည့် ရှားပါးရှေးဟောင်း ဗုဒ္ဓရုပ်တုတော်ကြီးကို မက်စ် အေးနက်မြစ်ထဲမှ ရွှံ့များဖြင့် ထုလုပ်ထားခြင်း ဖြစ်ပြီး မျက်နှာတော်တွင် ပန်းရောင်၊ ဆံခွေများက အနက်ရောင်၊ မျက်လုံးတော်အပြာရောင် ဆေးခြယ်ထားမှုများမှာ ရှေးလက်ရာအတိုင်း ပြန်လည်တွေ့နေရသည်မှာ အထူးကံကောင်းလှကြောင်း၊ ထိုကဲ့သို့ သမိုင်းဝင် ရှားပါးလက်ရာတစ်ခုကို ကဘူးတွင် ပြောင်းရွှေ့ထိန်းသိမ်းနိုင်ခြင်းမှာ မှန်ကန်သည့် လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း ကာဘိုနာရာက ပြောကြားသည်။

The Voice

No comments:

Post a Comment