Latest News

Thursday, March 16, 2017

တောင်တရုတ်ပင်လယ်တွင် အကြီးစားဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် တရုတ်ပြင်ဆင်နေ

တောင်တရုတ်ပင်လယ်တွင် အကြီးစားဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် တရုတ်ပြင်ဆင်နေ

တရုတ်အနေဖြင့် ပိုင်နက် အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ်ပင်လယ်တွင် အကြီးစား ဆိပ်ကမ်းတစ်ခု စတင်ဆောက်လုပ်ရန် ပြင်ဆင်နေပြီဟု ယုံကြည်ရကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ထိုင်ဝမ်မှ CNA သတင်းဌာနက ပါရာဆဲလ် ကျွန်းစုအနီးတွင် တရုတ်ရေတပ်က အကြီးစား ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် ဆန်းစစ် ပြင်ဆင်နေကြောင်း ဖော်ပြခဲ့သည်။ တရုတ်သည် တောင်တရုတ်ပင်လယ် ရေပြင်ရှိ အခြားသော ဧရိယာ အချို့တွင်လည်း တပ်စွဲဖြန့်ကျက်မှုများ ပြုလုပ်ထားသည်။

တရုတ်က ပါရာဆဲလ် ကျွန်းစုများပေါ်တွင် စစ်တပ်များ စတင်ထားရှိကြောင်း ၂၀၁၆ ခုနှစ်တွင် အတည်ပြု ကြေညာခဲ့သည်။ အဆိုပါ ကျွန်းစုကို မလေးရှားနှင့် ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်ခွင့်အတွက် အရေးဆိုထားသည်။ မတ်လ ၆ ရက်က ရိုက်ကူးထားသော ဂြိုဟ်တု ဓာတ်ပုံများအရ တရုတ်သည် ဝူဒီကျွန်း မြောက်ပိုင်းတွင် ဆိပ်ကမ်းတစ်ခု စတင်တည်ဆောက်ရန် လေ့လာ ပြင်ဆင်မှုများ စတင်နေပြီဟု ယုံကြည်ရသည်။

အမေရိကန်နှင့် တောင်တရုတ်ပင်လယ်တွင်း အိမ်နီးချင်း နိုင်ငံများက အဆိုပါ ဒေသတွင် တရုတ်၏ စစ်ရေးအခြေစိုက်မှု တိုးမြှင့် ဖြန့်ကျက်နေခြင်းအပေါ် အစဉ်တစိုက် ဝေဖန်ပြစ်တင်မှုများ ပြုလုပ်နေသည်။ ထိုအတောအတွင်း နိုင်ငံတကာ ရေပိုင်နက်တွင် တရုတ်၏ ဘောင်ကျော်သော လှုပ်ရှားမှုများ အမြန်ဆုံး ရပ်တန့်သင့်ပြီဟု တရားဝင် ဝေဖန်ဖူးသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်သည်လည်း မတ် ၁၈ ရက်တွင် တရုတ်သို့ သွားရောက်မည်ဟု သိရသည်။

တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ သောင်ခုံနှင့် သန္တာကျောက်တန်းများကို အခြေပြုကာ ကျွန်းတုများ တည်ဆောက်၍ ရေတပ် အခြေစိုက်စခန်းများ ဖွင့်လှစ်ခဲ့သလို ဝူဒီကျွန်းတွင် ၁.၉ မိုင်မျှ ရှည်လျားသော လေယာဉ်ပြေးလမ်း တစ်ခုကိုပါ ဆောက်လုပ်ထားပြီး ဖြစ်သည်။

Ref: UPI

7Day News Journal

No comments:

Post a Comment