Latest News

Friday, March 17, 2017

ကိုဖီအာနန်နှင့် သီးသန့်တွေ့ဆုံခြင်း

ကိုဖီအာနန်နှင့် သီးသန့်တွေ့ဆုံခြင်း

ရခိုင်ပြည်နယ်လူထု သာယာဝပြောရေးအတွက် လိုအပ်သော အကြံဉာဏ်များ ပေးနိုင်ရန် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် ကိုဖီအာနန် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ ခုနှစ်မတ်လ ၁၆ ရက်နေ့က ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ခြောက်လကျော် သက်တမ်းရှိ ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာ၊ ရခိုင်အရေး၏ သက်ရောက်နိုင်ခြေ၊ အငြင်းပွားဖွယ် နိုင်ငံတကာ သတင်းမီဒီယာများ၏ သတင်းဖော်ပြချက် စသည်တို့နှင့် ပတ်သက်၍ ကော်မရှင် ဥက္ကဋ္ဌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်နှင့် The Voice Weekly ဒုတိယ အယ်ဒီတာချုပ် ဦးဇေယျသူတို့ တယ်လီဖုန်းမှ တစ်ဆင့် တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။

Voice - အစီရင်ခံစာပါ အကြံပြုချက်တွေအကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြီးပြီလား။ သူဘာ ပြန်ပြောလဲ။

Kofi Annan - အစီရင်ခံစာ သူ့ဆီရောက်ပါပြီ။ ကျွန်တော်တို့ ဆွေးနွေးဖြစ်ကြတယ်။ အစိုးရက တရားဝင် တုံ့ပြန်တာကို စောင့်နေပါတယ်။ တုံ့ပြန်ချက်က အပေါင်းလက္ခဏာဆောင်မယ်လို့ မျှော်လင့်ပါတယ်။ ရခိုင်အခြေအနေအတွက် အကူအညီရစေမယ့် အကြံပြုချက်တွေ တင်ပြပြီး ကောင်းအောင်ကြိုးစားနေတယ် ဆိုတာ သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်။ (အစီရင်ခံစာကို သဘောတူကြောင်း အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။)

Voice - ဒီကော်မရှင်မှာ ပါဝင်ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာအာနန်ကို ချဉ်းကပ်လာတုန်းက သူဘာပြောလဲ။

Kofi Annan - အခြေခံသဘောက ရခိုင်ဒေသမှာ ပြဿနာတွေ ရှိတယ်။ လေ့လာဆန်းစစ်ချင်တဲ့ ရေရှည်ပြဿနာတွေ ရှိတယ်။ အခြေအနေကို လေ့လာသုံးသပ်ဖို့ ကော်မရှင် ဖွဲ့ချင်တယ်။ အခြေအနေကို တိုးတက်သွားစေမယ့် အကြံပြုချက်တွေကို ကော်မရှင်ကနေ ပေးမယ်။ ကျွန်တော့်ကို ကော်မရှင်မှာ ပါဝင်ကူညီစေချင်တယ်။ ဒီကော်မရှင်မှာ အဖွဲ့ဝင်ခြောက်ဦးက မြန်မာပြည်က ဖြစ်ပြီး သုံးဦးက နိုင်ငံတကာအဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့၊ အခြေအနေကို တိုးတက်စေမယ့် အစီရင်ခံစာ ထွက်လာအောင် ကျွန်တော်တို့အားလုံး အတိုင်အဖောက်ညီညီ စည်းစည်းလုံးလုံးနဲ့ အလုပ်လုပ်ကြတယ်။ ဒါက ကြားဖြတ်အစီရင်ခံစာပါ။ နောက်ဆုံးအစီရင်ခံစာ ထွက်ပါဦးမယ်။

Voice - အစီရင်ခံစာမှာ အကြံပြုချက်တွေ အများအပြားပါတဲ့အနက် ချက်ချင်းလက်ငင်း လုပ်ဆောင်ရမယ့် အကြံပြုချက်တွေက ဘာတွေများလဲ။

Kofi Annan - ရွေးရခက်ပါတယ်။ အကြံပြုချက်တွေဟာ အခြေအနေကို ခြုံငုံကြည့်တဲ့ အကြံပြုချက်တွေ ဖြစ်တယ်။ အကြံပြုချက် တစ်ချက်ချင်းဟာ အရေးကြီးပြီး မြေပြင်အခြေအနေကို တိုးတက်လာစေပါမယ်။ ဒါကြောင့် အကြံပြုချက်တွေကို ပေါင်းပြီး တစ်ခုတည်း အနေနဲ့ ကြည့်ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Voice - မစ္စတာအာနန်သာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာမှာဆိုရင် အစီရင်ခံစာထဲက ဘယ်အကြံပြုချက်တွေက အကောင်အထည်ဖော်ရတာ အခက်အခဲဆုံးဖြစ်မယ် ထင်လဲ။

Kofi Annan - နယ်ပယ်အမျိုးမျိုးအတွက် ကျွန်တော်တို့ အကြံပြုချက်တွေ ပေးထားတာ ထင်ရှားပါတယ်။ လူ့အသိုင်းအဝိုင်းတွေ အချင်းချင်း ဆက်ဆံရေးနဲ့ တခြားကိစ္စတွေကြောင့် တချို့အကြံပြုချက်တွေက အကောင်အထည်ဖော်ရတာ ပိုခက်လိမ့်မယ်။ ဒါပေမဲ့ အကြံပြုချက်တွေ အားလုံးကို အကောင် အထည်ဖော်သင့်တယ်။ အကြံပြုချက်တွေကို ကြိုးစားအကောင်အထည်ဖော်ဖို့ အစိုးရကို ကျွန်တော် တိုက်တွန်းပါတယ်။

Voice - ရခိုင်အရေးက မြန်မာတစ်ပြည်လုံးအပေါ် ဘယ်လိုသက်ရောက်ပါသလဲ။

Kofi Annan - ရခိုင်က သီးခြားဖြစ်ပေါ်နေတဲ့ စပ်ကူးမတ်ကူး အပြောင်းအလဲ မဟုတ်ဘူး။ ရခိုင်ပြည်နယ်က မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်တာတွေက တခြားပြည်နယ်တွေ တိုင်းတွေကို သက်ရောက်နိုင်သလို တခြားပြည်နယ် တိုင်းတွေ ဖြစ်ပျက်တာတွေကလည်း ရခိုင်ပြည်နယ်ကို သက်ရောက်နိုင်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း ခေါင်းထဲမှာ ထည့်ထားရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ အကြံပြုချက်တွေ၊ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေက မြန်မာဆိုတဲ့ နိုင်ငံကို ထိခိုက်စေမယ့် အရာတွေ မပါပါဘူး။

Voice - ရခိုင်အရေးနဲ့ ယှဉ်ရင် တခြားပဋိပက္ခတွေက မြန်မာပြည် အပြင်ဘက်မှာ အာရုံစိုက်မှု သိပ်မခံရဘူး။ ဘာ့ကြောင့်လဲ။

Kofi Annan - အဲဒီပြည်နယ်တွေမှာ နေရပ်ကို စွန့်ခွာပြီး ပြည်ပကိုထွက်သွားတဲ့သူတွေ အဲဒီလောက်ကြီး မများတာ ဖြစ်နိုင်ပါတယ်။ ရခိုင်အရေးမှာကျ ဘင်္ဂလားဒေ့ရှ်ကို ရောက်သွားသူတွေ၊ မလေးရှားကို ရောက်သွားသူတွေနဲ့ တခြားကမ္ဘာ့နေရာတွေကို ရောက်သွားသူတွေ ရှိကြတယ်။ ဒါကြောင့် မြန်မာ ပြည်က ရခိုင်အရေးက တခြားအကျပ်အတည်းတွေထက် အများကြီး လူမြင်သူမြင် ဖြစ်တယ်။ ဒီအချက်က အဓိကကျတဲ့တစ်ချက် ဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။ နောက်ပြီးရင် လူတွေအများကြီး ရွှေ့ကြပြောင်းကြတာကို နိုင်ငံတကာက သိပ်စိတ်ဝင်စားတယ်။ မြန်မာပြည်အပြင်ဘက်မှာ ဖြစ်စေ၊ ပြင်ပမှာဖြစ်စေ တည်ရှိတဲ့ ဒုက္ခသည်စခန်းတချို့ကို သွားကြည့်ရင် မြင်ရတဲ့၊ ခက်ခဲတဲ့ အခြေအနေ တချို့ကြောင့်လည်း ဖြစ်ပါတယ်။

Voice - နိုင်ငံတကာ သတင်းမီဒီယာတွေက ရခိုင်အရေးကို ဖော်ပြမှုတွေဟာ အန္တရာယ်များလောက်တဲ့အထိ မတိကျဘူး၊ လမ်းလွဲစေတယ်၊ အခြေအနေကို ပိုဆိုးစေတယ်လို့ တချို့က ပြောကြတယ်။ ဒါကို ဘယ်လိုမြင်ပါလဲ။

Kofi Annan - သတင်းဖော်ပြချက်တွေဟာ မျှတရမယ်၊ တိကျရမယ်။ နောက်ပြီးရင် မြန်မာအစိုးရဟာ လက်ရှိအခြေအနေကို ပြင်ပကမ္ဘာနဲ့ အခုထက် ပိုဆက်သွယ်ပြီး ရှင်းပြလို့ရပါတယ်။ ပွင့်လင်းမြင်သာမှုဟာ အားကောင်းတဲ့ လက်နက်ကိရိယာ ဖြစ်တာကြောင့်လည်း ကျွန်တော်တို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးမယ့် သူတွေကို ရခိုင်ကို ဝင်ခွင့်ပြုသင့်တယ်။ မြေပြင်မှာ ဘာဖြစ်နေတယ် ဆိုတာကို သတင်းမီဒီယာတွေ ရေးသားထုတ်လွှင့်နိုင်အောင် သွားခွင့်ပေးသင့်တယ်။ ဒီလိုလုပ်ရင် အစီရင်ခံစာကို ကူညီရာ ရောက်မယ်၊ မြန်မာအစိုးရကို ကူညီရာရောက်မယ်။

Voice - ရခိုင်အရေး ကိုင်တွယ်နိုင်ဖို့ နိုင်ငံတကာက မြန်မာနိုင်ငံကို ‘လုပ်သာကိုင်သာ အခွင့်အရေး’ ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာကယ်ရီနဲ့ တွေ့တဲ့အခါမှာ ပြောဖူးပါတယ်။ ဒီအစီရင်ခံစာကြောင့် ‘လုပ်သာ ကိုင်သာခွင့်’ ပိုရသွားမှာလား၊ နည်းသွားမှာလား။

Kofi Annan - အစီရင်ခံစာကြောင့် ‘လုပ်သာ ကိုင်သာခွင့်’ နည်းသွားမှာလား၊ များသွားမှာလား ဆိုတာထက် လက်တွေ့အခြေအနေကို ကျွန်တော့် အစီရင်ခံစာက ဖော်ပြတယ်လို့ပဲ ပြောချင်ပါတယ်။ တင်းမာမှု လျော့သွားအောင်၊ မြေပြင်ပေါ်က အခြေအနေကို တိုးတက်အောင်၊ တဖြည်းဖြည်းချင်း လူ့အသိုင်းအဝိုင်းနှစ်ခုက ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှုကို အတူတကွ ပါဝင်ဆောင်ရွက်လာအောင် အစိုးရလှမ်းလို့ရတဲ့ ခြေလှမ်းတွေပါဝင်တဲ့ အကြံပြုချက်တွေပါ။ ရခိုင်က ဆင်းရဲပေမယ့် အရင်းအမြစ်တွေ မရှိတာ မဟုတ်ပါဘူး။ အားလုံး ပူးပေါင်းဆောင်ရွက်ရင် ရခိုင်က စတင်ဖွံ့ဖြိုးလာနိုင်ပါတယ်။

Voice - မေးခွန်းတွေ ဖြေပေးတာကို ကျေးဇူး တင်ပါတယ်။ ဒီရခိုင်အရေးဟာ ကျွန်တော်တို့ နိုင်ငံအတွက် အရေးကြီးတာကြောင့် မစ္စတာအာနန် အောင်မြင်ပါစေ ဆုတောင်းပါတယ်။

Kofi Annan - ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ပါမယ်။ အခြေအနေတွေ တိုးတက်အောင်၊ အကျိုးရှိအောင်လုပ်ဖို့ ကျွန်တော်တို့ တကယ်သန္နိဋ္ဌာန် ချထားပါတယ်။ ဒီစိတ်နဲ့ပဲ ဆက်အလုပ်လုပ်သွားမှာ ဖြစ်တယ်။

ဇေယျသူ ( The Voice )

No comments:

Post a Comment