Latest News

Thursday, March 16, 2017

မန္တလေးသင်္ကြန်ကျုံးဘေးမဏ္ဍပ် လေလံကြမ်းခင်းဈေး ကျပ်သိန်း ၁၀၀ခန့်ရှိမည်

မန္တလေးသင်္ကြန်ကျုံးဘေးမဏ္ဍပ် လေလံကြမ်းခင်းဈေး ကျပ်သိန်း ၁၀၀ခန့်ရှိမည်


မန္တလေးသင်္ကြန်ပွဲတော် တွင်  ကျုံးဘေး၌ မဏ္ဍပ်ဆောက် လုပ်ခွင့်ကို လေလံရောင်းချမည် ဖြစ်ပြီး ကြမ်းခင်းဈေးကျပ်သိန်း တစ်ရာခန့်ရှိမည်ဖြစ်ကြောင်း မန္တ လေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ကော်မတီဝင်ဦး ကျော်ရင်မြင့်ကပြောသည်။

မန္တလေးကျုံးအရှေ့ဘက်၊ မြောက်နှင့်အနောက်ဘက်တွင် တစ်ဘက်လျှင် ရှစ်လုံးစီဖြင့် မဏ္ဍပ် ၂၄လုံးဆောက်လုပ်ခွင့်ပြုမည်ဖြစ် ပြီး လူစည်ကားမည့် အရှေ့ဘက် နှင့် မြောက်ဘက်တွင် လေလံ ကြမ်းခင်းဈေးပိုများမည်ဟု ၎င်း က ပြောသည်။

‘‘အရှေ့ဘက်ကျုံးမှာတော့ ကြမ်းခင်းဈေးက သိန်းတစ်ရာနား မှာရောက်မယ်။ မြောက်ဘက်ပိုင်း က အနည်းငယ်လျော့မယ်။ အ နောက်ဘက်ပိုင်းလည်း လျော့နိုင် ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကတော့ မဲစနစ်နဲ့ ချပေးလိုက်တယ်။ ရတဲ့ သူက ပြန်ရောင်းစားတော့ ဈေး ကကြီးပြီး ဘဏ္ဍာငွေနည်းနည်းပဲ ရတယ်။ ဒီနှစ်မှာအပြိုင်အဆိုင် လေလံစနစ်ဆိုတော့ ဘဏ္ဍာငွေ များများရမှာဖြစ်တယ်။ မဏ္ဍပ် တွေကို သတ်မှတ်ထားတဲ့စည်း ကမ်းနဲ့အညီ လိုက်နာရမှာပါ’’ဟု ဦးကျော်ရင်မြင့်ကပြောသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက သင်္ကြန် မဏ္ဍပ်ဆောက်လုပ်လိုသူများကို လျှောက်လွှာခေါ်ယူနေပြီး အာမခံငွေကျပ်သိန်း ၂၀ကို လျှောက်လွှာ နှင့်အတူ  ပေးသွင်းရမည်ဖြစ် သည်။ ယခုနှစ် သင်္ကြန်မဏ္ဍပ် လျှောက်ထားခွင့်သည်  လေလံ စနစ်ဖြစ်သဖြင့် ပြိုင်ဆိုင်မှုများ ပြီး မဏ္ဍပ်လက်မှတ်ဝင်ခွင့်ဈေး လည်း မြင့်တက်သွားနိုင်ကြောင်း မဏ္ဍပ်တည်ဆောက်သူများက ပြောသည်။

‘‘ကျွန်တော်တို့ မဏ္ဍပ် ဆောက်မယ့် လူတွေအတွက် တော့ ခက်ခဲမှုတွေရှိတယ်။ ဆောက်ခွင့်အတွက် ဈေးပိုမြောက်သွားမယ်။ ဆောက်နေကြ လူဟောင်း၊ လူသစ်တွေလည်း ပြန်ပါလာတယ်။ တောင်ဘက်မှာ မလုပ်ရဘူးဆိုတော့ တောင်ဘက်က လူတွေရှေ့ဘက်ရောက် လာမယ်။ အရှေ့က လူတွေ မြောက်ဘက် ရောက်လာမယ် ပေါ့။ လေလံစနစ်ကို ကောင်း တယ်။ တကယ်သင်္ကြန်ပေါ်မှာ လည်း ရူးသွပ်တယ်။ လုပ်နိုင်တဲ့ လူတွေပဲကျန်ခဲ့မယ်။ အရင် မဲ နှိုက်တုန်းကဆို မလုပ်တဲ့သူတွေ က ၀င်ပြီးမဲနှိုက်တော့ ဈေးပိုပေး ရတာတွေရှိတယ်။ အခုကိုယ်ငွေ များများလိုက်ရင် ကိုယ်ကြိုက်တဲ့ နေရာရမယ်’’ဟု ၁၀နှစ်မြောက် Martime သင်္ကြန်မဏ္ဍပ်တည် ဆောက်မည့် ကိုအိုင်ကြူကပြော သည်။

စည်းကမ်းချက်များတွင် သတ်မှတ်ထားသည့် ရေပိုင်ခေါင်း အထက်အသုံးမပြုရ၊ သတ်မှတ် အကျယ်အ၀န်းထက် မဏ္ဍပ်ပိုမ ဆောက်ရ၊ စီးကရက်၊ ဘီယာနှင့် အရက်ကြော်ငြာများ ချိတ်ဆွဲခြင်း မပြုရ၊ သရုပ်ပျက်အ၀တ်အစားများဝတ်ဆင်ခွင့်မပြု စသည့်စည်းကမ်းချက် ၂၆ချက် ပါဝင်သည်။

ပြီးခဲ့သည့် ၂နှစ်ခန့်က မဲ ပေါက်သူများထံမှ ပြန်ဝယ်ရ သည့်ဈေးသည်ကျပ်သိန်း ၃၀၀ခန့် ရှိပြီး လေလံစနစ်တွင် ဈေးပိုမိုရ နိုင်ကြောင်း လေလံလျှောက်လွှာ တင်ထားသူများကသုံးသပ်သည်။

7Day News Journal

No comments:

Post a Comment