Latest News

Sunday, March 5, 2017

ရန်ကုန်လေဆိပ်လုံခြုံရေးအတွက် နိုင်ငံခြား ကုမ္ပဏီကြီး သုံးခု ကမ်းလှမ်း

ရန်ကုန်လေဆိပ်လုံခြုံရေးအတွက် နိုင်ငံခြား ကုမ္ပဏီကြီး သုံးခု ကမ်းလှမ်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ရန် အနောက်နိုင်ငံကြီးများရှိ နိုင်ငံခြားကုမ္ပဏီကြီး သုံးခုက အဆိုပြု ကမ်းလှမ်းထားကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“လက်ရှိမှာတော့အဆိုပြုလွှာကို တင်ခိုင်းထားတယ်။ အမေရိကန်ကုမ္ပဏီ တစ်ခုရယ်၊ အစ္စရေးရယ်၊ အင်္ဂလန်က ကုမ္ပဏီ တစ်ခုစီပါ။ အဓိကကတော့ လုံခြုံရေးကိစ္စကို စီမံခန်ခွဲမှုကို ကန်ထရိုက် ပေးထားပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေး ဆောင်ရွက်မှုများကို စီမံခန့်ခွဲမှုအတွက် အဆိုပြုလွှာ တင်သွင်းထားမှုများ ပြန်လည်စိစစ်ခြင်းကို အချိန်ကန့်သတ်ထားခြင်း မရှိသော်လည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးဆောင်သည့်အဖွဲ့နှင့် လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနတို့က ဦးစီးဆောင်ရွက်မည် ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ရှေ့တွင် ဇန်နဝါရီလ ၂၉ ရက်က NLD ပါတီ၏ ဥပဒေ အထောက်အကူပြုအဖွဲ့ဝင် (ဗဟို) ဦးကိုနီ လုပ်ကြံခံရပြီးနောက် ရန်ကုန်လေဆိပ်၏ လုံခြုံရေး အားနည်းကြောင်းကို ပြည်သူများက ဝေဖန်မှုများ ရှိခဲ့ပြီးနောက် လေဆိပ်လုံခြုံရေးကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။

“တခြားနိုင်ငံတွေနဲ့စာရင် မြန်မာနိုင်ငံရဲ့ လေဆိပ်လုံခြုံရေးစနစ်က အများကြီး လိုအပ်နေပါသေးတယ်။ လေကြောင်းလိုင်း အသီးသီး ကိုယ်ပိုင်ခရီးသည် လုံခြုံရေးစနစ်တွေ ရှိပေမယ့် လေဆိပ်တစ်ခုလုံးကို တာဝန်ယူထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီအနေနဲ့ ဒီထက်ပိုပြီး လုံခြုံရေးကို စနစ်ကျသင့်ပါတယ်” ဟု ပြည်တွင်း၊ ပြည်ပ ပြေးဆွဲနေသော လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

ရွေးချယ်ပြီးသော ကုမ္ပဏီအနေနှင့် လေဆိပ် Terminal အတွင်း လုံခြုံရေးဆိုင်ရာများကို တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ပြီး လက်ရှိ လေဆိပ်လုံခြုံရေး တာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီနှင့် ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ဦးရဲထွဋ်အောင်က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းပေါင်း ၆၉ ခု ရှိသည့်အနက် အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် ပြည်တွင်းလေဆိပ်ပေါင်း ၃၁ ခုသာ ရှိပြီး အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ၂၈ ခုနှင့် ပြည်တွင်းလေကြောင်းလိုင်း ၁၀ ခု ပြေးဆွဲနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

The Voice

No comments:

Post a Comment