Latest News

Monday, March 6, 2017

လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ ပြည်သူကို တောင်းပန်တာ ဟု စစ်ကိုင်း အမတ် ဆို

လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ ပြည်သူကို တောင်းပန်တာ ဟု စစ်ကိုင်း အမတ် ဆို


ရန်ကုန်၊ မတ်လ ၆ ။              ။ အရပ်သား တစ်ဦးကို လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက လက်သီးဖြင့် ထိုးခဲ့သည်ဟု သတင်းများ ယမန်နေ့က ထွက်ပေါ် လာပြီးနောက် အဆိုပါ အရပ်သားကို ယနေ့ တောင်းပန် ခဲ့သည် ဟု စစ်ကိုင်းတိုင်းမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က မဇ္ဈိမသို့ ယနေ့ ( မတ်လ ၆ ရက်) နေ့တွင် ပြောသည်။

“ ကျွန်တော် ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ ပြည်သူ တစ်ယောက်ကို တောင်းပန်တာပါ။ မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ တောင်းပန်လိုက်တာပါ။ အားလုံး၊ အကုန်လုံးလည်း အဆင်ပြေ ပြီးသွားပါပြီ။  နှစ်ဦးနှစ်ဖက် နားလည်မှု ပြည့်ဝစွာနဲ့ ပြောလည်သွားပါပြီ။ ဘာမှ ပြောစရာ မရှိတော့ပါဘူး ”ဟု ဦးကိုကိုနိုင် က ပြောသည်။

ဖြစ်စဉ်မှာ မတ်လ ၅ ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီးတွင် ကလေးဝမြို့ ချင်းတွင်း မြစ်ကမ်းမှ တစ်ဖက်ကမ်းသို့ ကူးရန် အတွက် ဇက်ပေါ်သို့ ကားများ တင်နေစဉ် အရပ်သား တစ်ဦးဖြစ်သည့် ဦးအောင်စိုး၏ ကားမှာ အလှည့် မကျသေးဘဲ မောင်းထွက် လာသည့် အတွက် တားမြစ်ရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တောင်းပန်မှုကြောင့် ကျေအေးခဲ့ကြောင်း တစ်ဖက်မှ ကားမောင်းသူ ဦးအောင်စိုးက မတ်လ ၆ ရက်တွင် ပြောခဲ့သည်။

 “ ဒီနေ့မနက်ပဲ တောင်းပန်လို့ အဆင်ပြေသွားပါပြီ။ သူပြောတာက ထပ်ရင်းနဲ့ လဲကျသွားတယ်ပေါ့။ ဖုန်းကျ သွားလို့ ကုန်းကောက်တယ်ပေါ့။ ဒါကြောင့် ကျွန်တော်က ပြောလိုက်တယ်။ အစ်ကို တောင်းပန်တာ ကျွန်တော် ကျေနပ်တယ်လို့။ ဒါပေမယ့် ကျွန်တော် လိမ်တာ မကြိုက်ဘူး လို့၊ ကျွန်တော်က မှန်မှန်ကန်ကန်ပဲလို့ ပြောလိုက်တယ်။ ကားသာ မောင်းစားတာ ကျွန်တော် သူများကို မလိမ်ဘူးလို့ ပြောပြလိုက်တယ်။ နောက် တစ်ခုက ပြည်သူက မဲပေးပြီး တင်မြှောက်ထားတဲ့ အတွက် ပြည်သူကိုတော့ မစော်ကား သင့်ဘူးလို့ ပြောပြ လိုက်ပါတယ်” ဟု ဦးအောင်စိုး က ပြောသည်။

မတ်လ ၅ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး  လွှတ်တော် ကိုယ်စားလှယ်မှ ထိုးကြိတ်ခဲ့ကြောင်း ဦးအောင်စိုး က ပြောခဲ့ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင် ကမူ နှစ်ယောက် သားထပ်၍ လဲကျသွားခြင်း ဖြစ်ပြီး၊ လက်သီးဖြင့် မထိုးခဲ့ကြောင်း ပြောခဲ့သည်။

ယနေ့ မတ်လ ၆ ရက်တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်မှ တောင်းပန်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ကျေအေးခဲ့ကြောင်း သိရသည်။

Mizzima

No comments:

Post a Comment