Latest News

Monday, March 20, 2017

ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်တိုက်မှုဖြစ်ပွား

ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်တိုက်မှုဖြစ်ပွား

ချင်းတွင်းမြစ်အတွင်း မင်းကင်းမြို့နယ်၊ မောက္ကတော်ရဲစခန်းအပိုင်နယ်မြေအတွင်း မတ်လ ၁၉ ရက်နေ့ ည ၈ နာရီဝန်းကျင်လောက် မျောတိုင်တွေသယ်ဆောင်ကာ စုံဆင်းလာတဲ့ တလုံးထိုးစက်တပ် သစ်သားခွံမော်တော်နဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်ဆန်တက်လာတဲ့ ရွှေပွင့်ဦး ၁ ဖလက်အမျိုးအစား သံခွံ ကုန်တင်ရေယာဉ်တို့ ပွတ်တိုက်မှုဖြစ်ပွားခဲ့ပါတယ်လို့ မင်းကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ဒီဗွီဘီကိုပြောပါတယ်။

ရေယာဉ်ပွတ်တိုက်မှုကြောင့် သစ်သားခွံမော်တော်ဝဲဖက်ပိုင်းမှာ အက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ရေဝင်လို့ ကမ်းစပ်သို့ ကပ်ထားခဲ့ရပါတယ်။ ရေယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စစ်ဆေးစိစစ် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ်အတွင်း ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော် ၂ အမြန်ရေယာဉ်နစ်အပါအဝင် ယခုဖြစ်စဉ်အထိ မော်တော်အချင်းချင်းတိုက်တာ၊ နစ်မြုပ်တာ၊ မီးလောင်တာ စတဲ့ မတော်တဆမှုဖြစ်စဉ် စုစုပေါင်း ၁၂ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။

ရေယာဉ်မတော်တဆမှု ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက ရေယာဉ်အသင်းတွေကို လုပ်ငန်း ယာယီပိတ်သိမ်းတာ၊ စိစစ်ဆောင်ရွက်နေတာပြုလုပ်နေသော်လည်း ရေယာဉ်မတော်တဆမှုတွေ ကတော့ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

အခုလို ရေယာဉ်မတော်တဆမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာ လည်း လွှတ်တော်ကိုယ်စားလှယ်အချို့က မေးခွန်းတွေ ၅ ခုထက်မနည်း မေးမြန်းခဲ့ပြီးလည်း ဖြစ်တယ်လို့ ကနီမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က ကျင်းပတဲ့ ဆဌမပုံမှန်အစည်းအဝေး အဌမနေ့မှာလည်း စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီကလည်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတခု လွှတ်တော်သို့ တင်သွင်းခဲ့ပါသေး တယ်။

သတင်း - အောင်ကိုလတ်( DVB )

No comments:

Post a Comment