Latest News

Wednesday, March 15, 2017

မြောက်ကိုရီးယားကို အင်အားပြရန်အတွက် အမေရိကန် လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားသို့ ရောက်ရှိ

မြောက်ကိုရီးယားကို အင်အားပြရန်အတွက် အမေရိကန်

လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားသို့ ရောက်ရှိ

နျူကလီးယား စွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘော USS Carl Vinson သည် မတ် ၁၅ ရက်က တောင်ကိုရီးယားသို့ ရောက်ရှိခဲ့ကြောင်း အမေရိကန်ရေတပ်က ပြောကြားခဲ့ပြီး မြောက်ကိုရီးယားကို အင်အားပြသည့် နောက်ဆုံးလုပ်ရပ် ဖြစ်လာခဲ့သည်။ USS Carl Vinson သည် တောင်ပိုင်းဆိပ်ကမ်း ဘူဆန်တွင် ဆိုက်ကပ်ခဲ့ပြီး အမေရိကန် ဖျက်သင်္ဘော တစ်စင်းနှင့်အတူ ကိုရီးယား ကျွန်းဆွယ်တွင် နှစ်စဉ်ပြုလုပ်နေကျ Foal Eagle ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ယင်း ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမည့် သီတင်းပတ်တွင် စတင်မည်ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်သည် အာရှခရီးစဉ် စတင်စဉ်မှာပင် အမေရိကန် လေယာဉ်တင်သင်္ဘောက တောင်ကိုရီးယားတွင် ကျောက်ချရပ်နားခဲ့ခြင်းဖြစ်သည်။  နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားက မကြာသေးခင်က ဒုံးပျံစမ်းသပ်ခဲ့ပြီး မလေးရှားတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အဖေတူ အမေကွဲအစ်ကို လုပ်ကြံခံရမှုတို့ ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း၌ ဆက်ဆံရေး တင်းမာမှုများ ရှိနေစဉ် အမေရိကန် ထိပ်တန်းသံတမန်တစ်ဦးက အာရှခရီးစဉ် စတင်ခဲ့ခြင်းဖြစ်သည်။

ပြုံယမ်းသည် အမေရိကန်နှင့် တောင်ကိုရီးယား၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို အမြဲတမ်း ရှုတ်ချခဲ့ပြီး ဆိုးလ်နှင့် ၀ါရှင်တန်တို့က ယင်းစစ်ရေးလေ့ကျင့်မှုများသည် ကာကွယ်ရန်အတွက် သက်သက်သာဖြစ်ကြောင်း အခိုင်အမာ ပြောကြားထားသည်။

အမေရိကန် လေယာဉ်များ အပါအ၀င် အမေရိကန်၏ စစ်ဘက်မဟာဗျူဟာ ပိုင်ဆိုင်မှု အရပ်ရပ်သည် မြောက်ကိုရီးယား၏ အင်အားကြီးမားပြီး တိကျသော ပစ်ကွင်းအတွင်း၌သာ ရှိကြောင်း မြောက်ကိုရီးယားအစိုးရ သတင်းအေဂျင်စီ KCNA က မတ် ၁၄ ရက် တွင် ဖော်ပြခဲ့သည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သည့်လုပ်ရပ် အနေဖြင့် ပြုံယမ်းသည် ပြီးခဲ့သည့် သီတင်းပတ်၌ ထိပ်ဖူးတပ် ဒုံးလေးစင်း စမ်းသပ်ပြုလုပ်ခဲ့ပြီး ယင်းဒုံးများအနက် သုံးစင်းသည် ဂျပန်၏ အထူးစီးပွားရေးဇုန် ရေပိုင်နက် အတွင်းသို့ ကျရောက်ခဲ့သည်။ ယင်းဒုံးများ စမ်းသပ်မှုသည် ဂျပန်ရှိ အမေရိကန် အခြေစိုက် စခန်းများကို တိုက်ခိုက်ရန်အတွက် လေ့ကျင့်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။ ရန်သူ၏ ရုတ်တရက် လေကြောင်းတိုက်ခိုက်မှုကို အညှာအတာ ကင်းမဲ့စွာ တန်ပြန်တိုက်ခိုက်ရန်အတွက် တပ်ဖွဲ့ဝင်များ ပြင်ဆင်ထားကြရန် ကင်ဂျုံအွန်က ညွှန်ကြားထားကြောင်း KCNA က ဖော်ပြခဲ့သည်။

ဝါရှင်တန်နှင့် ဆိုးလ်တို့က မြောက်ကိုရီးယား၏ ဒုံးပျံနှင့်နျူကလီးယား ခြိမ်းခြောက်မှုများကို တန်ပြန်ရန်အတွက် ဒုံးခွင်းဒုံးစနစ် THAAD ကို တပ်ဖြန့်ရန် သဘောတူညီထားပြီး ယင်းစနစ်၏ အစိတ်အပိုင်းများသည် ပထမအသုတ် အနေဖြင့် တောင်ကိုရီးယားသို့ ပြီးခဲ့သည့် သီတင်းပတ်တွင် ရောက်ရှိခဲ့သည်။ THAAD ဒုံးခွင်းစနစ်က တရုတ်အစိုးရကိုလည်း ဒေါသထွက်စေခဲ့ပြီး ဒေသတွင်းရှိ မဟာဗျူဟာမြောက် အကျိုးစီးပွားများကို THAAD က ခြိမ်းခြောက်နေကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။


Ref: AFP

Eleven Media Group

No comments:

Post a Comment