Latest News

Wednesday, March 8, 2017

ကိုဆွေဝင်း ကို ဦးဝီရသူရဲ့ မိန့်ကြားမှုနဲ့ ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်တိုင်ကြား

ကိုဆွေဝင်း ကို ဦးဝီရသူရဲ့ မိန့်ကြားမှုနဲ့ ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်တိုင်ကြား

အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆရာတော် ဦးဝီရသူရဲ့ မိန့်ကြားမှုနဲ့ တပည့်ဒကာဖြစ်သူ ဦးကျော်မျိုးရွှေက Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ်(၇) နယ်မြေရဲစခန်းမှာ မနေ့ညက အမှုဖွင့်လိုက်ပါတယ်။

အမှုကို လက်ခံထားတဲ့ အမှတ် ၇ နယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်ကျော်သူက အမှုနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

"Ba Kaung အကောင့်သုံးစွဲသူ Myanmar Now သတင်းထောက် ဦးဆွေဝင်းက လူမှုကွန်ယက်မှာ ဆရာတော် ဦးဝီရသူကို ဂုဏ်သိက္ခာကျဆင်းမယ့် စာသားအသုံးအနှုန်းမျိုးရေးလို့ပေါ့၊ ဒါနဲ့ပတ်သတ်လို့ ဆရာတော်ဦးဝီရသူ က သူ့ကိုဂုဏ်သိက္ခာကျဆင်းအောင်ရေးသားနေတယ် ၇ ရက်အတွင်း လာတောင်းပန်ပါလို့ ဦးဆွေဝင်းဆီကို လူမှုကွန်ယက်ကနေ ပြန်တင်တယ်။ မနေ့က ၇ ရက်ပြည့်တဲ့နေ့ထိ ဦးဆွေဝင်းကလာပြီး မတောင်းပန်ဘူး၊ အဲ့ဒါကြောင့်အမှုဖွင့်တာပေါ့"

အမှုဖွင့်ခံထားရတဲ့ ကိုဆွေဝင်းက သူ့အနေနဲ့ ဥပဒေကြောင်းအရ ရင်ဆိုင်သွားမှာဖြစ်သလို သာသနာရေးကို အသုံးချပြီး ရာဇ၀တ်မှုမြောက်စေတဲ့ လှုံ့ဆော်မှုတွေ လုပ်နေတာကို လက်မခံကြောင်း ပြောပါတယ်။

Ba Kaung အကောင့်အသုံးပြုသူ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းဟာ ဖေဖော်ဝါရီလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ "ရွေးကောက်ပွဲပြီးကတည်းက အသံတိတ်သွားတဲ့ (မဘသ) ပြန်လာပြီ၊ ၀ီရသူပါရာဇိက ကျပြီး ရဟန်းဘ၀နိဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်၊ ပါရာဇိက ခုမှကျတာတော့မဟုတ်လောက်ဘူး  " လို့ ရေးသားခဲ့ပါတယ်။

အဲဒီလိုရေးသားတာတွေနဲ့ပတ်သတ်ပြီး ဆရာတော်ဦးဝီရသူက ကိုဆွေဝင်းကို  (၇) ရက်အတွင်း လာရောက်တောင်းပန်ဖို့  မတောင်းပန်ပါက အမှုဖွင့်အရေးယူသွားမယ်လို့ လူမှုကွန်ယက်စာမျက်နှာက တစ်ဆင့် ပြန်လည်ရေးသားခဲ့ပါတယ်။

ဒါ့အပြင် သတင်းစာသမားတစ်ယောက်အနေနဲ့ အဓမ္မကို အဓမ္မအဖြစ်ထောက်ပြခဲ့တာနဲ ပတ်သက်ပြီး မည်သည့်နည်းနဲ့မှ တောင်းပန်စရာ၊ ညှိနှိုင်းစရာမရှိကြောင်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

Photo: Thant Zin Oo/ RFA

( Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းကို မတ်လ ၈ ရက်နေ့က တွေ့ရစဉ် )

No comments:

Post a Comment