Latest News

Thursday, March 16, 2017

ဆိပ်ကမ်းအထွက် ကုန်သေတ္တာတင်ယာဉ်များကို နေ့ခင်း ပြန် မောင်းနှင်ခွင့်ပြု

ဆိပ်ကမ်းအထွက် ကုန်သေတ္တာတင်ယာဉ်များကို နေ့ခင်း ပြန် မောင်းနှင်ခွင့်ပြု

ရန်ကုန်၊ မတ် ၁၆  ။               ။ သင်္ကြန်ကာလ ပိတ်ရက်များတွင် ရပ်ဆိုင်းထားရမည့် လုပ်ငန်းများနှင့် ဈေးကွက်လိုအပ်ချက်အရ အချိန်မီ ပို့နိုင်ရန် ကုန်တင်ကားများကို နေ့ခင်းအချိန် ရန်ကုန်မြို့တွင်းသို့ ပြန်လည်ဝင်ရောက်မောင်းနှင်ခွင့်ပြုကြောင်း ရန်ကုန်တိုင်းအစိုးရမှသတင်းထုတ်ပြန်သည်။

မတ်လ ၁၆ ရက်မှစပြီး ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်းမကြီးပေါ်တွင် နေ့လည် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း ဆိပ်ကမ်းများမှအထွက် ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို   မောင်းနှင်ခွင့်ပြုကြောင်း မတ်လ ၁၅ ရက်စွဲဖြင့် တိုင်းအစိုးရမှကြေညာခဲ့ခြင်းဖြစ်သည်။

" ဟုတ်ပါတယ် တိုင်းအစိုးရက စာပို့တာပါ " ဟု အမှတ်၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှအရာရှိတစ်ဦးက ပြောဆိုသည်။ မည်သည့်ရက်ထိ ဆက်လက်ခွင့်ပြုသွားမည်ကိုတော့ပြောဆိုခြင်းမရှိခဲ့ပေ။

ဆိပ်ကမ်းမှအထွက် ကုန်တင်ယာဉ်များကို ဖြတ်သန်းသွားလာခွင့်ပြုထားသော်လည်း ဆိပ်ကမ်းသို့အ၀င် ကုန်တင်ယာဉ်များကိုပါ ခွင့်ပြုနိုင်ခြင်း ရှိမရှိကို စီစစ်တင်ပြရန်အကြောင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်မှ ထုတ်ပြန်ထားခြင်းဖြစ်သည်။ အဆိုပါ လမ်းများအပေါ်တွင် ယာဉ်ကြောကြပ်တည်းမှုမဖြစ်စေရန် စီမံဆောင်ရွက်ကြရန်လည်း ထုတ်ပြန်စာတွင်ဖော်ပြထားသည်။

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံကုန်သေတ္တာအသင်းမှ အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပဲမျိုးစုံ နှင့်စိုက်ပျိုးရေးထွက်ကုန်များကို ဈေးကွက်လိုအပ်ချက်အတိုင်း အချိန်မှီတင်ပို့နိုင်ရန် လိုအပ်ကြောင်း တိုင်းအစိုးရသို့ တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၇ ရက်မှစတင်၍ ယာဉ်ကြောကြပ်တည်းမှု့ကိုလျော့ချနိုင်ရန် ရည်ရွယ်ပြီး ကုန်တင်ကွန်တိန်နာကားများကို ရန်ကုန်မြို့တွင်းသို့ ည ၉ နာရီမှ မနက် ၆နာရီ အချိန်တွင်းသာမြို့အတွင်း ဝင်ရောက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

Mizzima

No comments:

Post a Comment