Latest News

Wednesday, March 15, 2017

“ချီးကျူးခံရတဲ့အခါ အပြုံးလေးနဲ့ လက်ခံယူပါ“

“ချီးကျူးခံရတဲ့အခါ အပြုံးလေးနဲ့ လက်ခံယူပါ“

လူတိုင်းကတော့ ချီးကျူးခံချင်ကြပါတယ်။ ဘ၀တစ်လျှောက်လုံး ကဲ့ရဲ့ခံရပြီး ဘယ်သူမှ မလိုချင်ပါဘူး။ ဒါပေမဲ့ ချီးကျူးခံရတဲ့အခါ ဘယ်လို တုန့်ပြန်မရမလဲ ဆိုတာကိုတော့ လူတိုင်းမသိကြပါဘူး။

ကျွန်မ ပတ်ဝန်းကျင်က လူငယ်တွေက ဘ၀ကို အောင်မြင်ချင်ကြတယ်။ တိုးတက်ချင်ကြတယ်။ သူတို့ရဲ့လုပ်ရပ်တွေအပေါ်မှာလည်း ချီးကျူးသံမျိုးကိုပဲ မျှော်လင့်တောင့်တကြပါတယ်။

ဒါပေမဲက တကယ်တမ်း သူတို့ကို ချီးမွန်းစကား ပြောလိုက်တော့ ရှက်သွားသလိုလို၊ ရွံ့သွားသလိုလိုနဲ့ မနေတတ်၊ မထိုင်တတ်ဖြစ်သလိုလိုနဲ့တုန့်ပြန်ကြပါတယ်။

ကျွန်မ ငယ်ငယ်တုန်းက မှတ်သားခဲ့ဖူးတဲ့စာအုပ်ထဲမှာတော့ ချီးကျူး ခံရတယ်ဆိုတာ အောင်မြင်မှုရရှိဖို့ အတွက်ရှေ့ပြေး နမိတ်တွေပါတဲ့။ တကယ်လို့များ ချီးကျူးခံနေရချိန်မှာ အဲဒီအရာကို ကောင်းမွန်စွာ လက်ခံမယူဘူးဆိုရင်  မင်းဟာ အောင်မြင်ခြင်းနဲ့ဝေးနေလိမ့်မယ်တဲ့…။

အဲဒီ စကားလေးတစ်ခွန်းကို ကျွန်မ စဉ်းစားပြီး မှတ်သားမိတယ်။

ချီးမွမ်းခံရတဲ့အခါ ကျွန်မ ဘယ်လိုတုန့်ပြန်လိုက်ပါလိမ့်လို့လည်း စဉ်းစားပါတယ်။ သေချာတာပေါ့ဒီကနေ့လူအများစုလိုပဲ ရှက်ကိုးရှက်ကန်းတွေဖြစ်ပြီး ဘယ်လို နေရမှန်း မသိတော့ဘူး။ ဒါကိုက အဲဒီလို ချီးမွမ်းစကား၊ ဂုဏ်ပြု မှုနဲ့ မထိုက်တန်သေးဘူး ဆိုတာ ပြသလိုက်သလိုပါပဲ။

တကယ်တော့ ချီးကျူးတာ၊ ဂုဏ်ပြုတာ ၊ ချီးမြှောက်တာတို့ဆိုတာကို ကျက်သရေရှိရှိနဲ့ လက်ခံတတ်ဖို့လိုပါတယ်။ ချီးကျူးခံရတဲ့အခါ၊ ဂုဏ်ပြုခံရတဲ့အခါ ဒါဟာ… ငါနဲ့ထိုက်တန်တယ်လို့ နားလည်လိုက်ပါ၊ ပြီးတော့ ခုလို အသိအမှတ်ပြုတာကို ဂုဏ်ယူစွာနဲ့ လက်ခံတယ်ဆိုတာကို အပြုံးလေးတစ်ချက် ၊ စကားလေး တစ်ခွန်းနဲ့ တုန့်ပြန်လိုက်ပါ။

“ကျေးဇူးတင်ပါတယ်” ဆိုတာကို ကျက်သရေရှိရှိ ကြည်ကြည်လင်လင် တည်တည်ငြိမ်ငြိမ် ပြောပြီး တုန့်ပြန်ပါ။ ဒါဟာ ကိုယ့်ဘက်ကနေ ကိုယ်က ထိုက်တန်တဲ့သူ၊ ကောင်းမွန်မှုတွေကို လက်ခံလိုက်တဲ့ သူ ဖြစ်သွားစေပါတယ်။

ကျွန်မကို တစ်ခုခုကြောင့်တစ်ဦးဦးက ချီးကျူးလိုက်တဲ့အခါ  အဲဒါနဲ့ ထိုက်တန်တယ်ဆိုတာကို လက်ခံလိုက်တာနဲ့ကျွန်မစိတ်ထဲမှာ ယုံကြည်မှုတစ်ခု တိုးလာခဲ့ပါတယ်။ ပြီးတော့အဲဒီစိတ်ကပဲ ကိုယ့်ကို ပိုပြီး လုံခြုံစေခဲ့တယ်။

ပြီးတော့ကျေးဇူးတင်ပါတယ်ရှင် လို့တုန့်ပြန်ပြောဆိုလိုက်တဲ့အခါ သူ ပေးတဲ့ လက်ဆောင်၊ သူပေးတဲ့ ကောင်းမွန်ခြင်းကို ကိုယ်က လက်ခံပါတယ်ဆိုတဲ့သဘောလည်း ရရှိစေတဲ့အတွက် ကောင်းမွန်ခြင်းတွေကို ထပ်မံရရှိစေဖို့ လမ်းဖွင့်ပေးလိုက်တဲ့ သ ဘောပါပဲ။

ကောင်းမွန်ခြင်းတွေ အောင်မြင်ခြင်းတွေကို လက်ခံတဲ့သူဆီကို ကောင်းမွန်ခြင်းနဲ့အောင်မြင်ခြင်းတွေက သွားကြပါတယ်။ ကောင်းမွန်ခြင်းနဲ့အောင်မြင်ခြင်းဆိုတာ သူတို့ကို မကြိုဆိုတဲ့သူတွေဆီကို သွားဖို့တွန့်ဆုတ်ကြပါတယ်။

ဒီသဘောတရားကို နားလည်ပြီဆိုရင်တော့ ချီးကျူးခြင်း၊ ဂုဏ်ပြုခြင်းကို လက်ခံယူနိုင်ဖို့ ကိုယ့်ကိုယ်ကို ပြင်ဆင်လိုက်ပါတော့ရှင်။

ဒါကြောင့် ကျွန်မတို့ဟာ ချီးကျူးခံရတဲ့အခါ ၊ ဂုဏ်ပြုခံရတဲ့အခါ ကျက်သရေ ရှိစွာနဲ့လက်ခံယူပါလို့တိုက်တွန်းအားပေးပါရစေရှင်။

မတူတဲ့အမြင်များကိုလည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment