Latest News

Monday, March 27, 2017

ဇာတ်သဘင်ကား တိမ်းမှောက်၊ လူ ၃ ဦးသေဆုံး ၁၄ ဦး ဒဏ်ရာရ

ဇာတ်သဘင်ကား တိမ်းမှောက်၊ လူ ၃ ဦးသေဆုံး ၁၄ ဦး ဒဏ်ရာရ



ပြည်ခရိုင် ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအလွန် တောင်ကုတ်ကားလမ်းပေါ်မှာ ဇာတ်အဖွဲ့ကို တင်ဆောင်လာတဲ့ ကားတိမ်းမှောက်ကာ လူ ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၄ ဦးကို အရေးပေါ်ဆေးရုံတင်လိုက်ရပါတယ်။


ရခိုင်ပြည်နယ် တောင်ကုတ်မြို့ဘက်က ဇာတ်သဘင်အဖွဲ့သားတွေ တင်ဆောင်လာတဲ့ကားဟာ ပဲခူးတိုင်း၊ ပြည်မြို့သို့ မောင်းနှင်လာတဲ့ TE စ/ရ၆၆၀ ကားတစ်စီး ဥသျှစ်မြို့အနီးမှာ တိမ်းမှောက်ခဲ့ ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရပါတယ်။

ဒီနေ့ နေ့လည် တနာရီလောက်မှာ ဇာတ်အဖွဲ့တင်ဆောင်လာတဲ့ ကားမှာ ဥသျှစ်ပင်မြို့အနီး မိုင် ၄၆ မှာ ဘရိတ်ပေါက်ရာမှ တိမ်းမှောက်ခဲ့တာဖြစ်ပြီး လူတဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

“ကားနှစ်စီးလာကြတာ ဒီကားကလမ်းမမှာပျက်တော့ ကျန်တဲ့ကားပေါ်လူတွေပြောင်းလိုက်ပြီး အလုပ်သမားတွေလောက်ပဲ ဒီကားမှာကျန်ခဲ့တယ် မိုင်တိုင် ၄၆ အကျော်မှာ တောင်ပေါ်လမ်း အတက်အဆင်းလည်းများတော့ ဒီကားကဘရိတ်ပေါက်ပြီး ကားလက်ကိုင်လည်းခေါက်သွားတာ”လို့ အမှတ် ၁၃ ယာဉ်ထိန်းရဲတပ်ဖွဲ့မှုးရုံးက တာဝန်ရှိသူက ပြောပါတယ်။

“ပထမဥသျှစ်ပင်ဆေးရုံတင်ထားတာ နောက်တော့ ဒဏ်ရာရရှိသူအများစုမှာ စိုးရိမ်ရတာကြောင့် အကုန်ပြည်ဆေးရုံကြီးကို ပို့လိုက်ရတယ်”လို့ ပြည်မိုးမေတ္တာအဖွဲ့ကဥက္ကဋ္ဌ ကိုမိုးကြီးက ပြောပါတယ်။

ပြည်ဆေးရုံကြီးအရောက်မှာတော့ အသက် ၅၀ အရွယ်အမျိုးသား ၂ ဦး ထပ်မံသေဆုံးသွားတယ်လို့ မိုးမေတ္တာအသင်းကထပ်မံသိရပြီး တယောက်ကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်လိုက်ရ ပါတယ်။

ယာဉ်တိမ်းမှောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ယာဉ် (ပ)၉/၂၀၁၇ နဲ့အမှုဖွင့်ထားပြီး လတ်တလောပုဒ်မ ၃၀၄-က၊ ၃၃၈၊ ၃၃၇ တို့နဲ့ အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်နေတယ်လို့ ဥသျှစ်ပင်ရဲစခန်း  တာဝန်ရှိသူတွေထံက သိရပါတယ်။DVB

သတင်း - မင်းညို /ဓာတ်ပုံ - စိုးဝင်းထိုက်



No comments:

Post a Comment