Latest News

Friday, March 17, 2017

လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှု နေပြည်တော်တွင် အများဆုံးဖြစ်

လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှု နေပြည်တော်တွင် အများဆုံးဖြစ်

“၀န်ထမ်းတွေ မပါဝင်ကြောင်း ရဲရဲကြီး အာမခံပါတယ်” - လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်
------ ------ ------ ------ -------

“နေပြည်တော်ကောင်စီနယ်မြေတွင် တရားမ၀င်ဓာတ်အားသုံးစွဲမှု ၂၁ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး စုစုပေါင်း လျော်ကြေးငွေ ကျပ် ၁၁၆ သိန်းခွဲခန့် ရရှိခဲ့ကြောင်း” လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် တရားမ၀င်ဓာတ်အားသုံးစွဲမှုများကိုလည်း ဒေသအသီးသီးတွင် စစ်ဆေးခဲ့ရာ တရားမ၀င်သုံးစွဲသူများအနက် တိုက်ရိုက်ခိုးယူသုံးစွဲမှုများမှာ အများဆုံးဖြစ်ပြီး ၀န်ပို၊ ဆင့်ပွား၊ ရှန့်လင့်ခွာ၊ မီတာခွထောက်၊ ကာဗာဆီးလ်ဖြုတ်သုံးစွဲခြင်းနှင့် အိမ်သုံးမီတာဖြင့် စီးပွားရေးလုပ်ငန်းစသည့် တရားမ၀င်ဓာတ်အားသုံးစွဲမှုများကို စစ်ဆေးတွေ့ရှိရသည်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီလအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း(တောင်နှင့် မြောက်)၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး(အရှေ့နှင့်နောက်)၊ မကွေး၊ ဧရာဝတီနှင့် နေပြည်တော်ဒေသအသီးသီးတွင် စစ်ဆေးခဲ့ရာ ၃၀၀၄၈ ဦး စစ်ဆေးနိုင်ခဲ့ပြီး ဆုံးရှုံးမှုယူနစ်ပေါင်း (၁၀၅,၃၉၀) ယူနစ် ဆုံးရှုံးခဲ့သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောသည်။

“အချက်အလက်တွေကို သီးခြားထုတ်ပြန်ပေးပါတယ်။ တရားမ၀င်လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုတွေမှာ ၀န်ထမ်းတွေ မပါဝင်ကြောင်း ရဲရဲကြီး အာမခံပါတယ်”ဟု ၄င်းက ပြောသည်။

အလားတူ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စစ်ဆေးရာတွင်လည်း တရားမ၀င် ဓာတ်အားသုံးစွဲမှု ၂၅ မှုရှိပြီး တရားမ၀င် ဓာတ်အားသုံးစွဲမှုနစ်နာကြေးငွေ စုစုပေါင်း ၅၂၈၈၈၈၁၀ ကျပ် ရရှိခဲ့သဖြင့် တနိုင်ငံလုံးအနေ ဖြင့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလအတွင်း စစ်ဆေးမှုအရ တရားမ၀င်ဓာတ်အားသုံးစွဲမှု (၄၆) မှုရှိပြီး တရားမ၀င် ဓာတ် အားသုံးစွဲမှု နစ်နာကြေးငွေစုစုပေါင်း (၆၄,၅၃၈,၀၆၀) ကျပ် ရရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ဓါတ်ပုံ - မင်းဇာနည်/ထွန်း(နေပြည်တော်)News Watch

No comments:

Post a Comment