Latest News

Monday, March 27, 2017

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံပွဲအပြီး ဗိုလ်ချုပ်ဂွန်မော်က အချက်နှစ်ချက် မေးခွန်းထုတ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံပွဲအပြီး ဗိုလ်ချုပ်ဂွန်မော်က အချက်နှစ်ချက် မေးခွန်းထုတ်

မတ် ၂၈ ရန်ကုန်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဟာ မြစ်ကြီးနားကိုသွားရောက်ပြီး ကချင်လူထုခေါင်းဆောင်များနဲ့ တွေ့ဆုံပွဲ အပြီးမှာ KIO(ကချင်လွတ်လပ်ရေးအဖွဲ့) ရဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ဂွန်မော်က အချက်နှစ်ချက် ကိုမေးခွန်းထုတ်ပါတယ်။


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကချင်လူထုခေါင်းဆောင်များတွေ့ဆုံ ကြရာမှာ သူ့အနေနဲ့အားရကျေနပ်မှု ရှိပေမယ့် အဲသည့်ဆွေးနွေးချက်ထဲက အချက် နှစ်ချက်ကိုတော့ သူ့အနေနဲ့ ဘ၀င်မကျဖြစ်မိတယ်လို့လက်ရေးနဲ့ရေးသားထားတဲ့ စာကို သူ့ရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာမှာ တင်ခဲ့ပါတယ်။

အဲသည့်တွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “NCA လတ်မှတ်ရေးထိုးရေး ဆိုတာ-KIO ကလည်း လက်ခံထားပြီးသား ဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

အဲသည်ပြောကြားချက်အပေါ်မှာ ဗိုလ်ချုပ်ဂွန်မော်က“ KIO အနေနဲ့ NCA ကိုအပြီးသတ် မဆွေးနွေးနိုင်သေးလို့ ဆက်ပြီးဆွေးနွေးနေရတဲ့ အနေအထားဖြစ်ပြီး လက်ခံနိုင်တဲ့အနေအထားရောက်မှသာ NCA ထိုးမှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ” လို့ပထမအချက်အနေနဲ့ တုန့်ပြန်ရေးသားလိုက်ပါတယ်။

ဒါ့အပြင် KIO အနေနဲ့ လတ်မှတ်ထိုးဖို့ လက်ခံထားပြီးတာမျိုး မဟုတ်ဘူးဆိုတဲ့အကြောင်း သူကထောက်ပြရေးသားထားပါတယ်။

ဒုတိယအချက်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က “ပင်လုံစာချုပ်မှာ တိုင်းရင်းသားတွေအားလုံးပါဝင်ခဲ့လို့ ပင်လုံစာချုပ်ကို ပုံသေကိုင်စွဲလို့ မရဘူး” လို့တွေ့ဆုံ ဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲသည်လိုပြောဆိုတယ်ဆိုရင် ပင်လုံ ရဲ့အနှစ်သာရကို ပြန်ပြီးမေးခွန်းထုတ်ရမယ့် အခြေအနေဖြစ်တယ်လို့ ဗိုလ်ချုပ်ဂွန်မော်က မေးခွန်းထုတ်ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သည်ကနေ့မနက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်ခဲ့ပြီး ဘာသာရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဝင်းနန္ဒာ(Kumudra)

No comments:

Post a Comment