Latest News

Friday, March 31, 2017

ဘုရင်နောင်ပွဲရုံဝင်း ယာဉ်ရပ်နားခ သုံးဆ တိုးကောက်မည်

ဘုရင်နောင်ပွဲရုံဝင်း ယာဉ်ရပ်နားခ သုံးဆ တိုးကောက်မည်

ရန်ကုန်၊ မတ် ၃၁

ဘုရင့်နောင်ပွဲရုံဝင်း ကုန်တင်ယာဉ်ရပ်နားစခန်း၏ ညအိပ်ယာဉ်ရပ်နားခကို ယခုနှစ် ဧပြီလ ၁ ရက်မှ စတင်၍ သုံးဆခန့် တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဗဟိုကော်မတီ (YCDC) အခွန်ဌာနထံမှ သိရသည်။

အဆိုပါ ယာဉ်ရပ်နားစခန်း၏ ညအိပ်ရပ်နားခမှာ အခြားသော ယာဉ်ရပ်နားစခန်းများထက် ဈေးနှုန်းသက်သာသဖြင့် ဘုရင်နောင်ပွဲရုံနှင့် မသက်ဆိုင်သည့် အခြားမော်တော်ယာဉ်များပါ လာရောက်ရပ်နားခြင်းကြောင့် ဈေးနှုန်းတိုးမြှင့် ကောက်ခံရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်း တာဝန်ခံ၊ ဒုတိယဌာနမှူး ဦးဉာဏ်ထွန်းအောင်က The Voice သို့ ပြောကြားသည်။

“ဈေးသက်သာလို့ ဆိုပြီးတော့ ဘာမဆိုင်၊ ညာမဆိုင်ကားတွေက ဒီမှာလာရပ်ထားကြတော့ ကားပိတ်တယ်။ ဒါကြောင့် ထိုက်သင့်တဲ့ ဈေးနှုန်းတစ်ခု ဖြစ်အောင်လို့ တိုးကောက်တဲ့ သဘောပါပဲ” ဟု ၎င်းက ဆိုသည်။

ယာဉ်ရပ်နားခကို ယာဉ်အမျိုးအစားအလိုက် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး ၅ တန်အောက် ယာဉ်များသည် (ယခင်) တစ်ရက်လျှင် ကျပ် ၃၀ဝ ခန့်သာ ပေးဆောင်ခဲ့ရာမှ ဧပြီ ၁ ရက်မှ စတင်ကာ ကျပ် ၁၀ဝ၀ ကျော် ပေးဆောင်ရမည် ဖြစ်ကြောင်း YCDC က ထုတ်ပြန်ထားသည်။

၅ တန်မှ ၁၀ တန်ယာဉ်များကို ယခင်က ကျပ် ၅၀ဝ မှ ယခုကျပ် ၁၃၀ဝ၊ ၁၀ တန်အထက် ယာဉ်များကို ကျပ် ၆၀ဝ မှ ကျပ် ၁၅၀ဝ နှင့် အရှည်ပေလေးဆယ် ကုန်သေတ္တာယာဉ်များကို ယခင် ကျပ် ၁၀ဝ၀ မှ ယခုကျပ် ၂၀ဝ၀ အထိ အသီးသီး တိုးကောက်သွားမည် ဖြစ်ကြောင်း YCDC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းကဲ့သို့ ယာဉ်ရပ်နားခနှုန်းထား မြင့်တက်ပါက ကုန်တင်ယာဉ် နှုန်းထားများလည်း ပိုမိုဈေးတက်လာနိုင်ပြီး ကုန်ဈေးနှုန်းလည်း မြင့်တက်လာနိုင်ကြောင်း ကုန်တင်ယာဉ် လုပ်ငန်းရှင်များက ဆိုသည်။
“ယာဉ်ရပ်နားခ ဈေးတက်တော့ ကားသမားတွေ အရင်ဆုံး ဒဏ်ပိတာပဲ” ဟု အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် ဦးလှဦးက ဆိုသည်။

ယာဉ်ရပ်နားစခန်းမှာမူ ယာဉ်အစီးရေ ၃၅၀ ခန့် ရပ်နားနိုင်ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ပုဂ္ဂလိက လုပ်ငန်းရှင်များကို လေလံတင် လုပ်ပိုင်ခွင့်ပေးခဲ့ကာ လက်ရှိတွင်  YCDC အခွန်ဌာနမှ ပြန်လည်ကောက်ခံခြင်း ဖြစ်သည်။

ဘုရင့်နောင်ပွဲရုံသည် အနယ်နယ်အရပ်ရပ်မှ ကုန်တင်ယာဉ်များ ကုန်စည်ဖလှယ် ရောင်းချရာ နေရာတစ်ခု ဖြစ်ပြီး နေ့စဉ် ယာဉ်အစီးရေ တစ်ထောင်ခန့် ဝင်ထွက်လျက် ရှိသည်။

The Voice

No comments:

Post a Comment