Latest News

Thursday, March 16, 2017

အကြံပေးကော်မရှင်က အကြံပြုချက်(၃၀)ပါအစီရင်ခံစာကို တင်ပြမည်

အကြံပေးကော်မရှင်က အကြံပြုချက်(၃၀)ပါအစီရင်ခံစာကို တင်ပြမည်

ရန်ကုန်၊ မတ်လ ၁၇ - ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က ရခိုင်ပြည်နယ်ရှိ အခြေအနေတွေတိုးတက် လာစေဖို့  လတ်တလောအကောင်အထည်ဖော်ဆောင်ရွက်နိုင်တဲ့ အဆင့်တွေပါဝင်တဲ့ အကြံပြုချက်(၃၀)ပါတဲ့ ကြားဖြတ်အစီရင်ခံစာကို မြန်မာအစိုးရဆီတင်ပြသွားမှာဖြစ်တယ်လို့  သိရပါတယ်။

အစိုးရဆီကို တင်ပြမယ့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးဆိုင်ရာကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အဖွဲ့ အစည်းထုံးဓလေ့ တွေကို ​ရှေးရှု့ ထားတာဖြစ်တယ်လှို့ သိရပါတယ်။ ဒါ့အပြင် ကြားဖြတ်အစီအရင်ခံစာကိုရေးသားပြုစုရာမှာ အစိုးရ၊တပ်မတော်နဲ့  လုံခြုံရေးကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေသူတွေ၊ အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့  ဒေသခံရွာသားတွေအများအပြားကို တွေ့ ဆုံထားတယ်လို့  ကော်မရှင်မှတာဝန်ရှိသူတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးဆိုင်ရာ ကော်မရှင်ဟာ လာမယ့် သြဂုတ်လမှာ နောက်ဆုံးအစီအရင်ခံစာ တင်သွင်းရမှာဖြစ်ပါတယ်။

ဒါပေမယ့် အခုလို ကြားဖြတ်အစီရင်ခံစာတင်သွင်းရတာဟာ လတ်တလောအခြေအနေတွေအရ ရခိုင်ပြည်နယ် အရေးကိုဆောင်ရွက်နေကြသူတွေ အရေးတကြီး ဆောင်ရွက်မှုတွေကို ပြုလုပ်နိုင် စေဖို့ ၊ပိုမို ငြိမ်းချမ်းပြီး အေးချမ်း သာယာတဲ့ အနာဂတ် တစ်ခုကို ကြိုးပမ်း တည်ဆောက် နေချိန်မှာ အကြမ်းဖက်မှုတွေ ထပ်မံ မပေါ်ပေါက် လာစေအောင် ကြိုတင် ကာကွယ် တားဆီး နိုင်စေဖို့ အတွက်ဖြစ်တယ်လို့  ကော်မရှင်အကြံပေးအဖွဲ့ ဝင် Mr. Ghasan Salameက အစိုးရဆီကို တင်ပြမယ့် ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး သည်ကနေ့ မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

”အခုကျွန်တော်တို့  ကော်မရှင်ရဲ့ ကြံပြုချက်တစ်ခုကို တိုင်ပင်ခံကို တင်ပါမယ်။ အဲသည်လိုတင်ပြပြီးတဲ့ နောက်မှာ ဘက်ပေါင်းစုံက အကြံပြုချက်တွေကိုလိုချင်ပါတယ်။ ဒီအကြံပြုချက်ဟာ ရခိုင်မှာရှိတဲ့ လူအဖွဲ့ အစည်းပေါင်းစုံ ပြေလည်စေဖို့ ဖြစ်တယ်။ ရေရှည်မှာ မဆုတ်မနစ်မဖြစ်အာင်လုပ်ဖို့ အတွက် အကြံပြုထားပါတယ်။” လို့  ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဌ မစ္စတာကိုဖီအာနန်က ဗီဒီယိုင်ဖိုင်ကနေတဆင့် ပြောဆိုသွားပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ နေရာတွေကို လူသားချင်းစာနာထောက်ထားရေးအဖွဲ့ တွေ ကို ချက်ချင်းသွားရောက်ခွင့်ပြုပြီး လုံလောက်တဲ့ အကူအ ညီများ ရရှိစေဖို့  အစိုးရက ဆောင်ရွက်ပေးသင့်တယ်လို့ ဖော်ပြထားပါတယ်။ဒါ့အပြင် ပြည်တွင်းပြည်ပ သတင်းဌာတွေကိုလည်း ပဋိပက္ခဖြစ်ပွားရာနေရာတွေကို လွတ်လပ်စွာ သွားလာခွင့်ပြုပေးဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။

ကော်မရှင်ရဲ့ ကြားဖြတ်အစီအရင်ခံစာထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို နယ်မြေရှင်း လင်းရေး လုပ်ငန်းတွေ စတင် ဆောင်ရွက်ချိန်မှစပြီး သတင်းမီဒီ ယာတွေကို အဲသည်ဒေသမှာ သွားလာ ခြင်းကို တင်းကျပ်စွာ ကန့်သတ် ထားခဲ့ခြင်းကို ထောက်ပြပြောဆိုထားပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်အချို့ အသက်ဆုံးရှုံးခဲ့တဲ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲအနေနဲ့  နယ်မြေရှင်း​လင်းရေးလုပ်ငန်းတွေတွေ လုပ်ဆောင်ရာမှာလည်း လူ့ အခွင့်အရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွားရှိခဲ့တယ်လို့  ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က ဆိုပါတယ်။

” လူ့ အခွင့်အရေးဆိုးရွားစွာချိုးဖောက်ခဲ့တယ်လို့  စွပ်စွဲချက်တွေရှိနေတဲ့ အခြေအနေမှာ အစိုးရအနေနဲ့  လွတ်လပ်ပြီး ဘက်လိုက်မှုမရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေရဲ့  တွေ့ ရှိချက်တွေကို အခြေခံပြီး လူ့ အခွင့်အရေးချိုးဖောက်သူတွေကို ထိုက်သင့်တဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေ ပေးသင့်တယ်” လို့  ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ​တွေနဲ့ ပတ်​သက်ပြီး မကြာမီအချိန်က ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေဟာ မြန်မာနိုင်ငံနဲ့  ဘင်္ဂလားဒေရှ်အစိုးရတို့ အကြား ဆက်ဆံရေးအရေးကြီးတယ်ဆိုတာကို အလေးပေး ညွှန်ပြ​နေတာဖြစ်ပြီး နှစ်နိုင်ငံအစိုးရတို့ အကြားမှာ နိုင်ငံရေးနှင့်လုံခြုံရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးတွေ ပါဝင်တဲ့ ပူးတွဲကော်မတီတစ် ခုကို အမြန်ဆုံးဖွဲ့ စည်းသင့်ကြောင်းရခိုင်ပြည်နယ်ဆိုင်ရာကော်မရှင်က အကြံပြုထားပါတယ်။

အဲသည်ထိုပူးတွဲကော်မတီအနေ နဲ့ အနည်းဆုံး လေးလတစ်ကြိမ် တွေ့ဆုံပြီး ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံကို သဘောဆန္ဒအလျောက် ပြန်လာနိုင်ရေးကိုလည်း နိုင်ငံတကာစံနှုန်းနဲ့ အညီ ပူးတွဲစိစစ်မှုများပြုလုပ်ဖို့ ကိုလည်း ထည့်သွင်းအကြံပြုထားပါတယ်။

နှစ်နိုင်ငံအကြား တရားမဝင် ရွှေ့ပြောင်းသွားလာ နေထိုင်တဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့  မဟာဗျူဟာတစ်ရပ်ကို ပူးတွဲချမှတ်ဆောင်ရွက်ဖို့ ကိုလည်း တိုက်တွန်းပြောဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရခိုင်မြောက်ပိုင်းမှ ဒုက္ခသည်တွေကို နေရပ်ဒေသ ပြန် တဲ့အခါ မြန်မာအစိုးရအနေနဲ့  ပြန်လာသူတွေကို လုံခြုံစွာနေထိုင် နိုင်စေဖို့ ၊ လိုအပ်တဲ့ လုံခြုံရေး အကူအညီတွေပေးတာ၊ နေအိမ်ဖျက်ဆီးခံရသူတွေ နေအိမ်ပြန် လည်တည်ဆောက်တာတွေကိုလည်း ပြုလုပ်ပေးသင့်တယ်လို့ အစိုးရဆီ တင်ပြမယ့် ကြားဖြတ်အစီအရင်ခံစာမှာ အကြံပြုထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ အပါအ၀င် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတွေ၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုကွဲပြားခြားနားမှုတွေကို လေးစားနားလည်မှုရှိလာစေဖို့ ဘက်စုံသင်တန်း တွေကို အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးဖို့ ကိုလည်း အစိုးရထံအကြံပြုထားပါတယ်။

ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်သူတွေဟာ အမျိုးသမီး​တွေနဲ့  လူနည်းစုတွေ အပါအဝင် ပြည်နယ်အတွင်းနေ ထိုင်သူတွေအားလုံးကို ကိုယ်စား ပြုမှုရှိသင့်တယ်လို့ လည်း ထပ်မံအကြံပြုထားပါတယ်။

ဆက်လက်ပြီး အစိုးရအနေနဲ့  နိုင်ငံသားစိစစ်ရေးလုပ် ငန်းစဉ်အတွက် တည်ဆဲဥပဒေတွေအပေါ်အခြေခံပြီး တိကျရှင်းလင်း တဲ့ မဟာဗျူဟာတစ်ရပ်နဲ့  လုပ်ငန်းစဉ် အကောင်အထည် ဖော်မယ့် အချိန်ကာလတို့ကို လျင်မြန်စွာ ချမှတ်သင့်တယ်လို့ လည်း တိုက်တွန်းပြောဆိုထားပါတယ်။

နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ ပြန်စတင်နိုင်ဖို့  ရခိုင်နဲ့  မွတ်စလင် လူ့အဖွဲ့အစည်းဝင်တွေအနေနဲ့  အစိုးရနဲ့  အပြုသဘောပူးပေါင်းဆောင်ရွက်သင့်တယ်လို့ လည်း ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်က ပြောထားပါတယ်။

ရခိုင်နဲ့ မွတ်စလင် လူ့အဖွဲ့အစည်းနှစ်ခုစလုံးမှာရှိတဲ့ အဖွဲ့ဝင်တွေ ကြုံတွေ့နေရတဲ့ ခရီးသွားလာခွင့်ကန့်သတ်ချက်တွေကို အစိုးရအနေနဲ့  စာရင်းပြုစုမှု တွေ စတင်လုပ်ဆောင်သင့်တယ်လို့ လည်း လွတ်လပ်စွာသွားလာနေထိုင်ခွင့်နဲ့  ပတ်သက်ပြီး အကြံပြုပြောဆိုထားပါတယ်။

ခရီးသွားခွင့်ရရေး အကျင့်ပျက်ဝန်ထမ်းတွေကို ​ပေးရတဲ့ ငွေကြေး မြင့်တက်လာတာကြောင့် ခရီးစရိတ်တွေနဲ့ ပတ်သက်တဲ့ ကိစ္စများကိုလည်း စုံစမ်းမှုတွေ ပြုလုပ်သင့်တယ်လို့ လည်း ဆက်လက်ပြောဆိုထားပါတယ်။

အစိုးရအနေနဲ့  IDP စခန်း တွေ ပိတ်နိုင်ရေးအတွက် မဟာဗျူဟာတစ် ရပ်ကို သက်ဆိုင်ရာ လူ့အဖွဲ့အ စည်းတွေနဲ့  ညှိနှိုင်းတိုင်ပင်ပြီး ချမှတ်သင့်ပြီး လုပ်ဆောင် ရမယ့် လုပ်ငန်းစဉ်တွေအတွက် အချိန်ဇယားကို ရှင်းလင်းစွာ ဖော် ပြသင့်ကြောင်း၊အဲသည်မဟာဗျူဟာမှာ မူလနေရာတွေကို ပြန်လည်အခြေချခွင့်ပြုတာ ( သို့မဟုတ်) အခြားနေရာ သစ်ပြန်လည်နေရာချထား မှုတွေ ပြုလုပ်ပေးဖို့  ၊ အဲသည်လို ပြောင်းရွှေ့ သွားတဲ့ နေရပ်ဒေသတွေမှာ လုံခြုံမှုရရှိရေးနဲ့  အသက် မွေးဝမ်းကြောင်း ဆိုင်ရာ ​အခွင့်အ ရေးတွေရရှိရေး ဖော်ဆောင်မယ့် စီမံချက်တွေလည်း မဟာဗျူဟာမှာ ပါဝင်သင့်ကြောင်း ထောက်ပြပြောဆိုထားပါတယ် ။

ဒါ့အပြင် အမှန်းတရားပွားစေတဲ့ ပြောဆို၊ ဟောပြောမှုတွေနဲ့  ရေးသားမှုတွေကို ပြင်းထန်စွာ ရှုတ်ချရေး၊ အဲသည်လို လုပ်ဆောင်နေသူတွေကို ထိရောက်စွာ အရေးယူမှုတွေ ပြုလုပ်ပေးဖို့ ကလည်း ရခိုင်ကော်မရှင်က အစိုးရကို တိုက်တွန်းပြောဆိုထားပါတယ်။

” နိုင်ငံရေး၊ ဘာသာရေးနှင့် လူ့အဖွဲ့အစည်းများမှ ခေါင်းဆောင်များသည် အမုန်းတရားပွားများစေမည့် ဟောပြောမှုနှင့် ရေးသားမှုများကို ရှုံ့ ချသင့်ကြောင်းကိုလည်း အကြံပြုထား သည်။” လို့  ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့  ကြားဖြတ်အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရခိုင်နဲ့ မွတ်စလင်တွေ နှစ်ဖက်ရောင်းဝယ်ဖောက် ကားမှုကို အတူတကွရင်းနှီးစွာ ပူးတွဲလုပ်ဆောင်နိုင်မယ့် ဈေး တွေ ( ချစ်ကြည်ရေးဈေးများ) ကို ဖော်ဆောင်ရေးအတွက် အစိုးရအနေနဲ့  အားပေးသင့်ပြီး ကူညီထောက် ပံ့ဖို့ ကိုလည်း ဆက်လက်အကြံပြုထားပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့  ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ​ကျယ်ပြန့် တဲ့ ကိစ္စရပ်​တွေနဲ့  ဒေသတွင်း သက်ရောက်မှုတွေရှိနိုင်တဲ့ အကြောင်းကိစ္စတွေကို အရှေ့ တောင်အာရှနိုင်ငံများအဖွဲ့ ရဲ့  အဖွဲ့ ဝင်နိုင်ငံတွေကို ရှင်းလင်းပြောဆိုဆွေးနွေးသင့်သလို ရခိုင်ပြည်နယ် ပြဿနာကိုလည်း အိမ်နီးချင်း ​နိုင်ငံတွေနဲ့  ညှိနှိုင်းဆောင်ရွက်ဖို့  အထူးသံတမန်ခန့် အပ်ဆောင်ရွက်ဖို့ ကိုလည်း အကြံပြုတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့  ကြားဖြတ်အစီ ရင်ခံစာပါ အကြံပြုချက်တွေနဲ့  ပတ်သက်ပြီး ကော်မရှင်မှ သတင်းမီဒီယာတွေကို ရှင်းလင်းပြောဆိုပြီး မကြာမီအချိန်မှာပဲ အစိုးရက အစီရင်ခံစာ ပါ အကြံပြု တင်ပြချက်တွေအပေါ် သဘောထားအမြင် တူညီတယ်လို့  နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

”ကော်မရှင်၏အကြံပြုတင် ပြချက်အများအပြားကို အချိန်မ ဆိုင်းဘဲ ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင် ရွက်မည်ဖြစ်ပါသည်။ အချို့ကိစ္စ ရပ်များမှာမူ ဒေသန္တရအခြေအနေ နှင့် လိုက်လျောညီထွေဆက်စပ် ဆောင်ရွက်ရမည်ဖြစ်သော်လည်း လျင်လျင်မြန်မြန်တိုးတက်မှုများ ရရှိလာမည်ဟု ယုံကြည်ထားပါ သည်’’လို့  နိုင်ငံတော်အတိုင်ပင်ခံ ရုံးရဲ့  ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Sources : ချမ်းသာ - ဦးမျိုးခိုင်( Kumudra )


No comments:

Post a Comment