Latest News

Friday, March 17, 2017

စွဲထားတဲ့ ပုဒ်မတွေအရ ကြည်လင်းတို့အုပ်စု သေဒဏ်ကျခံရနိုင်တယ်


စွဲထားတဲ့ ပုဒ်မတွေအရ ကြည်လင်းတို့အုပ်စု သေဒဏ်ကျခံရနိုင်တယ်

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်း၊သတ်ဖို့ ခိုင်းစေခဲ့တဲ့ အောင်ဝင်းခိုင်(ထွက်ပြေး)၊ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ကို စွဲဆိုထားတဲ့ ပုဒ်မတွေအရ သူတို့ အားလုံး သေဒဏ် ကျခံရ နိုင်တယ်လို့ တရားလွှတ်တော်ရှေနေ ဦးကြီးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

စွဲဆိုထားတဲ့ပုဒ်မ အတွဲတွေအရ လုပ်ကြံသတ်ဖြတ်မှုကို တဦးတည်းလုပ်တဲ့သဘော သက်ရောက်တာ မို့ သူတို့ အားလုံး သေဒဏ်ကျခံရဖို့ ရှိတာလို့လည်း ပြောပါတယ်။

အောင်ဝင်းဇော် ထွက်ပြေးတာကို ကားမောင်းပြီးလိုက်ပို့ခဲ့တဲ့ အောင်ဝင်းထွန်း တယောက်ပဲ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံရဖို့ရှိပြီး ကျန်တဲ့သူတွေကတော့ သေဒဏ်ကျဖို့ ရှိနေတာပါ။

ဦးကိုနီ လုပ်ကြံခံရမှု ဖမ်းမိထားသူ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ပထမအကြိမ် ရုံးထုတ်တာဖြစ်ပြီး ကြည်လင်းကလွဲပြီး ကျန်သူတွေ ရှေ့နေပါဝါ တင်ကြပါတယ်။  အမှုကို အပတ်စဉ် သောကြာနေ့တိုင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

“ကြည်လင်းကို ၃၀၂ နဲ့ စွဲတယ်။ နောက်တခါ လက်နက်ဥပဒေပုဒ်မ ၁၉(စ) နဲ့ စွဲတယ်။  နောက် ၁၉(ဃ) နဲ့ စွဲတယ်လို့ ကြားရတယ်။ အဲဒါဆိုရင် ကြည်လင်းကို ချမှတ်နိုင်တဲ့ ၃၀၂ /၁(ခ) က သေဒဏ် ချမှတ်နိုင်တယ်ပေါ့နော်။ တကယ်လို့ ၃၀၂/၁(ခ) နဲ့ ငြိမယ်ဆိုရင်တော့ ကြည်လင်းက သေဒဏ်ကျနိုင် တယ်။ ၁၉(စ) လက်နက်ပုဒ်မက ၃ နှစ် ကျနိုင်တယ်။ ၁၉(ဃ) လက်နက်ပုဒ်မက ၃ နှစ် ကျနိုင်တယ်ပေါ့။ အဲဒီတော့ ဒါတွေက သေဒဏ်ကျပြီးတဲ့နောက် တပေါင်းတည်း ကျခံလိုက်မယ် ဆိုရင်တော့ သီးခြားမကျခံရတော့ဘူးပေါ့။ တကယ်လို့သာ ကြည်လင်းကို သေဒဏ်ချပြီးတဲ့နောက် ဟိုပုဒ်မတွေကိုပါ ဆက်ပြီးပေးဦးမယ်ဆိုရင် သေဒဏ်ကျပြီး နောက်ထပ် ၆ နှစ် ခံရမယ့်သဘော ရှိတယ်ပေါ့နော်။ အောင်ဝင်းဇော်ကတော့ ၃၀၂/၃၀၄ လို့ ကြားရတာပေါ့နော်။ ၃၀၂/၃၀၄ က ဘာလဲဆိုရင် ပြစ်မှုတခုကို အကြံတူတခုကို အောင်မြင်အောင်လို့ အကြံတခုကို ပူးပေါင်းလုပ်ကြတာပေါ့။ အဲဒီလိုဆိုရင် တယောက်တည်း လုပ်ပြီးသကဲ့သို့ အပြစ်ပေးရမယ်။ ဥပမာ- ကြည်လင်းက ပူးပေါင်းလုပ်တယ်ဆိုရင် ကြည်လင်းကို သေဒဏ်ဆိုရင် သူလည်း  သေဒဏ်ပဲ။ ၃၀၂/၃၀၄ က ကြည်လင်း သေဒဏ်ဆိုရင် သူ သေဒဏ်ကျမယ်။ လက်နက်ပုဒ်မက သူလည်း ကြည်လင်းလိုပဲ ၁၉(စ) က ၃ နှစ်၊ ၁၉(ဃ)က ၃ နှစ် ကျမှာပဲ။  နောက် အောင်ဝင်းထွန်းက ဆရာတို့ ကြားတာ ရာဇသတ်ကြီးပုဒ်မ ၂၁၂ နဲ့ စွဲခံရတယ်လို့ ကြားတယ်။ တကယ်လို့ ကြည်လင်း၊ အောင်ဝင်းဇော်တို့က သေဒဏ်ထိုက်တဲ့အမှုကို ကျူးလွန်တယ်ဆိုရင် သူ့ကို ထောင် ၅ နှစ်။ သူက ဝှက်ထားတာကိုး။ ခိုလှုံခွင့်ပေးတယ်၊ ဝှက်ထားတယ်ဆိုတဲ့အတွက်ကြောင့်မို့ ၅ နှစ်နဲ့ ငွေဒဏ်ချနိုင်တယ်။ တကယ်လို့ အောင်ဝင်းဇော်က သေဒဏ်ကျမယ်ဆိုရင် သူက ၅ နှစ်၊ တသက်တကျွန်းကျမယ်ဆိုရင် သူက ၃ နှစ်ပေါ့။ ဇေယျာဖြိုးကိုတော့ ၃၀၂/၃၀၄ ပေါ့။  အောင်ဝင်းခိုင်ကတော့ ပြေးနေတာပေါ့။ သူ့ကိုလည်း ၃၀၂/၃၀၄ နဲ့ စွဲမယ်လို့ ကြားနေတယ်ပေါ့။  အဲဒီပုဒ်မတွေက သူတို့ကို သေဒဏ်ထိုက်စေတဲ့ ပုဒ်မတွေချည်းပဲ။ တကယ်လို့ ကြည်လင်းက သေဒဏ်ထိုက်မယ်ဆိုရင် သူတို့ ၃၀၂ ကို နောက်က ၃၀၄ တွဲထားတဲ့အတွက်ကြောင့်မို့လို့ အကြံတူတခုကို တဦးတည်း လုပ်ပြီးသကဲ့သို့ ဖြစ်လို့ သူတို့လည်း သေဒဏ်ကျနိုင်တဲ့ပုဒ်မတွေနဲ့ စွဲဆိုထားတာ ဆရာတို့ သွားတွေ့ရတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။
Photo - BBC
DVB TV News

No comments:

Post a Comment