Latest News

Saturday, February 18, 2017

ရန်ကုန်မြို့ရှိ YBS ယာဉ်ရပ်မှတ်တိုင်ပေါင်း ၂၅ဝ ကို အဆင့်မြှင့်တင်မည်

ရန်ကုန်မြို့ရှိ YBS ယာဉ်ရပ်မှတ်တိုင်ပေါင်း ၂၅ဝ ကို အဆင့်မြှင့်တင်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရန်ကုန်မြို့ရှိ ခရီးသည်တင်ယာဉ်များ ရပ်တန့်ရာ ယာဉ်ရပ်မှတ်တိုင်ပေါင်း ၂၅ဝဝ ခန့်အနက် မှတ်တိုင် ၂၅ဝ ခန့်ကို အဆင့်မြင့် ယာဉ်ရပ်မှတ်တိုင်များအဖြစ် ဆောင်ရွက်ရန် တင်ဒါခေါ်ယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ ခရီးသည်တင်ယာဉ်လိုင်း ပြေးဆွဲမှုကို YBS စနစ်သို့ ပြောင်းလဲခြင်းနှင့်အတူ ယာဉ်ရပ်မှတ်တိုင်များကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်မည် ဖြစ်ပြီး သက်ဆိုင်ရာ ယာဉ်လိုင်းခရီးစဉ်အလိုက် သတင်းအချက်အလက် ပေးနိုင်သည့် ခေတ်မီယာဉ်ရပ်မှတ်တိုင်များ အဖြစ် ဆောင်ရွက်သွားရန်အတွက် မှတ်တိုင် ၂၅ဝ ခန့်ကို အဆင့်မြှင့်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ တင်ဒါခေါ်ယူထားကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ မင်္ဂလာခန်းမတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

“ဘတ်စ်ကား မှတ်တိုင် ၂၅ဝ ကို အဆင့်မြှင့်ဖို့ တင်ဒါခေါ်ထားပါတယ်။ အဲဒီမှာ E စနစ်နဲ့ ကျင့်သုံးနိုင်ဖို့ ဖြစ်ပါတယ်။ သတင်းအချက်အလက်တွေ ပေးနိုင်တဲ့ ဘတ်စ်ကားမှတ်တိုင်တွေ အဖြစ် ရန်ကုန်မှာ မှတ်တိုင်ပေါင်း ၂၅ဝဝ လောက် ရှိတဲ့အနက် ၂၅ဝ ကို အရင်ဆုံး တင်ဒါခေါ်ယူ ဆောင်ရွက်တာပါ။ ကျန်တာတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသွားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ၂ဝ၁၇ ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ ရန်ကုန်မြို့ ခရီးသည် ပို့ဆောင်ရေးစနစ် အပြောင်းအလဲကို မ.ထ.သ စီမံအုပ်ချုပ်သည့် စနစ်ပုံစံမှ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ ကွပ်ကဲမှုပုံစံဖြင့် စတင်ပြောင်းလဲခဲ့ပြီး နောက်သုံးလတာ ကာလအတွင်း ခရီးသည်တင်ယာဉ်များ ဝယ်ယူဖြည့်တင်းခြင်း၊ ခရီးသည်တင်ယာဉ်များတွင် GPS စနစ်များ တပ်ဆင်ချိတ်ဆက်ခြင်း၊ ယာဉ်ရပ်မှတ်တိုင်များကို အဆင့်မြှင့်တင်ခြင်း၊ ကတ်စနစ်သုံး ငွေပေးချေစနစ် ကျင့်သုံးခြင်းတို့ကို အဆင့်အလိုက် ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရီးသည်တင် ဘတ်စ်ကားများ ဝယ်ယူခြင်းအတွက် ငွေကျပ် ၆ဝ ဘီလီယံကို အသုံးပြုသွားမည် ဖြစ်ပြီး ကားဂိတ်ရင်း ဂိတ်ဖျားများ၊ ယာဉ်ရပ်မှတ်တိုင်များ ဆောင်ရွက်ခြင်းအတွက် ကျပ် ၁ဝ ဘီလီယံ အသုံးပြုသွားမည်ဟု သိရသည်။

လက်ရှိတွင် ခရီးသည်တင် ယာဉ်ရပ်မှတ်တိုင် ၂၅ဝ အတွက် တင်ဒါခေါ်ယူထားပြီး စီးပွားရေး ကြော်ငြာများအတွက် လုပ်ငန်းရှင်များ အနေဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်းလည်း သိရသည်။

The Voice

No comments:

Post a Comment