ရန်ကုန်အနုပညာပွဲတော် ဖွင့်ပွဲအခမ်အနားစတင်
ရန်ကုန်မြို့ကို ပြန်လည် လှပဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ထူးခြားသည့် ဗိသုကာလက်ရာများ ပါဝင်ပြသထားသော ရန်ကုန်အနုပညာပွဲတော်ဖွင့်ပွဲကို ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်ခဲ့သည်။
ရန်ကုန်အနုပညာပွဲတော်ကို ဗြိတိသျှသံရုံးက ဦးဆောင်ပြီး ၂နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်က တစ်ကြိမ်၊ ယခု ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါပွဲတော်ကြောင့် လူအများမှ မြို့တော်ကိုအလှဆင်ရန် စဉ်းစားမိပါက ကြီးမားသော အကျိုးအမြတ်ဟု အနုပညာပွဲတော် စီစဉ်သူတစ်ဦးဖြစ်သည့် ကိုထိန်လင်းက ပြောသည်။
"ဟာ လှတယ်ဆိုပြိး ဓာတ်ပုံတွေရိုက် ဆယ်လ်ဖီတွေရိုက် ၊ အဲဒါတင်မကဘူး။ ဒီအပေါ်မှာ တည်ပြီးတော့ ဆွေးနွေးကြတယ်။ တွေးတောကြတယ် ။ တစ်အချက် ငါတို့ရဲ့မြို့တော်ကို ဘယ်လိုအလှဆင်သင့်သလဲ စဉ်းစားတယ်။ နောက်ဆွေးနွေးတယ် ငြင်းခုံတယ် ။ တစ်ယောက်နဲ့တစ်ယောက် နောက်တစ်ခါကျတော့ အဲ့ဒါကို ထပ်ပြီးဝေငှတယ် ။ အဲဒီဟာက တော်တော်ကြီးမားတဲ့ အကျိုးအမြတ်ပဲ။ ကျန်တဲ့ဟာက အဲဒီလောက် မဟုတ်ဘူး" ဟု အနုပညာပွဲတော် စီစဉ်သူတစ်ဦးဖြစ်သည့် ကိုထိန်လင်းက ပြောသည်။
ယနေ့ပွဲတော်တွင် ရန်ကုန်မြို့အကြောင်း ပိုစတာပြိုင်ပွဲလည်း ပြသထားပြီး ဆုပေးပွဲလည်း ပြုလုပ်ခဲ့သည်။ ထို့ပြင် ကဗျာဆရာများက ကဗျာဖတ်ပွဲ ပြုလုပ်ခဲ့ပြီး တေးဂီတ တီးဝိုင်းတစ်ခုကလည်း တင်ဆက်ဖျော်ဖြေခဲ့ သည်။
ဆူးလေဂုံးကျော်တံတားကို ပုသိမ်ထီးများနှင့် အလှဆင်ခြင်းများ ပါဝင်ခဲ့ပြီး ဒလဂုံးကျော်တံတားတွင်လည်း ကဗျာဖတ်ပွဲ၊ ဗိုလ်ချုပ်ဈေး ဂုံးကျော်တံတားမှာ ဓာတ်ပုံပြပွဲ၊ သခင်မြပန်းခြံနှင့် မဟာဗန္ဓုလပန်းခြံတို့တွင် အနုပညာဗိသုကာပြပွဲများကို ဖေဖော်ဝါရီလ ၂၅ရက် ဖွင့်ပွဲကစပြီး မတ်လ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ယနေ့ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ဗြိတိန်သံအမတ်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နော်ပန်းသဉ္စာမျိုးတို့ တက်ရောက်ခဲ့ကြသည်။
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)
No comments:
Post a Comment