Latest News

Tuesday, February 28, 2017

တကသအဆောက်အအုံကို ပြန်လည် တည်ဆောက်ရေး ကျောင်းသားတွေ ရဲ့ သဘောထားဆန္ဒ

 

တကသအဆောက်အအုံကို ပြန်လည် တည်ဆောက်ရေး  ကျောင်းသားတွေ
ရဲ့ သဘောထားဆန္ဒ
https://www.youtube.com/watch?v=wwtyALZ_18g

“ ကျောင်းသားသမဂ္ဂ အဆောက်အဦနှင့်ပတ်သက်၍ ကျောင်းသားမျိုးဆက်အသီးသီးပါဝင်သော ဆွေးနွေးပွဲ”
သဘောထားထုတ်ပြန်ကြေငြာချက်
နေ့စွဲ - ၂၆ - ၂ -၂၀၁၇
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပသည့် “ ကျောင်းသားသမဂ္ဂ အဆောက် အဦးနှင့်ပတ်သက်၍ ကျောင်းသားမျိုးဆက်အသီးသီးပါဝင်သော ဆွေးနွေးပွဲ” ကို ၂၆-ဖေဖော်ဝါရီ-၂၀၁၇ တွင် ရန်ကုန်မြို့ Orchid Hotel တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ ၁၉၅၃ ခုနှစ်ကျောင်းသားသမဂ္ဂမျိုးဆက် မှသည် လက်ရှိကျောင်းသားသမဂ္ဂမျိုးဆက်အထိ တက်ရောက်ခဲ့ကြပြီး တက်ကြွစွာပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှုရလဒ်အဖြစ် သမဂ္ဂတည်ဆောက်ရေးနှင့် ပတ်သက်သည့် သဘောထားစုစည်းချက်နှင့် အလုပ် လမ်းညွှန်ချက် (၁၉) ချက် စုဆောင်းနိုင်ခဲ့ပါသည်။ ၁၉၆၂ ဇူလိုင် ၇ တွင် တကသအဆောက်အဦအား ဖြိုချဖျက်စီးခဲ့ခြင်းမှာ ရုပ်ဝတ္ထုအဆောက်အဦး တစ်ခုတည်းကိုသာ ဖြိုချဖျက်စီးခဲ့ခြင်းမဟုတ်ပဲ ကျောင်းသား သမဂ္ဂများ၏ ရှင်သန်ရပ်တည်ခွင့်နှင့် သမဂ္ဂယဉ်ကျေးမှု ဖွံ့ဖြိုးခွင့်ကိုပါ ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်စီးခဲ့ခြင်း ဖြစ်သည်ဟု သဘောထားတူညီစွာရှိကြပါသည်။ ဖြိုဖျက်ခံရသည့် တ.က.သ အဆောက်ဦနေရာသည် တိုင်းပြည်၏ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး သမိုင်းသာမက၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသမိုင်းကိုပါ ယနေ့တိုင် ဆက်လက်ထမ်းပိုးထားဆဲဖြစ်ပါသည်။ သမဂ္ဂအဆောက်ဦဟောင်း နေရာ၏ သမိုင်းတန်ဖိုးဆက်လက်တည်တံ့နိုင်ရေးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ချိတ်ဆက်ကာကွယ် ကြမည်ဆိုသည့် အချက်မှာ အစည်းဝေးတက်ရောက်လာသည့် ကျောင်းသားမျိုးဆက်များ၏ ခိုင်မာသော ဆုံးဖြတ်ချက် အနှစ်သာရပင်ဖြစ်သည်။
ပြည်သူရွေးချယ်တင်မြောက်သော အစိုးရအဖွဲ့လက်ထက်တွင် ကျောင်းသားသမဂ္ဂသမိုင်း၏ အဆိုးရွားဆုံး အမည်းစက်တစ်ခုဖြစ်သော ဖြိုဖျက်ခံရသည့်ကျောင်းသားသမဂ္ဂအဆောက်အဦ အားပြန်လည် တည်ဆောက်ရန် အားထုတ်မှုသည် သင့်မြတ်ကောင်းမွန်သောလုပ်ဆောင်မှုတစ်ခုအဖြစ်အသိမှတ်ပြုပါသည်။ သို့သော် ရုပ်ဝတ္ထု အဆောက်အဦအား ဆောက်လုပ်ပေးချင်းသက်သက်ဖြင့် မလုံလောက်ဟုယူဆသည်။ ကျောင်းသားသမဂ္ဂများ၏ မူလတည်ရှိသော အခန်းကဏ္ဍအဆင့်အတန်းအားပြန်လည် ဆောင်နှင်းပေးနိုင်ရန် လည်း အရေးကြီးလှသည်။
၂၈-ဖေဖော်ဝါရီ-၂၀၁၇ နေ့တွင်ကျင်းပမည့် အစည်းဝေး၏ ရည်ရွယ်ချက်အဖြစ် “ တ.က.သ အဆောက်အဦ ပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းရန်” ဟူသောအချက်အား ကြိုတင် ပြဌာန်းထားခြင်းအစား သမဂ္ဂတည်ဆောက်ရေး အစည်းအဝေးအဖြစ် အစားထိုးပြင်ဆင်လိုက်ပါက ပိုမိုလျှော်ကန် သော လမ်းစဖြစ်နိုင်သည်။ ကျောင်းသားသမဂ္ဂများ တရားဝင်ရပ်တည်ခွင့်နှင့် လွတ်လပ်စွာ လှုပ်ရှားရှင်သန်ခွင့်ကို တရားဥပဒေအရ အသိမှတ်ပြုပြီးမှသာ သမဂ္ဂအဆောက်အဦဆောက်လုပ်ရေးအား ခေတ်အဆက်ဆက် ကျောင်းသားမျိုးဆက်များဖြင့် လွတ်လပ်သော ကော်မတီတရပ်ဖွဲ့စည်း လုပ်ကိုင်ရန် တိုက်တွန်းအပ်သည်။

၁၉၅၃ - ၂၀၁၇ ကျောင်းသားသမဂ္ဂမျိုးဆက်များ

No comments:

Post a Comment