ဒေါ်စုကို ဘာဖြစ်လို့ လူတွေက သဲသဲလှုပ် ဖြစ်နေကြရသလဲ???
ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လတ် သင်ခဲ့တဲ့ကျောင်းနဲ့ ဒေါ်စုသင်ခဲ့တဲ့ကျောင်း... ဒီလောက်ပဲ စဉ်းစားလိုက်ပါ။ နှိုင်းပြောရတာ တန်တောင်မတန်ဘူး။
ဒေါ်စုကို ဘာဖြစ်လို့များ လူတွေက ဒီလောက်တောင် သဲသဲလှုပ် ဖြစ်နေကြရသလဲ။ ကဲကို ကဲလွန်းတယ်တဲ့လား။
ပြောပြန်ရင်လည်း ကျနော်လွန်ရာ ကျမလား မသိပါဘူး။
နယူးယောက်မှာ ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လတ် အင်္ဂလိပ်လို ပြောတော့ တစ်နာရီမပြည့်ခင် အချိန်အတွင်း အင်္ဂလိပ်စာ အလုံး ၄၀ မှားလို့ဆိုပြီး FB မှာ ဝေဖန်ပြီး ပြောကြ ဆိုကြ ဒေါ်စုနဲ့ နှိုင်းယှဉ် ကဲ့ရဲ့ကြတယ်ဗျ။ တချို့ကလည်း...
ဒေါ်စုကို ချီးကျူးပါ၊ သူများကိုတော့ မကဲ့ရဲ့ပါနဲ့!!! စသဖြင့် ပြောကြပါတယ်။
ကျနော်စဉ်းစားမိတယ်။ ဒေါ်စုကို မနှစ်သက်တဲ့သူဘက်က စိတ်ကူးယဉ်ပြီးတော့ပေါ့လေ။ ဘာဖြစ်လို့များ ဒေါ်စုကို လူတွေက (မြန်မာသာမက တစ်ကမ္ဘာလုံး) ဒီလောက်တောင် သဲသဲလှုပ် ချစ်ကြ လေးစားကြ ချီးကျူးကြ တသသ တရွရွ တမမ တဖွဖွ ဖြစ်နေရလဲ။ ကဲကို ကဲလွန်းတယ်။ ဒေါ်စုကို အောက်တန်းကျကျ မိုက်ရိုင်းစွာ အပုပ်ချ ရေးသားနေတဲ့ ၀က်ဆိုက်တစ်ခုမှာလည်း ဒေါ်စုရဲ့ မကောင်းကွက်တွေကို ရှာကြံပြီး လုပ်ကြံ အပုပ်ချကြတယ်။ သန်းပေါင်း ၆၀ လူဦးရေမှာ သူဦးဆောင်မှပဲ တိုင်းပြည် တိုးတက် ပြောင်းလဲတော့မှာလား၊ သူတယောက်ပဲ ရှိသလားလို့။ ဒီလို ပြောင်းပြန် တမင်စဉ်းစားကြည့်ကာမှ အဖြေတွေက ပေါ်လာပါတယ်။
၁ ။ ။ ဘာသာစကား... မြန်မာလူဦးရေ သန်း ၆၀ စလုံး အင်္ဂလိပ်စာ ကျွမ်းကျင်နေဖို့ မလိုပါဘူး။ ဂျပန် ထိုင်း တရုတ်တို့မှာလည်း ပြည်သူတိုင်း အင်္ဂလိပ်စာ မကျွမ်းကြပါဘူး။ သို့သော် နိုင်ငံအုပ်ချုပ်သူ ခေါင်းဆောင်များ လူကြီးများကတော့ Vocabulary, Pronunciation, Intonation, Tone, Grammar, Usage, ကအစ ကျွမ်းကျင်နေရမှာပါ။ ဒါမှ နိုင်ငံတကာနဲ့ ဆက်ဆံလို့ အဆင်ပြေမှာပါ။ ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။
၂ ။ ။ ဗသုသုတ... Something Special, Everything Normal ဆိုတဲ့ စကားလို အရာရာသော ရှုပ်ထွေး ကျယ်ဝန်းလှသော ပြသနာကိစ္စ ကြီးငယ်တွေကို အကြမ်းဖျဉ်း (မှန်ကန်စွာ) ခြုံငုံ ဆင်ခြင်နိုင်သော အထွေထွေ ဗဟုသုတနဲ့ အရေးကြီးသော အကြောင်းအရာတွေကို အဂတိတရားမပါ အမြင်ကြည်လင် မတိမ်းမစောင်း စေ့ငှသေချာ ဂဃနဏသိဖို့ လိုပါတယ်။ ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။
၃ ။ ။ ရုပ်ရည်... လူတိုင်းဟာ ရုပ်ရှင်မင်းသား မင်းသမီးလို ချောမော လှပနေစရာ မလိုပါဘူး။ သို့သော် နိုင်ငံ့ခေါင်းဆောင်ဆိုတာ လူပုံအလယ်မှာ တင့်တယ်ခန့်ငြား ကျက်သရေရှိသော မျက်နှာမြင် ချစ်ခင်လေးစားလောက်သော (ဒီခေါင်းဆောင်ဟာ အတွင်းစိတ် ကောင်းပါ့မလားဟု သံသယ လုံးဝမရှိနိုင်လောက်သော) မျက်လုံး နှုတ်ခမ်းနဲ့ မျက်နှာသွင်ပြင် ရှိရပါမယ်။ အ၀တ်အစားအရောင် ဒီဇိုင်း ရွေးချယ်မှု ကိုယ်နေလှုပ်ရှားဟန်များကလည်း ခန့်ငြားတည်ငြိမ် မဟော့ရမ်း မကလက်ပဲ ဆင့်ရှိအတန်းရှိ နန်းဆန်ရပါမယ်။ ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။ ဒါတောင် အသက်ကြီးသွားလို့။ ခုနေများ ၅၀ ကျော်လောက်ဆို ကောင်းလေစွ။
၎ ။ ။ ပညာ... တက္ကသိုလ်က ရတဲ့ ဘွဲ့မှ ပညာလို့ မပြောနိုင်ပါဘူး။ လူမှာ အတတ်ပညာ အသိပညာ နှစ်မျိုး မျှတစွာ ရောစပ်နေဖို့ လိုအပ်တဲ့ နေရာမှာ နာမည်ကျော် ကမ္ဘာ့တက္ကသိုလ်ကြီးက နိုင်ငံရေးဆိုင်ရာ ဘာသာရပ်မှာ ရခဲ့တဲ့ ဘွဲ့အပြင် နိုင်ငံတကာမှာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံများနဲ့ ရေးသားခဲ့တဲ့ စာအုပ်များစွာ၊ ရောက်လေရာမှာ လေ့လာဆည်းပူးတတ်တဲ့ အကျင့်၊ အိမ်မှာ အကျဉ်းကျနေစဉ် ဖတ်ရှုခဲ့တဲ့ စာအုပ်များစွာကြောင့် ဒီအရည်အချင်းလည်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။
၅။ သီလ သမာဓိ... နိုင်ငံ့ခေါင်းဆောင်ဆိုတာ သာမန်ပြည်သူလို သီလမလုံ တရားမရှိ နေချင်သလို နေမရပါ။ ကြံဖန်ပြောရရင် ဒေါ်စုဟာ လူမျိုးခြားကို လက်ထပ်ခဲ့ခြင်းက လွဲလို့ ဘာမှ အပြစ်ပြောစရာ မရှိအောင် ဘ၀တစ်လျှောက်လုံး နေထိုင်ခဲ့သူဖြစ်ခြင်း၊ (လူမျိုးခြားဆိုပေမယ့် ဒေါ်စုအား ချစ်ခင်လေးစား တန်ဘိုးထား နားလည်ပေးတတ်တဲ့ ပညာရှိတဲ့ မိမိနှင့် သားများကိုပါ ဗုဒဘာသာသို့ ပြောင်းလဲခဲ့နိုင်တဲ့ ခင်ပွန်းကောင်း ဖြစ်ပါတယ်။)၊ အိမ်တွင်း အကျဉ်းကျစဉ် ၀ိပဿနာ တရားအားထုတ်မှုကို မပြတ်လေ့ကျင့် ပွားများခဲ့ခြင်း၊ ဆရာတော်ကြီးများရဲ့ ဆုံးအမကို မပြတ်ခံယူခြင်းတို့ကြောင့် ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။
၆ ။ ။ သတိ... သာမန်လူတိုင်းဟာ မနော ၀စီ ကာယကံများကို အချိန်နှင့် အမျှ ပြုနေကြရာမှာ အမှတ်တမဲ့ သတိကင်းမဲ့လျက်နဲ့ အမှားများစွာ ပြု၊ ပြော၊ တွေးနေမိတတ်ပါတယ်။ ဒေါ်စုရဲ့ အမူအရာ၊ စကားလုံး၊ ကိုယ်နေ ဟန်ပန် တို့ကို ကြည့်ပါ။ ထိုင်နေလျှင် ခါးဆန့် ခါးမတ်၊ ဦးခေါင်းကို မတ်၊ ပျင်းပျင်းရိရိ ကြောကို မမှီ၊ ဒူးကို ဘယ်တော့မှ မချိတ်၊ မိန့်ခွန်းများ ပြောရာမှာ မည်သည့် ဘာသာစကားကို ပြောပြော လေသံ အတက်အကျက မမြင့်လွန်း မနိမ့်လွန်း၊ မနှေးလွန်း မမြန်လွန်း၊ ပျာယာမခတ်။ ရှုးရှုးရှဲရှဲ မရှိ။ မှားလို့ ပြန်ပြောရသည်ဆိုသည် မရှိသလောက် ရှား။ ဒါက သတိကပ်နေခြင်းရဲ့ သက်သေ။ အသံကလည်း ပီသ၊ မျက်နှာအမူအရာက တည်သင့်လျှင်တည် ရယ်သင့်လျှင် ရယ်၊ ပြုံးတန်ပြုံး၊ ထုံပေပေ ပေါတောတော စပ်ဖြဲဖြဲ ဘယ်ခါမှ မရှိ။ ဒီလောက် မအားသည့် ကြားက အ၀တ်အစား ဘိုသီဘတ်သီ မရှိ။ ဒါကြောင့် သတိဟူသော ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။
၇ ။ ။ အသံ... အဆိုတော်များ တစ်မျိုးစီ အသံကောင်းကြပါတယ်။ သီချင်းမဆိုလည်း အသံကောင်းသူ များစွာရှိပါတယ်။ ဒါပေမယ့် လူတိုင်းရဲ့ အသံများမှာ အရောင်လေးတွေ ပါကြပါတယ်။ အားငယ်သံ၊ မောက်မာသံ၊ အထက်စီးသံ၊ မာနသံ၊ ကြွားဝါသံ၊ ပညာရှိသံ၊ ပညာမဲ့သံ၊ ရိုးသားသံ၊ မြို့ပြသံ၊ ကျေးလက်သံ၊ ဟန်ဆောင်သံ၊ တရားသံ၊ ဆရာကြီးသံ၊ ပွဲစားသံ၊ ထုံထိုင်းသံ၊ ပျင်းရိသံ စသဖြင့်။ နိုင်ငံ့ခေါင်းဆောင်၏ အသံကတော့ ပညာရှိသံ ပြတ်သားတိကျသံ ရိုးသားဖြူစင်သံနဲ့ တိုင်းသူပြည်သားများအပေါ် မေတ္တာစေတနာငွေ့ လွှမ်းခြုံနေတဲ့ အသံ ဖြစ်ရပါမယ်။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။
၈ ။ ။ မျိုးရိုး... ဘယ်လောကမှာမဆို အောင်မြင်လာမယ့်သူဟာ ရှေ့က မျိုးရိုး ရှိချင်မှ ရှိမှာပါ။ မျိုးရိုးရှိတိုင်းလည်း ဆက်ခံတဲ့ သားသမီး မြေးမြစ်က အဖြစ်ရှိချင်မှ ရှိမှာပါ။ ဗိုလ်မင်းရောင်၊ ဗိုလ်ချုပ်အောင်ဆန်း စတဲ့ သတ္တိပြောင်တဲ့ မျိုးရိုးကို ထိန်းသိမ်းနိုင်တဲ့ သွေးနဲ့ မျိုးရိုးအရည်အချင်းမျိုး အကိုမှာတောင် မရှိပဲ ဒေါ်စုမှာသာလျှင် ၁၀၀ % ရှိပြန်ပါတယ်။ အင်မတန် မြန်မာဆန်ပြီး အနေအထိုင် လိမ္မာ ကျစ်လျစ်တဲ့ မိခင်ဒေါ်ခင်ကြည့်ရဲ့ သွန်သင် ဆုံးမမှုဟာလည်း မြန်မာဆန်တဲ့ သတ္တိရှိ ရဲရင့်တဲ့ သမီးရတနာကောင်းလေးကို ပေါ်ထွန်းစေခဲ့တာဟာ ငြင်းမရပါဘူး။
၉ ။ ။ စွန့်လွှတ် အနစ်နာခံသော စိတ်... နေက္ခမ္မပါရမီလို့ ပြောရင် လွန်မလား မသိ။ တိုင်းပြည်ကို ခေါင်းဆောင်မယ့်သူဟာ ပုဂ္ဂိုလ်ရေးရာ Family/ Personal ခံစားချက်တွေကို အတတ်နိုင်ဆုံး လျစ်လျူရှုနိုင်ရပါမယ်။ မိမိဘ၀နဲ့ အချိန်တွေ စိတ်အာရုံတွေကို နိုင်ငံနဲ့ ပြည်သူအတွက် ပေးဆပ်နိုင်ရပါမယ်။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိကြောင်းကတော့ အမျိုးသမီးတစ်သန်းမှာ တစ်ယောက် တွေ့ရနိုင်ခဲတဲ့၊ ခင်ပွန်းနဲ့ သားတွေရဲ့ ဘ၀အဆင်ပြေမှုတွေကို လုံးလုံးလျားလျား လျစ်လျူရှုခဲ့တဲ့ ဒေါ်စုရဲ့ စိတ်ထားမျိုးကတော့ အထူးပြောစရာ မလိုတော့ပါဘူး။
၁၀ ။ ။ မေတ္တာ... သတ္တလောကကြီးကို ထိန်းချုပ် ပြောင်းလဲနိုင်စွမ်း ရှိသော အရာဟာ စစ်မှန်တဲ့ မေတ္တာပါပဲ။ မိမိ မိသားစုဝင် သုံးယောက် သန်းပေါင်း ၆၀ သော လူသားတွေအတွက် မေတ္တာကြီးစွာ ထားခဲ့သူပါ။ မေတ္တာတရားနဲ့ ပြည့်ဝ လွှမ်းခြုံနေတဲ့ မျက်နှာမျိုး လူတိုင်းမှာ မတွေ့နိုင်ပါဘူး။ ထိုအရည်အချင်း မေတ္တာဓါတ်မျိုး ဒေါ်စုမှာသာ ၁၀၀% ရှိကြောင်း ဦးနှောက်မှန်တဲ့ လူတိုင်းရဲ့ နှလုံးသားက ခံစားလို့ ရပါတယ်။
ပြောခဲ့တဲ့ အချက် (၁၀) ချက်အပြင် အခြားများစွာသော ထူးခြားအရည်အချင်းများနဲ့ ပြည့်စုံတဲ့ ဒေါ်စုနဲ့ တူညီပြည့်မီတဲ့ အခြား မြန်မာအမျိုးသမီးတစ်ဦးဦး မရှိနိုင်ပါဘူး။ တစ်ခုတူရင် တစ်ခုတော့ လိုနေမှာပါ။
ဒါကြောင့်...
မြန်မာနိုင်ငံရှေ့ရေးအတွက် ဦးဆောင်ရမယ့် နှစ်တစ်ရာ တစ်ခါ ပေါ်ပေါက်ခဲတဲ့ မရှိမဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒီလောက်တောင် သဲသဲလှုပ် ချစ်ကြ လေးစားကြ ချီးကျူးကြ တသသ တရွရွ တမမ တဖွဖွ ဖြစ်နေကြတဲ့ လူတွေ လုံးဝမလွန်ပါဘူး။ ကျနော် အခုလို ထင်မြင် ရေးသားမိတာလည်း မလွန်ပါဘူး။ ဒေါ်စုကို ချစ်ရင် လေးစားရင် ချစ်နေရုံနဲ့ မပြီးပဲ မိမိတို့ ရောက်ရာ နေရာတိုင်းမှာ ပြတ်သားရဲရင့် ထက်မြက် တည်ငြိမ်စွာ မြန်မာလူမျိုးသိက္ခာ စောင့်စည်း ထိန်းကြပါလို့ ရဲရဲကြီး ပြောကြားရင်း...
Credit - Ko Aung Khaing
လေးစားစွာဖြင့် ပြန်လည် မျှဝေပါသည်။
Phoenix Ygn / Zaw Min Aung
25.02.2017at 05:10PM
#Credit_to_Original_Uploader
#Photo_from_Internet
Saturday, February 25, 2017
ဒေါ်စုကို ဘာဖြစ်လို့ လူတွေက သဲသဲလှုပ် ဖြစ်နေကြရသလဲ???
ဒေါ်စုကို ဘာဖြစ်လို့ လူတွေက သဲသဲလှုပ် ဖြစ်နေကြရသလဲ???
Reviewed by Ar Ti
on
8:18 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment