Latest News

Thursday, February 2, 2017

ဘားအံတွင် ၃၇ မင်း မီးနင်းပွဲ ကျင်းပ

ဘားအံတွင် ၃၇ မင်း မီးနင်းပွဲ ကျင်းပ

ဘားအံ၊ ဖေဖော်ဝါရီ ၂

ကရင်ပြည်နယ်၊ ဘားအံမြို့ ဘားကပ်ကျေးရွာတွင် ဇန်နဝါရီလ ၃၁ ရက်က မြန်မာရိုးရာ ၃၇ မင်းနတ် မီးနင်းပွဲ (၃၇ မင်းမီး ပြင်ပပဒေသာကပွဲ) ကို ကျင်းပခဲ့သည်။

အဆိုပါ မီးနင်းပွဲကို သဇင်ပန်းများ လှိုင်လှိုင်ပွင့်သော ရာသီတွင် ကျင်းပလေ့ရှိပြီး ကရင်ပြည်နယ် တစ်ခုတည်းတွင် ဘားကပ်ရွာ၌သာ နှစ်စဉ်ကျင်းပခဲ့ရာ နှစ်ပေါင်း ၇၀ ကျော်ပြီ ဖြစ်ကြောင်း၊ ယင်းပွဲတော်တွင် ၃၇ မင်း နတ်များအနက် ရေငန်ပိုင် ဦးရှင်ကြီးကို အဓိကထား တိုင်တည်ကိုးကွယ်ကာ ပြုလုပ်ကြောင်း မီးနင်းသူများထံမှ သိရသည်။

“တစ်နှစ်မှာ တစ်ရက်တည်း လုပ်တာ၊  အဓိကကတော့ ရပ်ရွာအတွင်း မကောင်းတဲ့ ဘေးဥပဒ် မကျရောက်အောင်နဲ့ ကျန်းမာကောင်းမွန်အောင် တိုင်တည်ပြီး လုပ်တာပါ” ဟု ဦးဆောင်ကျင်းပသူ အသက် ၆၇ နှစ်အရွယ် ရွာခံ ဦးချမ်းငြိမ်းက ပြောကြားသည်။

ဘားကပ်ကျေးရွာတွင် နေထိုင်သူများက ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသဖြင့်  ရေငန်ပိုင် ဦးရှင်ကြီးကို တိုင်တည်ကာ မီးပြင်ပ ပဒေသာကပွဲကို ပြုလုပ်ခြင်းဖြင့် လုပ်ငန်းခွင်တွင် အန္တရာယ်ကင်းခြင်း၊ ကလေးသူငယ်များ ကျန်းမာရေး ကောင်းမွန်ခြင်း၊ ရပ်ရွာတွင် ကပ်ဘေးများ ကျရောက်ခြင်းတို့မှ တားဆီးနိုင်ခြင်းတို့ကို ကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း မီးနင်းသူ အသက် ၄၅ နှစ်အရွယ် အမျိုးသားက ပြောဆိုသည်။

“မီးနင်းခဲ့တာကတော့ နှစ် ၃၀ ကျော်ပြီ၊ ကျွန်တော်စပြီး မီးနင်းတုန်းကတော့ ကျန်းမာရေးအတွက် စနင်းတာ၊ နောက်ပိုင်းတော့ ကိုယ်လည်းရေလုပ်ငန်း လုပ်တော့ နှစ်တိုင်း နင်းဖြစ်သွားတာ” ဟု ဘားအံမြို့ အမှတ် ၄ ရပ်ကွက်မှ လာရောက်မီးနင်းသူ ဦးဆန်းဝင်းက ရှင်းပြသည်။

အဆိုပါ မီးနင်းပွဲကို ကျင်းပမည့်  ညနေ ၅ နာရီတွင် ဆီးသားထင်းခြမ်း ၅၀ဝ ကျော်နှင့် မီးသွေးပိဿာ ၂၀ဝ ခန့်ကို မီးရှို့ကာ မီးကျင်းများ ပြင်ဆင်ရကြောင်း၊ ယင်းနောက်ရွာရှိ ကွမ်းတင်နတ်စင်ကို နတ်ကန်တော့ပြီးနောက် ည ၉ နာရီခွဲမှ နံနက် ၂ နာရီအထိ မီးနင်းရကြောင်း၊ မီးနင်းလိုသူများက  ဥပုသ်သီလ ဆောက်တည်ရကြောင်း ယင်းပွဲစီစဉ်သူထံမှ သိရသည်။

အဆိုပါ မီးပြင်ပ ပဒေသာကပွဲတွင် ရွာသူရွာသားများက ပန်းဆက်ခြင်း၊ အချိုရည် ဆက်ကပ်ခြင်းများ ပြုလုပ်ကြပြီး သဇင်ပန်းကို မပါမဖြစ် အဓိကထား ဆက်ကပ်ကာ၊ ဒေါနပန်း၊ နှင်းဆီပန်းများကို ဆက်ကပ်ကြောင်း၊ ယခင်နှစ်များက ပွဲတော်ကို ဇန်နဝါရီလ ၁၃ ရက်ဝန်းကျင်တွင် ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် မီးနင်းပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း မီးနင်းပွဲကို ဦးဆောင်ကျင်းပသော ဦးချမ်းငြိမ်းထံမှ သိရသည်။

Sources : The Voice

No comments:

Post a Comment