Latest News

Thursday, February 2, 2017

နှစ် ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်း ကြေးဆင်းတုတော်တစ်ဆူ ခိုးယူသူအား စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိ

နှစ် ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်း ကြေးဆင်းတုတော်တစ်ဆူ ခိုးယူသူအား စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိ

နှစ် ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်း ကြေးဆင်းတုတော် တစ်ဆူအား ခိုးယူသူကို စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် စစ်ကိုင်းအမှတ် (၂) ရဲစခန်းမှ စုံးစမ်းသိရှိရသည်။
စစ်ကိုင်းမြို့ ရွှေမင်းဝံ ရပ်ကွက် (၁) လမ်းရှိ နေအိမ်တစ်အိမ်၌ ရှေးဟောင်း ကြေးဆင်းတုတော်တစ်ဆူ မြေကြီးအတွင်း နစ်မြှုပ်ထားကြောင်း သတင်းအရ တာဝန်ရှိသူများ သွားရောက် စစ်ဆေးရှာဖွေရာ နှစ် ၁၀၀ ကျော် သတ်တမ်းရှိ ဦးခေါင်းတော်မပါ ကြေးဆင်းတုတော်တစ်ဆူ စစ်ဆေးရှာဖွေ တွေ့ရှိခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။

“ကျွန်တော်တို့ စခန်းအပိုင် နယ်မြေမှာ ဘုရားခိုးသူ ရှိတယ်ဆိုတာ သတင်းရလို့ သွားရောက် စစ်ဆေးရာ သက်သေခံ ပစ္စည်းနဲ့အတူ အောင်ဇော်ဦး (ခ) မင်းခန့်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ကျွန်းလှ ရဲစခန်းမှာလည်း အမှုဖွင့်ထားတဲ့သူ ဖြစ်နေတယ်။ စစ်ကိုင်းမြို့မ ရဲစခန်းမှာ မနေ့က အမှုဖွင့်ပြီး ကွင်းဆက်တွေကို ဆက်လိုက်နေပါတယ်။ ဘုရားကို ဘယ်အရပ်က ခိုးယူလာလဲဆိုတာ မသိရသေးပါဘူး။ တကောင်း၊ မိုးညှင်းဘက်က ဖြစ်ဖို့များတယ်။ ဒါမို့သက်ဆိုင်ရာ နယ်မြေတွေကိုလည်း သတင်းပို့ထားပါတယ်။ တရားရုံးမှာ ရမန်ယူပြီး တရားစွဲတင်ဖို့လည်း လုပ်နေပါပြီ” ဟု စစ်ကိုင်းအမှတ် (၂) စခန်းမှ ရဲအုပ်ကျော်မင်းထွန်းက ပြောကြားသည်။


ဦးခေါင်းတော်မပါ ကြေးဆင်းတုတော်၏ ပလ္လင်အခြေတွင် သက္ကရာဇ် ၁၂၆၈ ခုနှစ် ၀ါဆိုလဆုတ် ၁၃ ရက်သွန်းလုပ်သည်ဟု ရေးသားထားကာ ဥာဏ်တော် ၄၁ လက်မရှိကြောင်း သိရပြီး အောင်ဇော်ဦး (ခ) မင်းခန့်သည် ရွှေမင်းဝံရပ်ကွက် (၁) လမ်းတွင် အိမ်ငှား နေထိုင်သူဖြစ်ကြောင်း၊ ၎င်းနှင့်ပတ်သက် ဆက်နွှယ်သည့်သူများအား ဆက်လက် စုံစမ်းမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အောင်ဇော်ဦး (ခ) မင်းခန့်အား စစ်ကိုင်းမြို့မ ရဲစခန်းတွင် (ပ) ၁၃၇/၁၇ ပုဒ်မ ၃၈၀/၂၉၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။                  

Writer:
ရန်ပိုင်

Eleven Media Group Co., Ltd

No comments:

Post a Comment