Latest News

Thursday, February 9, 2017

တရုတ်ခေါင်းဆောင်နဲ့ ပထမဆုံးအကြိမ် ထရမ့် ဆက်သွယ်

တရုတ်ခေါင်းဆောင်နဲ့ ပထမဆုံးအကြိမ် ထရမ့် ဆက်သွယ်

အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ဇီကျန်ပင်းဆီ စာရေး ဆက်သွယ်လိုက်ပါတယ်။  ဒါဟာ ထရမ့်ရဲ့ တရုတ်ခေါင်းဆောင်းကို ပထမဆုံး ချဉ်းကပ်မှု ဖြစ်ပါတယ်။

ပေးစာမှာ ထရမ့် သမ္မတ ရာထူး အတွက် ဇီကျန်ပင်းက အရင်လက ချီးကျူးဂုဏ်ပြုခဲ့မှုအပေါ် ပြန်လည် ကျေးဇူးတင် စကား ဆိုထားပြီး အနာဂတ်မှာ နှစ်နိုင်ငံကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေး တခု တည်ဆောက်နိုင်ဖို့ မျှော်လင့်ကြောင်း ရေးသားပါတယ်။

သမ္မတသစ် ထရမ့်ဟာ အခုအချိန်ထိတော့ သမ္မတ ဇီကျန်ပင်းနဲ့ စကားပြောဆိုခြင်း မရှိသေးပါဘူး။  အခြား ကမ္ဘာ့ ခေါင်းဆောင် အတော်များများနဲ့တော့ တယ်လီဖုန်းကတဆင့် ဆက်သွယ် စကားပြောပြီးပါပြီ။

ထရမ့်ရဲ့ ပေးစာအပေါ် တရုတ်နိုင်ငံဘက်က အလေးအနက် ထားကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြေရေးဆိုခွင့်ရှိသူ  လူးခန်က ပြောတယ်လို့ ရိုက်တာ သတင်းမှာ ရေးထားပါတယ်။ တရုတ်ပြည်သူလူထု အတွက် ပေးပို့လိုက်တဲ့ ထရမ့်ရဲ့ နှစ်သစ်ကူး ဆုတောင်းစကား အတွက်လည်း ကျေးဇူးတင်ကြောင်း လူးခန်က ပြောပါတယ်။  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကသာ တခုတည်းသော ရွေးချယ်စရာလို့ လည်း သူက ဆိုပါတယ်။

သမ္မတ ထရမ့်ရဲ့ စာမှာ အရင်တုန်းကလို တရုတ်ပြည်မကြီး အပေါ်ထားတဲ့ ပြင်းထန်တဲ့ လေသံတွေ မပါဝင်ဘဲ သံတမန်ရေးရာ ရင်းနှီးချစ်ခင်မှု ဆိုင်ရာ စကားလုံးတွေပဲ ပါဝင်ပါတယ်။

ထရမ့်ဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလကတည်းက တရုတ်နိုင်ငံ ဆန့်ကျင်ရေး သဘောထားတွေကို အထင်အရှား ပြသလာခဲ့သူ ဖြစ်ပြီး ရွေးကောက်ပွဲ နိုင်ပြီး နောက်ပိုင်း တလျှောက်လည်း တရုတ်နိုင်ငံကို ဆက်လက် တိုက်ခိုက်လာခဲ့ပါတယ်။

သမ္မတ တာဝန် မယူခင် ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ထရမ့်ဟာ သူ့ရဲ့ အွန်လိုင်း လူမှုကွန်ရက် တွစ်တာက တဆင့် ငွေကြေးဆိုင်ရာမူဝါဒနဲ့ တောင်တရုတ်ပင်လယ် ရေပိုက်နက် ပြဿနာတွေနဲ့ ပတ်သက်ပြီး တရုတ် အပေါ် ဆက်တိုက် ဝေဖန်ခဲ့ပါသေးတယ်။

ထရမ့်ဟာ ထိုင်ဝမ် သမ္မတနဲ့ ဖုန်းဆက်သွယ် စကားပြောခဲ့ပြီး အမေရိကန် လက်ရှိ ကျင့်သုံးနေတဲ့ တရုတ်ပြည်မကိုပဲ  သံတမန်ရေးရာ ဆက်သွယ် အသိအမှတ်ပြုတဲ့ တရုတ် တနိုင်ငံ မူဝါဒကိုလည်း မေးခွန်းထုတ်ခဲ့သူပါ။

ဘေဂျင်း အစိုးရ ဘက်ကတော့ သမ္မတ ထရမ့်ရဲ့ ရပ်တည်ချက် အပေါ် အလွန်အမင်း စိုးရိမ်ပူပင်မိကြောင်း ထုတ်ပြန်ထားပြီး အမေရိကန်ကို တရုတ်နဲ့ ပိုမိုနီးကပ် ကူးလူးဆက်ဆံဖို့ တောင်းဆိုထားပါတယ်။  တောင်တရုတ်ပင်လယ်ကိစ္စလည်း တရုတ်ဟာ မိမိ ရပိုင်ခွင့် အခွင့်အရေးကို ကာကွယ်မယ်လို့ ဆိုထားပါတယ်။

တရုတ် အစိုးရ မီဒီယာကတော့ ထရမ့်ဟာ ထိုင်ဝမ် အရေးမှာ မီးနဲ့ ကစားနေတယ်လို့ ပြင်းပြင်းထန်ထန် ရေးသားဖူးခဲ့ပါတယ်။
BBC

No comments:

Post a Comment