Latest News

Friday, February 24, 2017

ဝိုင်ဘီအက်စ်နဲ့ ပြည်သူတွေရဲ့ အဆင်မပြေတဲ့ အချက် ငါးချက်

ဝိုင်ဘီအက်စ်နဲ့ ပြည်သူတွေရဲ့ အဆင်မပြေတဲ့ အချက် ငါးချက်

[မြို့တွင်းပတ် ဘတ်စ်ကားလိုင်း ၅၆၊ ၅၇၊ ၅၈ ယာဉ်လိုင်း ကားအစီးရေ ပေါင်း ၁၆၂ စီးနဲ့ ပြေးဆွဲနေပါတယ်]

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ - ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ပြောင်းလဲ ကျင့်သုံးလိုက်တဲ့ ဘတ်စ်ကား စနစ်သစ် ပြေးဆွဲခဲ့တာ တစ်လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘတ်စ်ကားစီးသူ ခရီးသွား ပြည်သူတွေမှာ အဆင် မပြေကြသေးပါဘူး။

၁။ မဆင်မခြင်မောင်း

‘မြို့တွင်းပတ်ကားတွေက အကြမ်းပတမ်း မောင်းတာ၊ လူဆိုလဲ မတရားတင်တယ်၊ လူကကျပ်ရတဲ့အထဲ အသားကုန် မောင်းတော့ အဆင်မပြေဘူး၊ အန္တရာယ်ရှိ တယ်၊ လူကို လိုတာထက် ပိုမတင်ဘဲ ပုံမှန်အတိုင်း မောင်းမယ်ဆိုရင် တော့ ပိုကောင်းသွားမယ် လို့ ထင်ပါတယ်”လို့ ဘတ်စ်ကားစီး ပြည်သူတစ်ဦးက အခုလို ပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ မြို့တွင်း ပတ် ပြေးဆွဲနေတဲ့ မြို့တွင်းပတ် ဘတ်စ်ကားလိုင်းများ ဖြစ်တဲ့ ၅၆၊ ၅၇၊ ၅၈ ယာဉ်လိုင်းတွေက ကားအစီးရေ ပေါင်း ၁၆၂ စီးနဲ့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတာ ဖြစ်ပါတယ်။

‘အလုပ်ပြန်တဲ့အချိန်တွေဆိုရင် ကားခကို သတ်မှတ် ထားတာထက် ပိုတောင်းတယ်၊ ဒီမြို့တွင်းပတ်တွေဆို ၁၀ဝ  ပဲပေးရမှာ၊ ၂၀ဝ ကောက်တာမျိုးတွေရှိတယ်၊ လူ ဆင်းတဲ့အချိန် ကျပ်တဲ့အချိန် ရော ရောချပြီး ပိုက်ဆံ ပြန်မအမ်းဘူး၊ အစိုးရက တိုင်ကြားပါလို့ ပြောတယ် ဆိုပေမဲ့လဲ ဒီ ၁၀ဝ၊ ၂၀ဝ နဲ့ လဲ မတိုင်ချင်တော့ဘူး” လို့ ဘတ်စ်ကားစီး ပြည်သူဖြစ်တဲ့ မဝင်းလဲ့လဲ့က ပြော ပါတယ်။

ယာဉ်မောင်းတွေနဲ့ယာဉ် နောက်လိုက်တွေကို  ခရီးသည် တွေဆီက ယာဉ်စီးခ ပိုမတောင်းဖို့၊ သတ်မှတ် ထားတဲ့ ခရီးအတိုင်း မောင်းနှင်ဖို့ ၊မှတ်တိုင်မှာ ရပ်ချတင် မလုပ်ဖို့၊ ရိုင်းပျစွာ ပြုမူ ဆက်ဆံခြင်းများကို မလုပ်ဆောင်ဖို့ စည်းကမ်း သတ်မှတ်ချက်များ ချမှတ် ထားတယ်လို့ ၅၈ ယာဉ်လိုင်း ကြီးကြပ်သူ ဦးသန်းနိုင်က ပြောပါ တယ်။

၅၆ ယာဉ်လိုင်းပိုင်ရှင် ဦးမျိုးမင်းသိန်း က “ကျွန်တော်တို့ တွေကို ညပိုင်း ကားမရှိတဲ့အချိန်တွေလို မျိုး ဆိုရင် အစိုးရအဖွဲ့ကနေ ဘယ် လမ်း ကြောင်းကို ပြေးဆွဲပေး ဆိုရင် ကျွန်တော်တို့ မြို့တွင်းပတ်တွေက ဆွဲပေးရပါတယ်၊ လူများတဲ့ ဘက်တွေ ဥပမာ သာကေတ၊ သင်္ဃန်းကျွန်း၊ စံပြဈေးနဲ့ လှိုင်သာယာ မြို့နယ်တွေ ကိုပေါ့”လို့ ပြောပါ တယ်။

မြို့ပတ်ယာဉ်လိုင်းတွေကို နှစ်မိနစ်ခြားတစ်ခါ တစ်စီးစီ စေလွှတ် မောင်းနှင်တယ်လို့ သိ ပါတယ်။

၂။ အကြာကြီးရပ်

ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေဟာ ဘတ်စ်ကား မှတ်တိုင်တွေမှာ အကြာကြီး ရပ်ပြီး အချိန် ကြန့်ကြာမှုတွေ ရှိနေတယ်လို့ ဘတ်စ်ကားစီး ပြည်သူတွေက ပြောပါတယ်။

‘မှတ်တိုင်မှာ အကြာကြီးရပ်တယ်၊ လူမရှိလဲ ကားကိုရပ်ပြီး စောင့်နေတာပဲ၊ တော်တော်နဲ့ မထွက်ဘူး၊ အကုန်လုံးက ရုံးသွား ကျောင်းသွားတွေ၊  အချိန်ကို လို တာထက်ပိုပြီး ကားကိုရပ်တယ်၊ ငါးမိနစ် လောက် ရောက်မယ့်ခရီး ကို နာရီဝက်လောက် အ ချိန်ပေးနေရတယ်˘လို့ ဘတ်စ် ကား စီးပြည်သူတစ်ဦးက ဆိုပါ တယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘတ်စ်ကား ၃၅၀ဝ ကျော် ပြေးဆွဲနေပြီး ယာဉ်လိုင်းတချို့က အခုလို စည်းကမ်း ဖောက်ဖျက်နေ ကြတာ ဖြစ်ပါတယ်။

၃။ အမျိုးသမီးအချို့ စော်ကားခံရ

ရန်ကုန်မြို့က အမျိုးသမီးအများစုဟာ နေ့စဉ်လိုလို ရုံးပြန်ချိန်တွေဟာ နောက်ကျနေတတ်ပါ တယ်။ အဲသည်လို နောက်ကျတာ နဲ့အမျှ ညအိမ်ပြန်ချိန် ဘတ်စ်ကား ပေါ်က အမျိုးသမီးတွေရဲ့လုံခြုံမှု ကို စိန်ခေါ်နေပါတယ်။

‘ကျွန်မတို့ ညဘက်ဆို အိမ်ပြန်ချိန်က နောက်ကျပါတယ်၊ မှတ်တိုင်မှာ လူတင်လူချမလုပ်ဘဲ မရောက်ခင်လဲ ဆွဲတင် လိုက်တာပဲ၊ လူက မတော်မတရားတင် ပြီးရင် ပြန်ရတဲ့ ခရီးက နည်းတာမဟုတ်ဘူး၊ လူက ကျပ်ပိတ်သိပ် အဲဒီမှာမှ အချောင်နှိုက်ချင်တဲ့ အကောင်တွေက ခပ်များများ၊ ဒီလို လူမတရား တင်နေရင် လုံးဝ အဆင်ပြေသေးမှာ မဟုတ်ဘူး” လို့ ဘတ်စ်ကားစီး ပြည်သူ အမျိုးသမီး တစ်ဦး က ပြောပါတယ်။

ဘတ်စ်ကားတွေပေါ်မှာ အမျိုးသမီးတွေကို မဖွယ်မရာ ပြုလုပ်ပါက သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းကို တိုင်ကြား နိုင်တယ်လို့ ဖေဖော်ဝါရီလ ၁၇ ရက် နေ့က  ရန်ကုန်တိုင်း အစိုးရရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ပါတယ်။

‘အမျိုးသမီးတွေ အနေနဲ့လဲ အဲဒီလို အဖြစ်မျိုးတွေကို တွေ့ကြုံ လာရပြီ ဆိုရင် ရှက်ကြောက်တာမျိုး လုပ်မနေသင့်ပါဘူး၊ ချက်ချင်း တုံ့ပြန်သင့်တဲ့ ကိစ္စပါ၊ ဒီလိုလူမျိုးတွေက ဒီလိုလုပ်မှ နောက် မလုပ်ရဲမှာပါ၊ အမျိုးသမီးတွေ အနေနဲ့ သေသေ ချာချာဂရုစိုက်ပြီး တုံ့ပြန်သင့်ပါတယ်”လို့ ခရီးသွားပြည် သူအမျိုးသမီးက ပြောပါတယ်။

အမျိုးသမီး အချို့ဟာ ဘတ်စ်ကားတွေပေါ်မှာ စော်ကား ခံရမှုတွေ၊ ဘောင်းဘီကို ဓားနဲ့ ခွဲခံရမှုတွေ စတဲ့ အဖြစ်အပျက်တွေကို တွေ့ကြုံခံစားနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

၎။ မှတ်တိုင်မရောက်ခင်တင်

လက်ရှိ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေမှာ ယာဉ်တွေကို ပြိုင်တူ မောင်းနှင်ကြပြီး မှတ်တိုင် မရောက်ဘဲ ခရီးသည် တင်ချတာတွေကို ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

‘စစချင်းတုန်းကတော့ တကယ်ကို လိုက်နာတော့ မလိုနဲ့ပဲ၊ အခု နောက်ပိုင်းကျတော့လဲ အရင်က မထသ လိုပဲ ဖြစ်နေပြန်တာပါပဲ၊ အမှန်တော့ နာမည်ပြောင်းလိုက် သလိုပါပဲ၊ အရင်ကတိုက်တော့ မထသ၊ အခုတိုက်တော့ ဝိုင်ဘီအက်စ် ပေါ့” လို့ ခရီးသွား ပြည်သူတစ်ဦး ဖြစ်တဲ့ ဦးတင်မောင်မြင့် က ပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်း အချို့ဟာ မှတ်တိုင် မရောက်ခင် လူတင်ချ လုပ်ပြီး ခရီးသည်တွေကို ကားပေါ်ကဆွဲချ၊ ဆွဲတင် ပြုလုပ် နေဆဲပဲဖြစ်တယ် လို့ ပြည်သူတွေဆီက သိရပါတယ်။

‘ကားက အရမ်းကျပ်တယ်၊ လူကကျပ်တော့ နောက်ဆုံးကို ရောက်နေတတ်တယ်၊ ကိုယ်ဆင်းမယ့် မှတ်တိုင်ကိုရောက်ဖို့ မတရား တိုးယူရတယ်၊ ပြီးရင်ကိုယ်က ရှေ့ရောက်ကာမှ သူတို့ကစိတ်မရှည်ဘဲ ဆက်ပြီး မောင်းသွားတာမျိုးတွေ ရှိတယ်၊ ကိုယ်တောင် ပြန်ပြီး အပြောခံ ရသေးတယ်” လို့ ခရီးသွား ပြည်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ‘ဘတ်စ်ကားများ သတ်မှတ်ထားတဲ့ စည်းကမ်းများ ဖောက်ဖျက်ပါက အစိုးရအဖွဲ့ကို တိုင်ကြားသင့်ကြောင်း၊ ကျူးလွန်တဲ့ ယာဉ်လိုင်းတွေနဲ့ ယာဉ်မောင်းတွေကို ယာဉ်လိုင်း ဖြုတ်သိမ်းတဲ့ အထိ ပြင်းပြင်းထန်ထန် အရေးယူမှာ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။



၅။  မပွင့်မလင်း

ဝိုင် ဘီအက်စ် စတင် ပြေးဆွဲခဲ့တဲ့ အချိန်ကစပြီး စည်းကမ်း ဖောက်ဖျက်မှုပေါင်း ၅၂၀ ရှိပြီလို့ သိရပါတယ်။

အများဆုံးတိုင် ကြားတဲ့ အ ကြောင်းအရာကတော့ မှတ်တိုင် မဟုတ်ဘဲ ရပ်တာ၊ ယာဉ်စီးခ ပိုမို ကောက်ခံတာနဲ့ ခရီးသည် တွေကို မချေမငံ ပြုမူ ဆက်ဆံတာတွေ အများဆုံး ဖြစ်တယ်လို့ သိရ ပါတယ်။

စနစ်သစ် စတင် ပြောင်းလဲ လိုက်တဲ့ ဇန်နဝါရီလမှာ ပြည်သူတွေက တိုင်ကြားမှုပေါင်း ၂၃၄ ခုနဲ့ ဖေဖော်ဝါရီ လမှာ ၂၈၆ ခုဖြစ်ပြီး ပိုမို များပြားလာတာ ဖြစ်ပါတယ်။ စည်းကမ်း ဖောက်ဖျက်မှုကြောင့် တိုင်ကြားခံရတဲ့ ယာဉ်လိုင်း နံပါတ် တွေကတော့ ဇန်နဝါရီလမှာဆိုရင် နံပါတ် ၇ (တောင်ဒဂုံ ၇၁/ ၇၂ ရပ်ကွက် - မဟာဗန္ဓုလ လမ်း)၊ နံပါတ် ၄၀ (ရွှေပြည်သာ၊ လိန်ကုန်း - သခင်မြ ပန်းခြံ)၊ နံပါတ် ၄၁ (ထောက်ကြန့် - သခင်မြပန်းခြံ) တို့ ဖြစ်ပြီး ဖေဖော်ဝါရီ လမှာ နံပါတ် ၆ (အောင်မြင့်မိုရ်- ရှစ်မိုင် လမ်းဆုံ)၊ နံပါတ် ၆၅ (ရွှေပြည်သာ၊  အိမ်မဲကြီး - ဗိုလ်တထောင် ဘုရားလမ်း) ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေပဲ ဖြစ်ပါတယ်။

တိုင်ကြားမှုတွေကို ဘယ်လို အရေးယူ ဆောင်ရွက်နေလဲ ဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။

ယာဉ်ကြီးကြပ်သူတွေ ၊ တက္ကစီတွေ မှတ်တိုင်တွေမှာ ထိုးပြီး ရပ်တာမျိုးတွေ၊ ယာဉ် ကြောပိတ်ဆို့မှုတွေကြောင့် အဆင်မပြေတာတွေ ဖြစ်ရတယ်လို့ ယာဉ်လိုင်း ကြီးကြပ်သူတွေက ဆိုပါတယ်။

‘အဓိကပြဿနာကတော့ ယာဉ်ကြောပိတ်ဆို့မှုကြောင့်ပဲ၊ အဲဒီလိုပိတ်ဆို့ရတာလဲ တက္ကစီတွေက မှတ်တိုင်တွေမှာ ပိတ်ရပ်ထား တာမျိုးတွေ ၊ လမ်းဘေးမှာ ထိုးရပ်ထား တာမျိုးတွေရှိတယ်၊ အဲဒီ တော့ ဒီ ဘတ်စ်ကားတွေက လွတ်တဲ့ နေရာတွေက မောင်းတော့ ကားက စည်းကမ်းမရှိဘူး၊ နှစ် ထပ် ရပ်တယ် ပြောတယ်၊ အဲဒီတော့ ယာဉ်ထိန်းရဲ အဖမ်းခံရ တယ်၊ အ ဆင် မပြေ ဘူး˘လို့ ၅၆ ယာဉ်လိုင်း ကြီးကြပ် သူ ဦးမျိုးမင်း သိန်း က ပြောပါတယ်။

Author  ဝင်းနန္ဒာ၊ နှင်းနှင်း
ကုမုဒြာ

No comments:

Post a Comment