Latest News

Wednesday, February 22, 2017

ပူတဲ့သူလား၊ အေးတဲ့သူလား…

ပူတဲ့သူလား၊ အေးတဲ့သူလား…

လောကမှာ လူနှစ်မျိုး ရှိသတဲ့။ တစ်မျိုးကတော့ပူလောင်တဲ့သူပေါ့၊ သူက ဒေါသကြီးတယ်၊ လောဘလည်း ကြီးတယ်၊ အဲဒါကြောင့် ဒေါသ၊လောဘတွေနဲ့ယှဉ်ပြီး သူဟာ ပူလောင်တဲ့ သဘာဝဖြစ်လာတယ်။ ဒီထဲမှာ မောဟပါ ကြီးတဲ့ သူဆိုရင်တော့ သူဟာ အခက်ကြုံမှ ပူလောင်တာမျိုးမဟုတ်တော့ဘူး သူ တွေးတွေးပြီးတော့လည်း ပူလောင်နေပြန်ရော။

အဲလိုမျိုး အပူသဘောရှိတဲ့သူတွေက သူ့တို့ကိုယ်တိုင်တင်မကပါဘူး။ ပတ်ဝန်းကျင်ကိုပဲ ပူလောင်စေတဲ့ ထဲမှာ ပါဝင်ကြတယ်။ အမြဲတမ်း မိသားစုဝင်တွေနဲ့ပတ်သက်ပြီး စိတ်တိုင်းမကျသလို၊ အမြဲတမ်း သောကနဲ့ ဒေါသက ရှိနေတဲ့အတွက် သူ့နားမှာ နေတဲ့သူတွေက စိတ်ညစ်ရတယ်။ သူက မိသားစုဝင်တွေရဲ့ အသေးအဖွဲ ကိစ္စတွေကစ လိုက်ပါနေတတ်သလို၊ ဘယ်လို ပဲ ကြုံကြုံ စိတ်ညစ်စရာနဲ့ပဲ အဆုံးသတ်တတ်တဲ့ အလေ့ကြောင်ကသူ့ ဘေးက လူတွေက စိတ်ဆင်းရဲကြရတယ်။

သူ့ရဲ့အားသာချက်ကတော့  ပူညံ့ပူညံ့နဲ့ တွန်းတွန်းတိုက်တိုက်လုပ်လေ့ရှိတဲ့အတွက် သူ့ပတ်ဝန်းကျင်က လူတွေက ပြီးမြောက်အောင်ကြိုးစားဆောင်ရွက်ကြတယ်။ ဒါကြောင့် အများရဲ့အာရုံစိုက် အလေးထားခြင်းကိုလည်း ခံကြရပါတယ်။

ပြောရရင် သူများကို တွန်းအားပေးနိုင်တဲ့သူလို့ဆိုရမှာပါပဲ၊ ဒါပေမဲ့ တွန်းအားအဆင့်ကနေ ဖိအား ဖြစ်သွားရင်တော့သူ့နားမှာ နေဖို့ကြောက်သွားတတ်ကြတယ်။

တစ်ခါတစ်ရံဆို သူက ပတ်ဝန်းကျင်ကို ပြဿနာ ရှာတတ်တဲ့သူလည်း  ဖြစ်နေတတ်ပြန်တယ်။ဒါကြောင့်သူ့ကို ချစ်တဲ့ သူတွေကပဲ သူ့နားမှာ နေနေပေးကြပေမဲ့ သူတို့ခမျာလည်း သူ့ကြောင့်ရတဲ့စိတ်ဖိအားတွေနဲ့ နေကြရတယ်။

အဲဒီ ဖိအားတွေ မခံနိုင်တော့တဲ့အခါ သူ့ဘေးနားကနေ အဝေးကို ထွက်သွားဖို့ ကြိုးစားသူတွေလည်း ရှိတယ်။ သူ့ကို မထားခဲ့ရက်လို့ပဲ ဖြစ်ဖြစ်၊ သူနားမှာ နေပေးရမှာပေါ့ ဆိုတဲ့ တာဝန်၊၀တ္တရား သိစိတ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ၀ဋ်ကြွေးဆပ်တာလို့  သဘောထားလို့ပဲဖြစ်ပါစေ နေပေးကြတာလည်း တွေ့ရပါတယ်။

သူ့ကို တကယ်ချစ်မှ သူ့နားနေနိုင်ကြတာမို့ သူ့အတွက်တော့ ချစ်သူနဲ့မုန်းသူဟာ မြင်လွယ် သိလွယ်လှပါတယ်။

နောက်တစ်မျိုးကတော့သူနဲ့ဆန့်ကျင်ဘက်ပါ။ အေးချမ်းတဲ့သူပေါ့။

သူကလည်း အမြဲတမ်းအေးအေးဆေးဆေးပဲ နေချင်လေ့ရှိတယ်။ ပူပင်သောက ဆိုတာ ဘာလဲလို့ မေးရလောက်အောင်ကို အေးချမ်းပါတယ်။ သူများကိုလည်း ပူပူညံညံတွေ သိပ်မလုပ်ပါဘူး။  ဒါကြောင့်သူ့ပတ်ဝန်းကျင်ကလည်း သူ့ကို သိပ်ဂရုစိုက်လေ့မရှိပါဘူး။

သူ့ပတ်ဝန်းကျင်က သူ့ကို ဂရုမစိုက်ရင်လည်း သူက အေးဆေးပါပဲ။ဒါတွေအတွက် လိုက်ခံစားမနေတတ်ဘူး။ သူ့ရဲ့အေးစက်မှုအပေါ် ခံစားနေရင်လည်း လိုက်ပါဖြေရှင်းပေးမဲ့သူမျိုး မဟုတ်ပြန်ဘူး။

စိတ်တို ဒေါသထွက်ရင်တောင် သူကတောအေးဆေးပဲပြောတာ်။စကားကိုလည်း ဖြေးဖြေးအေးအေးပြောတတ်သလို၊ သူ့ကို ရန်လာလုပ်တဲ့သူကိုတောင်မှ အေးအေးဆေးဆေးပဲ တုန့်ပြန်တတ်တယ်။တော်ရုံဆို မသိချင်ယောင်ဆောင်နေတတ်တဲ့ သူလည်း ဖြစ်တယ်။ ဒါကြောင့် ချစ်သူခင်သူဆိုတာလည်း ရှားတတ်ပြန်တယ်။

သူကိုယ်တိုင်ကလည်း သူများကို နားပူအောင် လုပ်လေ့မရှိသလို၊ သူများကြောင့်နားပူလာပြီ စိတ်ညစ်လာပြီဆိုရင် သူ့ဟာ သူ အေးချမ်းရာ ရှာဖွေပြီး နေတတ်တယ်။ သူ့ကို ပတ်ဝန်းကျင်က ဒုက္ခပေးလာခဲ့ရင်လည်း သူ့ဟာသူ အေးဆေးအောင် နေလေ့ရှိတယ်၊ အဲဒီလို နေလို့မရလောက်အောင်ကို ဒုက္ခပေးနေပြီ ဆိုရင်တော့သူက ပြတ်ပြတ်သားသား ဖြေရှင်းတတ်ပါတယ်။

ပူတဲ့သူနဲ့အေးတဲ့ သူဟာ အမြဲတမ်း အိမ်ထောင်ဘက်တွေဖြစ်လေ့ရှိတာလည်း များပါတယ်။

မတူတဲ့သဘာဝနှစ်ခုမို့အချင်းချင်းစွဲဆောင်နိုင်ကြတယ် ထင်ပါရဲ့။ ပူတဲ့ ဇနီးနဲ့အေးတဲ့ ခင်ပွန်း၊ ပူတဲ့ ခင်ပွန်းနဲ့အေးတဲ့ဇနီးသည် အဲဒီလို အတွဲအဘက်တွေကို တွေ့ရတာများတယ်။ ပူတဲ့ ခင်ပွန်းနဲ့ပူတဲ့ဇနီးသည်တွေကတော့အမြဲတမ်း နောင်ချိန်ပလေးရတဲ့ မိသားစုပေါ့၊ နှစ်ဘက်စလုံးက ပူတာကိုး။

အေးတဲ့ခင်ပွန်းနဲ့အေးတဲ့ဇနီးသည်ကတော့ ပူလောင်မှုတွေတော့မရှိပါဘူး၊ ဒါပေမဲ့ အေးချမ်းလွန်းလို့ငြီးငွေ့ဖွယ်ကောင်းလို်က်တာလို့ ပြောတဲ့အသံကိုလည်း ကြားခဲ့ရဖူးတယ်။

တကယ်တော့ ဟိုတုန်းက ကျွန်မကပူတဲ့ထဲမှာ ပါပါတယ်။ဒေါသနဲ့ ပူလောင်တဲ့သဘာဝ ရှိတယ်။ ကိုယ့်ကိုယ်ကိုရော မိသားစုဝင်တွေကိုရော စိတ်တိုင်းမကျခဲ့ရင် မကျေနပ်စိတ်နဲ့ ပူညံ့ညံ့လုပ်ခဲ့ဖူးတယ်။ အဲလိုလုပ်ြ့ပီးတိုင်း ကိုယ့်လုပ်ရပ်အတွက် ပြန်ပြန်ရှက်မိတယ်။

တစ်ခါတစ်ခါ အဆင်မပြေမှုတွေနဲ့ ပြဿနာကြောင့် ပူလောင်နေတဲ့စိတ်နဲ့ ဖြေရှင်းပြီး လောင်မြိုက်နေတဲ့နေ့ရက်များစွာကို ဖြတ်သန်းခဲ့ရတယ်။ ပင်ပန်း ဆင်းရဲလိုက်တာ… သူ့မှာတော့အေးချမ်း လို့ဆိုပြီး မနာလိုလည်း ဖြစ်ခဲ့ပါရတယ်။

တကယ်တမ်း စဉ်းစားကြည့်တော့  ကျွန်မ ပူလောင်နေတဲ့အတွက် ရလဒ်တွေဟာ ပိုကောင်းလာသလား ဆိုတော့မကောင်းပါဘူး၊ ကျွန်မ ပူလောင်နေတဲ့အတွက် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေတောင် ဖြစ်ခဲ့ရသေးတယ်။

ဒါကြောင့် ပြဿနာဖြစ်ရင်တောင် အေးဆေးစွာနဲ့စဉ်းစားတတ်ပြီး တည်ငြိမ်စွာနဲ့ဖြေရှင်းနိုင်တဲ့သူမျိုးပဲ ဖြစ်ချင်လာမိတယ်။ ဒါဆို ဘယ်လိုဆောင်ရွက်ရမလဲလို့ စူးစမ်းကြည့်တဲ့အခါ အေးတဲ့သူတွေက အဲဒီလို လုပ်ဆောင်နိုင်ကြတယ်ဆိုတာလည်း တွေ့မြင်လာရပါတယ်။

ဒါကြောင့်အေးတဲ့ သူ ဖြစ်အောင် ကြိုးစားတည်ဆောက်နေပါတယ်။ အဓိက ကတော့ စိတ်အေးချမ်းဖို့လေ့ကျင့်ခန်းလုပ်ရတာပါပဲ။ ပထမဆုံး စိတ်အေးအေးထားတတ်ဖို့ တရားမှတ်တဲ့အကျင့်လေး လုပ်ရပါတယ်။ဒါမှ ဒေါသ၊ လောဘနဲ့ မောဟ စိတ်တွေကို သိပြီး ထိန်းသိမ်းလာနိုင်ရင် ကိုယ့်စိတ်က အေးချမ်းလာပါတယ်။

အေးချမ်းချင်တဲ့အတွက် ဒေါသထွက်လာပေမဲ့ လျော့ချလိုက်ရတာတွေလည်း အများကြီး၊ချက်ခြင်း တုန့်ပြန်ပြောဆိုလိုက်ချင်ပေမဲက သည်းခံလိုက်လျောရတာတွေလည်း အများကြီးဖြစ်လာတယ်။ နောက်ဆက်တွဲကတော့ ဒေါသနဲ့လောဘ နည်းပါးသွားပါတယ်။ မောဟ ရှိနေပေမဲ့ ပူလောင်မှုပါလားလို့တွေးမိတိုင်း သတိဝင်လာပြီး မောဟကို ထိန်းချုပ်ဖို့ကြိုးစားရပြန်တယ်။ ထိန်းချုပ်လာနိုင်တာနဲ့အမျှ အေးချမ်းလာပါတယ်။

စိတ်အေးချမ်းပြီဆိုရင် လုပ်ရပ်တွေ အပြောအဆိုတွေနဲ့ ဟန်ပန် အမူအရာတွေကစပြီး အေးချမ်းပါတယ်။

ခုတော့ အေးအေးနေတတ်တဲ့အလေ့က ပူလောင်တဲ့သဘောသဘာဝထက်  ပိုကောင်းတယ်လို့နားလည်လာမိတယ်။ ကိုယ့်ကို်ယိကိုလည်း အေးချမ်းစေသလိုပတ်ဝန်းကျင်ကိုလည်း အေးချမ်းစေတာကိုး။
ကျွန်မအနေနဲ့ကတော့ခုချိန်မှာ စိတ်ရော လူပါ အေးချမ်းနဲ့သူပဲ ဖြစ်ချင်မိတယ်။ အေးချမ်းမှု ဆိုတာ လက်ရှိ ဘ၀အတွက်လည်းကောင်းသလို၊ နောင်သံသရာအတွက်လည်း ကောင်းမွန်တယ်လို့ယူဆလက်ခံမိလိုက်ပါပဲ။

မတူတဲ့ အမြင်များရှိရလည်း ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment