Latest News

Sunday, February 12, 2017

ကျောပိုးအိတ် ခရီးသွားအများစု ပုဂံယဉ်ကျေးမှု ဇုန်ဝင်ကြေး ရှောင်လွှဲ

ကျောပိုးအိတ် ခရီးသွားအများစု ပုဂံယဉ်ကျေးမှု ဇုန်ဝင်ကြေး ရှောင်လွှဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်သည့် ကျောပိုးအိတ်ခရီးသွား (တစ်ဦးတည်း ခရီးသွားလာသူ) အများစုသည် ပုဂံယဉ်ကျေးမှု ဒေသသို့ ဝင်ရောက်ရာတွင် ဇုန်ဝင်ကြေး ပေးဆောင်ခြင်း မရှိကြောင်း ဧည့်လမ်းညွှန်များနှင့် ဒေသခံ လုပ်ငန်းရှင်များထံမှ သိသည်။

“ကျောပိုးအိတ်ခရီးသွားတွေက သူတို့အချင်းချင်း ဇုန်ကြေးရှောင်နိုင်တဲ့ လမ်းကြောင်းတွေကို လက်ဆင့်ကမ်း ပြောခဲ့တာတွေ ရှိတယ်။ ဇုန်ကြေးကောက်တာကို စစ်ဆေးတဲ့နေရာတွေမှာလည်း အားနည်းချက် ရှိနေသေးတယ်။ ဒါတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်”ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း အလုပ်အမှုဆောင် တစ်ဦးက ပြောကြားသည်။

ပုဂံယဉ်ကျေးမှုဒေသသို့ ဝင်ရောက်သည့် ပြည်ပနိုင်ငံသား တစ်ဦးလျှင် ဇုန်ဝင်ကြေး ကျပ်နှစ်သောင်းခွဲ ကောက်ခံလျက်ရှိရာ လက်ရှိတွင် ပြည်ပဧည့်သည် ဝင်ရောက်မှုများသည့် ရွှေဆံတော် စေတီတော် အရှေ့ဘက်မုခ်နှင့် ထီးလိုမင်းလိုဘုရား၊ ပြာသာဒ်ကြီးဘုရားတို့တွင်သာ အဓိက ထား စစ်ဆေးနေကြောင်း ဒေသခံ ဧည့်လမ်းညွှန်များ အဆိုအရလည်း သိရသည်။

“ဇုန်ဝင်ကြေး ကောက်တာကိုတော့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ကို လွှဲထားတယ်။ ဝင်လာတဲ့သူတွေကို အဖွဲ့ နှစ်ဖွဲ့နဲ့ အတတ်နိုင်ဆုံး စစ်ဆေးနေပါတယ်။ စစ်ဆေးမှုတွေကို တိုးမြှင့် လုပ်ဆောင်ဖို့ ရှိပါတယ်”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က ပြောကြားသည်။

လေဆိပ်နှင့် သင်္ဘောဆိပ်များမှတစ်ဆင့် ပုဂံယဉ်ကျေးမှု ဒေသသို့ ဝင်ရောက်လာသည့် ပြည်ပဧည့်သည်များကို ဇုန်ဝင်ကြေး တင်းကျပ်စွာ ကောက်ခံနိုင်သော်လည်း ကုန်းလမ်းမှ ဝင်လာသည့်ခရီးသည်များကိုမူ ဇုန်ဝင်ကြေး အပြည့်အဝ ကောက်ခံနိုင်ရန် မလွယ်ကူကြောင်း ပုဂံဒေသတွင် လျှပ်စစ်စက်ဘီး ငှားရမ်းပေးနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

“ပုဂံကိုဝင်တဲ့ ကားတိုင်းမှာ နိုင်ငံ ခြားသားဧည့်သည် ပါတယ်ဆိုတာကို ဇုန်ဝင်ကြေး ကောက်ခံတဲ့အဖွဲ့တွေက မသိနိုင်ဘူး၊ နောက်ပြီး ကားတွေဝင်တဲ့အချိန်မှာ ကားပေါ်က နိုင်ငံခြားသားတွေကို လိုက်ကောက်နိုင်ဖို့ခက်တယ်။ ရှေးဟောင်းအနေနဲ့လည်း ဝန်ထမ်းအင်အား မလုံလောက်တော့ အကန့်အသတ်နဲ့ပဲ ကောက်ခံနိုင်သေးတယ်”ဟု ၎င်းကရှင်းပြသည်။

ပုဂံယဉ်ကျေးမှု ဇုန်ဝင်ကြေး ပေးဆောင်ရာတွင်အသုံးပြုသည့် လက်မှတ်သည် နိုင်ငံခြားသား ဧည့်သည် တစ်ဦးလျှင် ငါးရက်တာ အသုံးပြုခွင့် ရရှိသောကြောင့် ကျောပိုးအိတ် ခရီးသွားများအနေနှင့် တစ်ဦးမှတစ်ဦး လက်ဆင့်ကမ်း အသုံးပြုမှု များရှိနေကြောင်း ရန်ကုန်မြို့ခံ ဧည့်လမ်းညွှန် ဦးသန်းနိုင်က ပြောဆိုသည်။

Sources : The Voice

No comments:

Post a Comment