Latest News

Tuesday, February 14, 2017

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဘူးသီးတောင်အကျဉ်းထောင်သို့သွားရောက်ခဲ့

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဘူးသီးတောင်အကျဉ်းထောင်သို့သွားရောက်ခဲ့



ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များသည် ယနေ့ ဘူးသီးထောင်အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်ခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာ မင်းကြီးရုံးအဖွဲ့၏ အစီရင်ခံနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ရခိုင်ပြည်နယ်သို့ တတိယအကြိမ် ရောက်ရှိလာခြင်းဖြစ်သည်။

ယနေ့ နေ့လည် ၁ နာရီခန့်တွင် စစ်တွေသို့ရောက်ရှိခဲ့ပြီး ရဟတ်ယာဉ်ဖြင့် ကျီးကန်းပြင်၊ ထိုမှတဆင့် ဘူးသီးတောင်အကျဉ်းထောင်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မရှင်အဖွဲ့ ၀င်များသည် ပြည်ထဲရေး ၀န်ကြီးဌာနအောက်ရှိ အကျဉ်း ဦးစီးဌာန ဘူးသီးတောင်အကျဉ်းထောင်သို့ သွားရောက်၍ အကျဉ်း သားများအပေါ် ပြုမူ ဆက်ဆံမှုအား နိုင်ငံတကာ အခြေခံစည်းမျဉ်းများနှင့် ညီညွတ်ခြင်းရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခဲ့သည်ဟု ပြန်ကြားရေးမှ ထုတ်ပြန်သည်။

ဒုသမ္မတက အဆိုပါအကျဉ်းထောင်မှ အချုပ်သားများနှင့်တွေ့ဆုံပြီး အကျဉ်းထောင်အတွင်း နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ၊မိသားစုဝင်များနှင့် တွေ့ဆုံမှုအခြေအနေများကို မေးမြန်းခဲ့ကြောင်း သိရသည်။

ဘူးသီးထောင်အကျဉ်းထောင်မှ လက်ထောက် ညွှန်ကြားရေး မှူး ဦးချမ်းအေးကျော်က အကျဉ်းထောင်ဆိုင်ရာ အချက်အလက်များ ရှင်းလင်းခဲ့ပြီး ခရိုင်ဥပဒေအရာရှိနှင့် မြို့နယ်တရားသူကြီးတို့က တရားခံများအား ရုံးတင် စစ်ဆေးနေမှုအား တင်ပြခဲ့ကြသည်။

ဘူးသီးတောင်အကျဉ်းထောင်တွင် အကျဉ်းသားဝင်ဆန့်နိုင်မှုဦးရေသည် ၁၃၈၈ ဦးဖြစ်ပြီး လက်ရှိ အကျဉ်းထောင် အတွင်းရှိ အကျဉ်းသားအရေအတွက် သည် ၁၂၉၄ ဦးရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်မှ ဖေဖော်ဝါရီပထမပတ်တွင် ဘူးသီးတောင်အကျဉ်းထောင်သို့ လာရောက်စစ်ဆေးစဉ် အကျဉ်းထောင်တွင် အကျဉ်းသားများအား ညှင်းပန်းနှိပ်စက်မှုမရှိကြောင်း၊ သတ်မှတ်ထားသည့် စားသောက်နေထိုင်မှုကို စနစ်တကျဆောင်ရွက်ပေးကြောင်း၊ ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိကြောင်း တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ထို့နောက် ဒုတိယသမ္မတနှင့် ကော်မရှင်အဖွဲ့ဝင်များသည် တရားခံများအား ဥပဒေနှင့် အညီ အမြန်ဆုံး တရားစီရင်နိုင်ရေးတို့အတွက် ထပ်မံ တိုးချဲ့ဆောင်ရွက်မည့် တရားခွင် အဆောက်အဦ နေရာများသို့ သွားရောက်ကြည့် ရှုစစ်ဆေးခဲ့သည်။



Mizzima - News in Burmese

No comments:

Post a Comment