၂၀၁၆-၂၀၁၇ ပညာသင်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့် စာမေးပွဲ စစ်ဆေးမှုများ ပြီးဆုံး
၂၀၁၆-၂၀၁၇ ပညာသင်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့် စစ်ဆေးသည့် အခြေခံပညာအလယ်တန်း (အဋ္ဌမတန်း) နှင့် အခြေခံပညာမူလတန်း (စတုတ္ထတန်း) စာမေးပွဲများနှင့် အခြေခံပညာ စာမေးပွဲများအားလုံး တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ဆေးမှုများ ပြီးဆုံးခဲ့သည်။
စာမေးပွဲမေးခွန်းများတွင်လည်း ဥာဏ်စမ်းမေးခွန်းများ အနည်းငယ်သာ ပါဝင်ခဲ့သော်လည်း မေးခွန်းမှားယွင်းခြင်းများ မရှိသကဲ့သို့ မေးခွန်းပေါက်ကြားမှုများလည်း မရှိခဲ့ကြောင်း ပညာရေး အသိုင်းအ၀ိုင်းမှ သိရသည်။
“စာမေးပွဲမေးခွန်း မမှားတာတို့၊ မေးခွန်းပေါက်ကြားမှု မရှိတာတို့ ဆိုတာတွေက စနစ်တကျ ကြပ်မတ်ဆောင်ရွက်မှုရှိလို့ပါ။ တကယ်တော့ မေးခွန်းဘဏ်တို့ ဘာတို့ဆိုတာက မရောင်ရာဆီလူးနေကြတာပါ။ အဓိကမှာတော့ ဆရာ၊ ဆရာမဆိုတာ စီမံခန့်ခွဲမှုမှန်ရင် အားလုံးလိုက်နာဆောင်ရွက်ကြတယ် ဆိုတာကို အထင်အရှား လက်တွေ့ပြလိုက်နိုင်တာ ဖြစ်ပါတယ်” ဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးငွေတိုးက ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့် စာမေးပွဲများ စစ်ဆေးရာတွင် စတုတ္ထတန်းစာမေးပွဲကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် မြန်မာစာ၊ ၂၃ ရက်တွင် အင်္ဂလိပ်စာ၊ ၂၄ ရက်တွင် သချာင်္၊ ၂၅ ရက်တွင် အခြေခံသိပ္ပံ၊ ၂၇ရက်တွင် လူမှုရေးစသည့် ဘာသာရပ်များအား နံနက် ၉ နာရီမှ နံနက် ၁၀ နာရီခွဲအထိလည်းကောင်း၊ အဋ္ဌမတန်း စာမေးပွဲကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် မြန်မာစာ၊ ၂၃ ရက်တွင် အင်္ဂလိပ်စာ၊ ၂၄ ရက်တွင် သင်္ချာ၊ ၂၅ ရက်တွင် ပထ၀ီဝင်၊ ၂၇ ရက်တွင် လူမှုရေးနှင့် ၂၈ ရက်တွင် အထွေထွေသိပ္ပံ စသည့်ဘာသာရပ်များအား နံနက် ၉ နာရီမှ နံနက် ၁၁ နာရီအထိလည်းကောင်း စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“ဒီနှစ် စာမေးပွဲမေးခွန်းတွေက Save ဖြစ်တယ်။ မေးခွန်းတွေလည်း မမှားဘူး။ မေးခွန်းပေါက်ကြားတာမျိုးတွေလည်း မရှိခဲ့ဘူး။ အပြင်ကနေ ဖောက်မေးတဲ့ ဥာဏ်စမ်းအနေနဲ့ပါတာမျိုး မရှိပါဘူး။ မေးခွန်းဟောင်းတွေကို လေ့လာထားတဲ့သူတွေကတော့ မေးခွန်းဟောင်းတွေထဲက ပါတာမျိုးတွေရှိတယ်။ မေးခွန်းမှားတာမျိုးတွေတော့ မရှိပါဘူး။ သေသေချာချာ လေ့လာကျက်မှတ်ထားတဲ့ ကလေးကတော့ ဖြေနိုင်မှာပါပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အတွင်းရှိ အမှတ် (၃)၊ အခြေခံပညာ အထက်တန်းကျောင်း၌ အဋ္ဌမတန်း စာမေးပွဲဖြေဆိုသူ ကျောင်းသားတစ်ဦး၏မိခင် ဒေါ်သီတာအောင်က ဆိုသည်။
အခြေခံပညာကဏ္ဍ ကျောင်းတွင်းစစ်စာမေးပွဲများကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ဖေဖော်ဝါရီ ၁၄ ရက်၌ စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ကျင်းပသည့် တက္ကသိုလ်ဝင် စာမေးပွဲကို ၂၀၁၇ ခုနှစ် မတ် ၈ ရက်မှ မတ် ၁၇ ရက်အတွင်း ပြုလုပ်မည်ဖြစ်သည်။
အေးပပ
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment