Latest News

Tuesday, February 28, 2017

ကင်ဂျုံနန်ကို လုပ်ကြံမှုနှင့် ပတ်သက်၍ အမျိုးသမီး နှစ်ဦးအား မလေးရှားက တရားစွဲဆိုမည်

ကင်ဂျုံနန်ကို လုပ်ကြံမှုနှင့် ပတ်သက်၍ အမျိုးသမီး နှစ်ဦးအား မလေးရှားက တရားစွဲဆိုမည်


ကွာလာလမ်ပူ လေဆိပ်တွင် သေစေနိုင်လောက်အောင် အာရုံကြောကို ထိခိုက်စေသည့် အဆိပ်ကို အသုံးပြုကာ ကင်ဂျုံနန်အား လုပ်ကြံခဲ့မှုနှင့် ပတ်သက်၍ အမျိုးသမီးနှစ်ဦးကို တရားစွဲဆိုမည်ဖြစ်ကြောင်း မလေးရှား အစိုးရ ရှေ့နေချုပ်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

“သူတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) အရ တရားရုံးမှာ တရားစွဲဆိုပါမယ်” ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အဖေတူ အမေကွဲ အစ်ကို အသတ်ခံခဲ့ရပြီးနောက် သီတင်းနှစ်ပတ် အကြာတွင် အစိုးရရှေ့နေချုပ် မိုဟာမက်အပန် ဒီအလီက ပြောကြားခဲ့သည်။

လူသတ်မှုအတွက် မသင်္ကာသူများဖြစ်သော အင်ဒိုနီးရှား နိုင်ငံသူ တစ်ဦးနှင့် ဗီယက်နမ်နိုင်ငံသူ တစ်ဦးတို့ကို မတ် ၁ ရက်တွင် ရုံးတင်စစ်ဆေးမည်ဖြစ်သည်။ အပြစ်ရှိပါက ကြိုးပေးကွပ်မျက်ခြင်း ခံရမည်ဖြစ်သည်။

အပြင်သို့ ပျံ့နှံ့လာသော စီစီတီဗွီ ပြကွက်များအရ လေဆိပ်ခန်းမဆောင်-၂ တွင် အဆိုပါ အမျိုးသမီးနှစ်ဦးသည် ကင်ဂျုံ နန်၏ မျက်နှာကို တစ်စုံတစ်ရာဖြင့် ထိကပ်လိုက်ပုံရကြောင်း တွေ့ရှိရသည်။ အသက် ၄၅ နှစ်အရွယ်ရှိ ကင်ဂျုံနန်သည် တက်ချက်သွားပြီးနောက် ဆေးရုံမရောက်မီ သေဆုံးခဲ့သည်။ အမျိုးသမီး နှစ်ဦးစလုံးက သူတို့သည် ရယ်ရွှင်ဖွယ် ဗီဒီယိုတစ်ခု ရိုက်ကူးရာတွင် ပါဝင်ခဲ့ရခြင်း ဖြစ်သည်ဟုသာ ထင်မိခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့ကြသည်။

အင်ဒိုနီးရှားနိုင်ငံသူ စီတီအီစီယာ (၂၅ နှစ်) က သူသည် ယင်းကဲ့သို့ လုပ်ဆောင်ပေးခဲ့ရမှုအတွက် ရင်းဂစ် ၄၀၀ (အမေရိကန်ဒေါ်လာ ၉၀) သာ ရရှိခဲ့ကြောင်းနှင့် ရယ်ရွှင်ဖွယ် ဗီဒီယိုတစ်ခု၌ ပါဝင်ရခြင်းဟုသာ ထင်ခဲ့ကြောင်း အကြီးတန်း သံတမန် တစ်ဦးအား ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ သူသည် ကလေးများကို လိမ်းပေးလေ့ရှိသည့် ဆီတစ်မျိုးကဲ့သို့သော အရည်ကို ကိုင်တွယ်ခဲ့ရသည်ဟုသာ ယုံကြည်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံသူ ဒွာသီဟူဟောင် (၂၈ နှစ်) က ဗီယက်နမ်မှ တာဝန်ရှိသူများကို ပြောကြားရာတွင်လည်း ကင်ဂျုံနန်အား သတ်ဖြတ်ခဲ့မှု၌ သူသည် လှည့်စားခံရခြင်း ဖြစ်ပြီး ရယ်ရွှင်ဖွယ် ဗီဒီယို တစ်ခု၌ ပါဝင်ရသည်ဟုသာ ထင်မိခဲ့သည်ဟု ဆိုသည်။

တတိယမြောက် မသင်္ကာသူဖြစ်သော မြောက်ကိုရီးယားနိုင်ငံသား ရီဂျုံချူး (၄၆ နှစ်) ကိုလည်း အတင့်ရဲလှသည့် ဖေဖော်ဝါရီ ၁၃ ရက် တိုက်ခိုက်မှုပြီးနောက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သို့သော် အပန်ဒီက ထိုသူအား တရားစွဲဆိုခြင်း ပြုမပြုဟူသည်ကို ထည့်သွင်း ပြောကြားသွားခြင်း မရှိပေ။

မြောက်ကိုရီးယားက သေဆုံးသူကို မည်သူမည်ဝါဖြစ်ကြောင်း အသိအမှတ်ပြု ဖော်ပြခြင်း မရှိသော်လည်း မလေးရှားနိုင်ငံ အနေဖြင့် အလောင်းကို လွှဲပြောင်းပေးရမည် ဖြစ်ပြီး အလောင်းကို ခွဲစိတ်စစ်ဆေးရာမှ ရရှိသည့် မည်သည့်တွေ့ရှိချက်များကိုမျှ လက်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားက လူသတ်မှုနှင့် ပတ်သက်၍ မလေးရှား၏ စုံစမ်းစစ်ဆေးမှုများကို အကြိမ်ကြိမ် ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး မလေးရှားနိုင်ငံသားများသည် နိုင်ငံရေး ကစားနေသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

မလေးရှား၏ မြောက်ကိုရီးယားနှင့် နွေးထွေးသော ဆက်ဆံရေးသည်လည်း ယခု ကိစ္စကြောင့် လုံးဝ ပျက်စီးသွားခဲ့သည်။

Ref: AFP

Eleven Media Group

No comments:

Post a Comment