Latest News

Saturday, February 18, 2017

ဒူတာတီကို ပြစ်တင်ဝေဖန်သူ မူးယစ်ဆေးအမှုနဲ့ စွဲချက်တင်ခံရ

ဒူတာတီကို ပြစ်တင်ဝေဖန်သူ မူးယစ်ဆေးအမှုနဲ့ စွဲချက်တင်ခံရ

ဖေဖော်ဝါရီ ၁၈ – ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂိုဒူတာတီရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲကို ပြစ်တင်ဝေဖန်သူ အထက်လွှတ်တော်အမတ်တစ်ဦးကို အစိုးရရှေ့နေတွေက မူးယစ်ဆေးအမှုနဲ့စွဲချက်တင်ထားတယ်လို့ သိရပါတယ်။ လွှတ်တော်အမတ် လိုင်လာဒီလီမာ ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မူးယစ်ရာဇာတွေဆီက ငွေလက်ခံရယူ ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ သူကတော့ သည်စွဲချက်တွေကိုငြင်းဆိုခဲ့ပြီး ဒါဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့စွပ်စွဲတာလို့ ဆိုပါတယ်။ အရင်သမ္မတ ဘီနစ်နိုအကွီနို လက်ထက်က တရားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒီလီမာ ဟာ ဒူတာတီရဲ့နှိမ်နင်းဖြိုခွင်းမှုကို အကြီးအကျယ်ပြစ်တင်ဝေဖန်သူတွေထဲမှာ ပါဝင်ပါတယ်။

လူ့အခွင့်အရေးကော်မရှင်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရာဇဝတ်မှုပပျောက်ရေး လှုပ်ရှားမှုအတွင်း အကြောင်းရင်းမပေါ်ဘဲလူသေဆုံးမှုတွေနဲ့ပတ်သက်ပြီး ဒါဗောင်မြို့တော်ဝန် ဒူတာတီကို သူ စစ်ဆေးခဲ့ရဖူး ပါတယ်။ အခုတော့ သူက အကျဉ်းကျ မူးယစ်ရာဇာတွေဆီက လာဘ်ငွေရယူခဲ့ပြီး ရာဇဝတ်သားတစ်ဦးကို ထောင်တွင်း မူးယစ်ဆေးအရောင်းအဝယ်လုပ်ခွင့်ရစေခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ဒီလီမာ ၊ သူ့ရဲ့ယာဉ်မောင်းနဲ့ တခြားလူအတော်များများကို စွဲချက်သုံးခုနဲ့စွဲဆိုထားတာဖြစ်တယ်လို့ တရားရေးဝန်ကြီး ဗိုက်တလီယာနို အဂွီရီ ကပြောပါတယ်။ “ကျွန်မရဲ့လွတ်လပ်ခွင့်ဆုံးရှုံးရမှုက ဒူတာတီအစိုးရရဲ့ရက်ရက်စက်စက်သတ်ဖြတ်မှုကို ဆန့်ကျင်ရပ်တည်ခဲ့တဲ့ အတွက်ပေးဆပ်ရတဲ့တန်ဖိုးဆိုရင် ကျွန်မကိုယ်တိုင်ကျေကျေနပ်နပ်ပေးဆပ်ချင်တဲ့ အရာပါပဲ။ ဒါပေမယ့် ကျွန်မ တိုက်ပွဲဝင်နေတာတွေ ရပ်တန့်သွားမယ်လို့ သူတို့ထင်ရင်မှားသွားလိမ့်မယ်။ ဒါအခုမှ အစပဲရှိသေးတယ်” လို့ ဒီလီမာ ကပြောကြားခဲ့ပါတယ်။

 YSD

Ref: BBC, Feb- 17, 2017

Kumudra

No comments:

Post a Comment